၂၀၂၁ နောက်ပိုင်း မန္တလေးမှာ ရွှေဆိုင်ဓားပြတိုက်ခံရမှု ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့



မန္တလေး၊ ဒီဇင်ဘာ ၂၇-၂၀၂၄
Voice Of Myanmar(VOM)

မန္တလေးမြို့မှာ ၂၀၂၁ခုနှစ် နိုင်ငံ ရေးဖြစ်စဉ်‌ တွေ ပြောင်းလဲပြီးနောက်ပိုင်း ရွှေဆိုင် ဓားပြတိုက်ခံရမှု (၁၅)ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ မန္တလေးမြို့ခံနဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဖြစ်စဉ်တွေကတော့ ၂၀၂၁ခုနှစ် အောက်တိုဘာ ၁၇ရက် နေ့က ၆၂လမ်းနဲ့ ၁၃၄လမ်းထောင့်က မောသစ်ရွှေဆိုင် ဆိုင်ခွဲ(၁)မှာ ရွှေသား သိန်း ၁၁၈၀ ခန့် ဓားပြတိုက်ခံခဲ့ရပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ အမျိုးသမီး သေနတ်နဲ့ပစ်ခံရလို့ ဒဏ်ရာရရရှိခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင် ၂၄ ရက် မနက် ၁၀ နာရီမှာ နွားထိုးကြီးမြို့၊ ရွှေလွန်းနဒီရွှေဆိုင်ကို အမည်အသိ အမျိုးသားနှစ်ဦး ဆိုင်ကယ်နဲ့ ရောက်လာပြီး ရွှေဝယ်ဟန် ဆောင်ကာ သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်ခဲ့တာကြောင့် ၁၀ သိန်းဖိုးလောက် ပါသွားတယ်လို့သိရပါတယ်။ အဲ့ဒီနောက်၂၀၂၄ ခုနှစ်ဇန်နဝါရီလ ၁၉ ရက် ည ၉ နာရီ မိနစ် ၃၀ ခန့်က နွားထိုးကြီးမြို့၊ ရွှေလွန်းနဒီရွှေဆိုင်ပိုင်ရှင် နေထိုင်တဲ့ ငွေဇင်ဦးဆီစက်မှာလည်း ဒုတိယအကြိမ် ဓားပြတိုက်မှုဖြစ်ပွားခဲ့ပါသေးတယ်။

၂၀၂၂ခုနှစ်၊ ဇူလိုင် ၂၄ရက်ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၅လမ်း ၅၈နဲ့၅၉လမ်းကြားက မောသစ်ရွှေဆိုင်မှာ သေနတ်နဲ့ပစ်ခတ်ပြီး ရွှေသား သိန်း၂ထောင်ခန့်တန်ဖိုးနဲ့ ငွေကျပ် သိန်း ၆၀ခန့် ဓားပြတိုက်ခံခဲ့ရပါတယ်။
အဲ့ဒီဖြစ်စဉ်မှာ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ရွှေဆိုင်လုံခြုံရေး၀န်ထမ်း အသက် ၄၀အရွယ် အမျိုးသားတဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့ခံတဦးကတော့ ” ဖြစ်စဉ်တွေက များနေတော့ ဓားပြတိုက်ခံရချိန် စိုးရိမ်မှုကတော့ လူတိုင်းရှိမှာပဲ၊ တခြား ရွှေဆိုင်ရှင် တွေလည်း လန့် နေမှာပဲ၊ အခုဖြစ်တာတွေက သေနတ်ပြပြီး လုပ်နေတော့ အကုန် ကြောက်ကြတာပေါ့၊ တိုက်တဲ့သူတွေကလည်း ကလေးကစားသလိုကို လုပ်နေကြသလိုပဲ၊ လုံခြုံရေးပိုင်းက ကိုယ်တိုင်ရော သက်ဆိုင်ရာကပါ သေသေချာချာလုပ်မှ ရမှာပဲ၊ မလုပ်ရင် ဒီကိစ္စက ထပ်ဖြစ်နမှာပဲ”လို့ သူရဲ့ထင်မြင်ချက်ကို ပြောပါတယ်။

၂၀၂၁ ၊ ဧပြီ ၁၉ရက်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)စျေးရှေ့က ထိပ်တန်း ရတနာရွှေဆိုင် သိန်း(၂၇၀၀)တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံခဲ့ရပါတယ်။

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်ရှိ “ ဝိန့်လီ ” ရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်ကလည်းမန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်၊ နာရီစင်အနီးရှိ အောင်သပြေရွှေဆိုင်မှာ သေနတ်ပစ်ဖောက်ပြီး ရွှေထည်ပစ္စည်းမျိုးစုံ ကာလတန်ဖိုးငွေ သိန်း ၁၅၀၀ ခန့် ဓားပြတိုက်ခံခဲ့ရပါတယ်။

၂၀၂၃ခုနှစ် မတ်လ ၂၇ ရက်ကလည်း မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅ အေ လမ်း၊ ၃၁×၃၂ လမ်းကြားရှိ စိန်ကျော်မိုး ရွှေသန့်စင်ရောင်းဝယ်ရေးဆိုင် သေနတ်ပစ်ဖောက်ပြီး သိန်း ၁ ထောင်ကျော် ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၉ ရက်မှာလည်း ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ စက်မှုစျေးအနီးရှိ ထိပ်တန်းရွှေဆိုင်မှာ ‌‌‌‌‌‌‌‌‌‌သေနတ်ပြခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းမျိုးစုံ ကာလတန်ဖိုး ကျပ်သိန်း ၂၇၀၀ ခန့် ဓားပြတိုက်ခံခဲ့ရပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်တွင်လည်း မန္တလေး မြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း ၄၁ နှင့် ၄၂ လမ်းကြားရှိ “ပေါ်ဦး “ရွှေဆိုင်ကို ဓားပြတိုက်သောကြောင့် ရွှေထည်ပစ္စည်းမျိုးစုံ သိန်း(၁)ထောင်ကျော် ဆုံးရှုံးမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၇၂နဲ့ ၇၃ လမ်းကြားရှိ ‘အောင်’ရွှေဆိုင်မှာ သိန်းပေါင်း (၁၁၀၀၀)ကျော် ဓားပြတိုက်ခံခဲ့ရပါတယ်။

၂၀၂၄၊ ဇန်နဝါရီ ၁၉ ရက်က မန္တလေးမြို့၊ မဟာအာင်မြေမြို့နယ်၊ ၃၉ လမ်း၊ ၈၄နဲ့ ၈၅ လမ်းကြားရှိ ဆယ်သန်း ရွှေဆိုင်မှာ သိန်း ၆၀၀၀ ကျော် ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံခဲ့ရပါတယ်

ဒါ့အပြင်၂၀၂၄၊ မေ ၃၁ ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန်းမြို့ဈေးအတွင်းရှိ ဆယ်သန်းရွှေဆိုင်မှာ သေနတ်ပစ်ဖောက်ပြီး ရွှေ ၂ပိဿာခန့် ဓားပြတိုက်ခံခဲ့ရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

၂၀၂၄၊ စက်တင်ဘာ ၁၀ ရက်က မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၁ လမ်းနဲ့ ၁၀၁(B)လမ်းထောင့်နေ ချောင်ချောင် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူရဲ့ နေအိမ်မှာ မြို့ထဲကို ရွှေဆိုင်သွားဖွင့်ဖို့ ပြင်နေချိန် အမျိုးသား (၇) ဦးက သေနတ်တွေကိုင်ဆောင်ကာ ရောက်ရှိလာပြီး ရွှေ (၁၀)ပိဿာကျော်နဲ့ ကျပ်သိန်း (၁၀၀၀)ခန့်တို့ ဓားပြတိုက်ခံရတာ ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၄၊ ဒီဇင်ဘာ ၁၈ ရက်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ မြောက် ရပ်ကွက်၊ ၇၇လမ်း ၃၆-၃၇လမ်းကြားရှိ ရွှေစင်အကယ်ဒမီ ရွှေဆိုင်မှာ ရွှေ ၄ ပိဿာခန့် ဓားပြတိုက်ခံခဲ့ရပါတယ်။

မနေ့ ၂၀၂၄ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇လမ်း ၃၂ နဲ့ ၃၃လမ်းကြားရှိ နဂါးနန်းတော် ရွှေဆိုင်မှာ ရွှေ ၁ ပိဿာ‌ ကျော် ဓားပြတိုက်ခံခဲ့ရပါတယ်။
အဲ့ဒီ နဂါးနန်းတော် ရွှေဆိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာလည်း အမျိုးသားတဦးက ဓားပြတိုက်ဖို့ လာခဲ့ချိန် ဖမ်းဆီးရမိခဲ့တယ်လို့လည်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

အထက်ပါဖြစ်စဉ် တွေထဲက အချို့ဓားပြမှု တွေကတော့ တရားခံဖမ်းဆီးရမိတာ ရှိခဲ့ပြီး အချို့က‌ တော့ လက်ရှိအချိန်ထိ တရားခံမပေါ်သေးဘူးလို့လည်း မြို့ခံတွေနဲ့ သတင်းမှတ်တမ်း တွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW