ပြည်ပရောက် အလုပ်သမားတွေရဲ့ လစာငွေလွှဲစာရင်း မပြနိုင်တဲ့ အေဂျင်စီတွေကို လုပ်ငန်း ယာယီ ဆိုင်းငံ့မယ်

 

ဩဂုတ် ၉ – ၂၀၂၄
SN (VOM)

ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုဆီလွှဲပို့တဲ့ လစာငွေလွှဲစာရင်း တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီတွေကို အခု ဩဂုတ်လမှစတင်ကာ လုပ်ငန်းစဉ်တွေ ယာယီ ဆိုင်းငံ့သွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။

အေဂျင်စီတွေအနေနဲ့ မိမိတို့စေလွှတ်တဲ့ အလုပ်သမားတယောက်ချင်းစီရဲ့ မိသားစုဆီ ငွေလွှဲပို့ထားမှု အခြေအနေတွေကို နိုင်ငံအလိုက် အသေးစိတ် ပြုစုတင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

“အလုပ်သမားတွေက လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်တွေကနေ သူတို့မိသားစုဆီ လွှဲပို့ထားကြောင်း အထောက်အထားတွေကို တောင်းခိုင်းနေတာပါ။ အေဂျင်စီတွေ အကုန်လုံးကိုလည်း ဝန်ကြီးဌာနက စာပို့ထားတယ်။ ဒါပေမယ့် စာရင်းတောင်းဖို့ ဆိုတာက သူတို့ပြောသလောက် မလွယ်ဘူး။ ပြည်ပကို ရောက်သွားတဲ့ အလုပ်သမားတွေက သူ့ပိုက်ဆံ သူ့သဘောနဲ့သူ သုံးကြမှာပဲလေ။ အဲဒါကို ကြားထဲက လိုက်ပြောပေး၊ စာရင်းလိုက်ကောက်ရတာ လွယ်တာမှမဟုတ်ဘဲ။ ဒီကိစ္စကို အေဂျင်စီတွေလည်း အတော်ခေါင်းခဲနေကြတယ်” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ဝန်ကြီးဌာနရဲ့ ပေးပို့စာအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ စေလွှတ်ထားတဲ့ လုပ်သားတွေရဲ့ ငွေလွှဲစာရင်းတွေ တင်ပြရမှာဖြစ်ပြီး လစဉ် ၅ ရက်နေ့မတိုင်ခင် ပေးပို့ရမယ်လို့ ပါရှိပါတယ်။

အချိန်မီ တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီတွေကို စေလွှတ်ရေးလုပ်ငန်းစဉ်တွေ ယာယီဆိုင်းငံ့မှာဖြစ်သလို ဒဏ်ကြေးငွေတွေ ကောက်ခံသွားမယ်လို့ ဝန်ကြီးဌာနက အသိပေးထားပါတယ်။

“ဟိုဘက်ရောက်သွားတာနဲ့ အားလုံးက သူ့သဘောသူဆောင်ကြမှာ။ ကိုယ်က ဒီကနေ လှမ်းဆက်သွယ်လို့ ရချင်မှလည်းရတော့မှာ။ သူတို့မှ မပေးတဲ့ဟာကို ဘယ်လိုလုပ် ကျွန်တော်တို့ အေဂျင်စီတွေက ဘယ်စာရင်းကို ပြန်တင်ပြနိုင်မှာလဲ။ ထိုင်းဆိုရင် ဟွန်ဒီတွေကနေပဲ ပြန်ပို့ကြတာ။ တရားဝင် ဘဏ်လမ်းကြောင်းကနေ လွှဲမယ်ဆိုရင် အပြင်ပေါက်ဈေးနဲ့ ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့ ကွာနေတော့ ဘဏ်တွေကနေ ဘယ်သူမှ မလွှဲချင်ကြဘူး” လို့ နောက်ထပ် အေဂျင်စီလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီနဲ့ အလုပ်သမားကြားမှာ ချုပ်ဆိုရမယ့် စံစာချုပ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ စတင် အ‌ကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစာချုပ်အရ သက်ဆိုင်ရာ အေဂျင်စီတွေအနေနဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ၎င်းတို့စေလွှတ်ထားတဲ့ အလုပ်သမားတွေရဲ့ မိသားစုဆီ လွှဲပို့ငွေစာရင်းကိုပြုစုပြီး Microsoft excel soft copy ကို ငွေလွှဲပေးပို့တဲ့ အထောက်အထားတွေနဲ့ ပူးတွဲကာ လစဥ် လဆန်း ၅ ရက်ထက် နောက်မကျဘဲ ပေးပို့သွားရမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီထဲကမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ အလုပ်သမား အယောက် ၅၀ နဲ့အထက် စေလွှတ်ခဲ့တဲ့ အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေရဲ့ တရားဝင်လွှဲပို့ငွေစာရင်း အထောက်အထား တင်ပြပေးဖို့ အလုပ်သမားဝန်ကြီးဌာနက ထပ်မံညွှန်ကြားလိုက်တာပါ။

ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်တဲ့ အလုပ်သမားစာရင်းတွေအရ လုပ်သား ၅၀ နဲ့အထက် စေလွှတ်ခဲ့တဲ့ အေဂျင်စီတွေကတော့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ အေဂျင်စီ ၆၅ ခု၊ အောက်တိုဘာလအတွင်း အေဂျင်စီ ၇၈ ခု၊ နိုဝင်ဘာလအတွင်း အေဂျင်စီ ၈၃ ခု၊ ဒီဇင်ဘာလအတွင်း အေဂျင်စီ ၅၆ ခု ရှိခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါအပြင် လက်ရှိမှာလည်း အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ခွင့်ပြန်အလုပ်သမားတွေကို အခွန်ဆောင်ထားတဲ့ အထောက်အထား၊ မိသားစုထံ ငွေလွှဲပို့ထားတဲ့ ဘဏ်စလစ်ပြနိုင်မှ ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC) ထုတ်ပေးမယ်လို့ အသိပေး ကြေညာထားပါသေးတယ်။

Photo:CJ

#voiceofmyanmar #VOM #ပြည်ပရောက် #အလုပ်သမား #လစာငွေလွှဲစာရင်း #မတင်ပြ #အေဂျင်စီလုပ်ငန်း #ယာယီဆိုင်းငံ့

Related posts

Leave a Comment

VOM News

FREE
VIEW