စစ်ကိုင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ရှစ်ယောက် သေ၊ အယောက် ၂၀ ထက်မနည်း ဒဏ်ရာရ

ဇွန် ၂၉ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မနေ့ ဇွန် ၂၈ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ရှစ်ယောက် သေဆုံးကာ အယောက် ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းမြို့နယ် (မြောက်ခြမ်း) က တလိုင်း (ထီးလှိုင်) ကျေးရွာ အရှေ့ဖျားမှာ မနေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်ဝန်းကျင်နဲ့ ၂ နာရီ ၁၇ မိနစ်ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံး၊ ဒဏ်ရာရမှုအပြင် နေအိမ် ငါးလုံးလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“လေကြောင်းတိုက်ခိုက်တာအပြင် လေယာဉ်ပေါ်ကနေ စက်သေနတ် (ရော့ကတ်) တွေနဲ့ပါ ပစ်သွားတာ။ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း ငါးယောက်က ပြင်းထန်အဆင့် ဖြစ်တယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်။ မနေ့ နေ့လယ်ပိုင်း၊ လေကြောင်းတိုက်ခိုက်မှုက နှစ်နေရာဖြစ်ခဲ့တာ။ စစ်ကိုင်းမှာ လေကြောင်းတိုက်ခိုက်မှု မဖြစ်ခင်၊ နေ့လယ် ၁၂ နာရီလောက်က စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်အစပ်က အမှတ် (၃) ခရိုင်ချင်းဆက်လမ်းဆုံမှာလည်း လေကြောင်း တကြိမ် ဖြစ်သေးတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ ပေါက္ကံ – ရှိန်းမကားလမ်း၊ ပေါက္ကံဘူတာအနီးက ညောင်ပင်ကြီးတောကျေးရွာ (တောင်ပိုင်း) မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးကာ ဒဏ်ရာရသူ တချို့လည်းရှိခဲ့ပြီး နွားနှစ်ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဇွန် ၁၆ ရက်နေ့ကလည်း ဝက်လက်နယ် (တောင်ခြမ်း)၊ ဝက်လူးအိုင်ရွာမှာ ဒရုန်း ငါးစင်း ကျရောက်ပေါက်ကွဲမှုကြောင့် တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းအတွင်းက စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး၊ မင်းကင်း၊ ဘုတလင်နဲ့ ကနီမြို့နယ်တို့မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေသလို အိန္ဒိယကုန်သွယ်ရေးလမ်း ပြန်ပွင့်နိုင်ဖို့အတွက်ကိုလည်း အစိုးရတပ်က ဇွန်လဆန်းကတည်းက မုံရွာ – ယာကြီး – ကလေးဝလမ်းပိုင်းမှာ အင်အား အများအပြားနဲ့ စစ်ဆင်ရေး ဖော်ဆောင်နေတယ်လို့ သိရပါတယ်။
အစိုးရတပ်ဟာ ယင်းမာပင်၊ ပုလဲဒေသကို အခြေပြုပြီး ဇွန် ၂ ရက်မှစတင်ကာ လမ်းတလျှောက် ထိုးစစ်ဆင်လာခြင်းဖြစ်ကာ တိုက်ပွဲအတွင်း ကျေးရွာ၊ နေအိမ် ပျက်စီးမှုတွေ၊ လူသေဆုံးမှုတွေလည်း ရှိနေပြီး ကျေးရွာပေါင်း ၅၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေလည်း စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေဟာ ကလေး – တမူး လမ်းမကြီးကို အလုံးစုံထိန်းချုပ်ဖို့အတွက် လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ မြေပြင်မှာလည်း အင်အားအများအပြားနဲ့ စစ်ကြောင်း နှစ်ကြောင်းခွဲကာ တိုက်ခိုက်နေတဲ့အပြင် မုံရွာ – ကနီ – ချောင်းမ – ယာကြီး – မင်းကင်း – ကလေးဝလမ်းပိုင်း၊ စိုးမိုးနိုင်ဖို့အတွက်ကိုလည်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ တပ်ကူအင်အား အများအပြားစေလွှတ်ကာ ထိုးစစ်အရှိန် မြှင့်နေတယ်လို့ သိရပါတယ်။
အစိုးရအနေနဲ့ ကလေး၀ – မုံရွာလမ်းပိုင်းတခုလုံးကို အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ အသိပေးထားပြီး လက်ရှိမှာ အစိုးရတပ်တွေဟာ ဆက်သွယ်ရေးအရ အရေးပါတဲ့ ချောင်းမရွာအထိ ရောက်ရှိ၊ တပ်စွဲထားတဲ့အတွက် လမ်းပိုင်းထက်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW