တာချီလိတ်မှာ လက်ဖက်ရည်ဆိုင်နဲ့ ဘီယာဆိုင်တွေ ​ပျောက်လုနီးကာ ကထွမ့်ဆိုင်တွေ လွှမ်းမိုးလာ

VOM၊ ဇွန် ၂၉-၂၀၂၆
Shy V(VOM)
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ကထွမ့် (Kratom)/ဘိန်းစာရွက် ဆိုင်တွေ အရှိန်အဟုန်နဲ့ တိုးပွားလာ လွှမ်းမိုးလာပြီး သာမန်လက်ဖက်ရည်ဆိုင်နဲ့ ဘီယာဆိုင်တွေ အရေအတွက် သိသိသာသာ လျော့ကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာချီလိတ်မှာ လက်ရှိ ကထွမ့်ဆိုင် အရေအတွက် ၃၀၀ ကျော်လောက်အထိ ရှိလာနိုင်ပြီး အဲဒီထဲက ဆိုင်ကြီးတွေဟာ စားပွဲဝိုင်း ၅၀ ဝန်းကျင်နဲ့ ဖွင့်လှစ်ထားတာတွေ မနည်းဘူးလို့ မြို့ခံတဦးက VOM ကို ပြောပါတယ်။
“အခုက တာချီလိတ်မှာ ကထွမ့်ဆိုင်က ၃၀၀ ကျော်လောက်ရှိမယ်။ ဆိုင်အကြီးကြီးတွေ အများကြီးပဲ။ စားပွဲဝိုင်း ၅၀ လောက်ရှိတဲ့ ဆိုင်ဆိုတာ ၂၀၊ ၃၀ မကဘူး။ ဝိုင်းတိုင်း လူလေးငါးယောက်လောက် အပြည့်ပဲ။ ၂၄ နာရီနီးပါး ဖွင့်ထားပြီး မီးတွေ ထိန်ထိန်လင်းနေတာ။” လို့ သူက ပြောပါတယ်။
လက်ရှိ တာချီလိတ်မှာ ကထွမ့် ပေါ်တင်ရောင်းတာတွေ ကြော်ငြာထားတာတွေ ရှိနေပြီး တခြားနယ်တွေမှာတော့ ကထွမ့်ကို ခိုးရောင်းတာမျိုးသာရှိပြီး လားရှိုး၊ မူဆယ်တို့မှာလည်း ရှိတယ်လို့ သူက ပြောပါတယ်။
မြို့မှာ ကထွမ့်ဆိုင်တွေ များလာတာနဲ့အမျှ အရင်က လူစည်ကားခဲ့တဲ့ လက်ဖက်ရည်ဆိုင်နဲ့ စီဘီယာဆိုင်တွေ စီးပွားရေးကျဆင်းလာပြီး ကထွမ့်မရောင်းတဲ့ ဆိုင်တွေတောင် ရပ်နားရတဲ့အထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။
“ကျနော် တာချီလိတ်ကို စရောက်တုန်းက ကထွမ့်ဆိုင် တစ်ဆိုင်၊ နှစ်ဆိုင်လောက်ပဲ ရှိတယ်။ နောက်ပိုင်း တဖြည်းဖြည်း ဘီယာဆိုင်တွေ ပျောက်၊ လက်ဖက်ရည်ဆိုင်တွေလည်း ပျောက်လာတယ်။ မပျောက်ချင်ရင် ကထွမ့်နဲ့ တွဲရောင်းရတဲ့ အခြေအနေဖြစ်လာတယ်။ မတွဲရင် မရောင်းရတော့ဘူး။” လို့ သူက ရှင်းပြပါတယ်။
အရင်တုန်းက ညဘက်စီးပွားရေးကို ဦးဆောင်ခဲ့တဲ့ စီဘီယာဆိုင်တွေဟာ ပြီးခဲ့တဲ့ နှစ်နှစ်နီးပါးအတွင်း သိသိသာသာ ကျဆင်းသွားတယ်လို့ နောက်ထပ်ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“အရင်ကတော့ ဘီယာဆိုင်တွေ အပြိုင်ဖွင့်တယ်။ အဆိုတော်တွေ အပြိုင်ခေါ်တယ်။ အခုတော့ စီဘီယာဆိုင်ဆိုတာ တော်တော်ငုပ်သွားပြီ။ တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ရှိပြီ။ အခု ညဘက် လူစည်တာဆို ကထွမ့်ဆိုင်တွေဖြစ်နေပြီ။” လို့ သူက ပြောပါတယ်။
အဲဒီ ကထွမ့်ရွက်တွေက ထိုင်းနယ်စပ်ဘက်က ဝင်တာဖြစ်ပြီး ကထွမ့်ရွက်ပြုတ်ရေမှာ အဓိက ချောင်းဆိုးပျောက်ဆေး ထည့်တာတွေ့ရပြီး တခြား မူးယစ်ဆေးဝါး အမျိုးမျိုးနဲ့လည်း ပေါင်းစပ် ရောင်းချနိုင်သလို အရောင် အမျိုးမျိုးနဲ့ ဒိန်ချဉ်၊ သရက် စသဖြင့် တခြား အနံ့တွေ မျိုးစုံထည့်ရောင်းတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။
ကထွမ့် (Kratom) ဟာ အရှေ့တောင်အာရှဒေသမှာ ပေါက်ရောက်တဲ့ Mitragyna speciosa အပင်ရဲ့ အရွက်ကို အသုံးပြုထားတဲ့ အရာဖြစ်ပြီး လှုံ့ဆော်မှုနဲ့ အာရုံသက်ရောက်မှုရှိတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၁၉၉၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ကထွမ့်ကို တားမြစ်ထားသော်လည်း နိုင်ငံတောင်ပိုင်းနဲ့ နယ်စပ်ဒေသတချို့မှာ အသုံးပြုမှုနဲ့ ရောင်းဝယ်မှုတွေ ဆက်လက်ရှိနေတယ်လို့ လေ့လာချက်တွေက ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂၀၂၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်အနှံ့ ကထွမ့်ဖျော်ရည် ရောင်းချမှုနဲ့ သောက်သုံးမှု မြန်မြန်ဆန်ဆန် ပျံ့နှံ့လာပြီး တာချီလိတ်ကနေ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ လဲချား၊ ပင်လုံ စတဲ့မြို့တွေထိ ပျံ့နှံ့လာတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေကလည်း ဖော်ပြထားပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW