ဆူးငှက်
ဇာတ်အဖွဲ့ကြီးလေလား..
—————————–
ဤသို့ဖြင့် စာမေးပွဲ ပြီးသည်နှင့် ကျောင်းဆင်းပွဲအတွက် စတင်ပြင်ဆင်ကြပါပြီ။ သင်တန်းခန်းမကြီးထဲမှာ တီးလုံးတိုက် အကတိုက်ကြဖို့ နေရာချထားလိုက်ပါပြီ။ ကျွန်တော်တို့ ဇာတ်အဖွဲ့ကြီး စတင်ဖွဲ့စည်းလိုက်ပါပြီ။ တကယ်တော့ ကျောင်း သင်ခန်းစာတွေ လျွှတ်ချလိုက်ပြီးပါမှ ကိုယ်စီကိုယ်စီ အစွမ်းအစတွေ ထင်ထင်ရှားရှားပေါ်လာကြသည်။ အတော်များများက ဇာတ်ပိုးပါလာကြသူချည်းပဲလေ။ သင်တန်းသူထဲတွင် စဉ့်ကိုင်သူ၊ အမရပူရသူ၊ မတ္တရာသူ၊ ပျော်ဘွယ်သူ ၄ယောက်က အတော်တတ်ကြသည်ဟု ပြောရမည်။ အငြိမ့်သီချင်းတွေလည်း ရကြ၊ အကတွေလည်း ရကြရုံမက မန္တလေးအငြိမ့်များ၏ အငြိမ့်ခွင်များပင် သိနေကျွမ်းဝင်နေကြသည်။
သူတို့ ၄ယောက်တွင် ပျော်ဘွယ်သူမှ လွဲ၍ ကျန်သုံးယောက်က အသက်၂၀ကျော်မို့ အရွယ်အရ ရုပ်ရည်အရ အချိုးကျသည်။ ပျော်ဘွယ်သူက အသက် ၃၀ကျော်ကာ ကိုယ်ခန္ဒာက ဝသည့်ဘက်ရောက်သည်။ သို့သော် သူကလည်း မခေလှ၊ သူ့မြို့က အရပ်ဇာတ်ကတိုင်း ပြဇာတ်မင်းသမီးတဲ့။ သည်တော့ သူတို့ ၄ယောက်က ကျွန်တော့် အနားက ခွာသည်မရှိ။ သင်တန်းသားထဲမှာလည်း ဇာတ်ပိုးထသူတွေ အများသား။ အထူးသဖြင့် မန္တလေးတိုင်းသ/မ အသင်းစုက ကိုတင်အောင်စန်းက သူ့ကြည့်တော့သာ လူက ဝဝ ခန့်ခန့် ခပ်တည်တည်၊ပေမယ့် အငြိမ့်ကြမ်းပိုး ဖြစ်သည်။ အငြိမ့်တကာနောက် ကောက်ကောက်လိုက်ကာ ကြည့်ရှု ခံစားသူ ဖြစ်သည်။ မန္တလေးအငြိမ့်တွေ အကြောင်းသာမက အငြိမ့်သဘောတရား၊ အငြိမ့် အနုပညာကို ပြောနိုင်ဆိုနိုင်သည်အထိ တတ်သိသည်။
ထို့ပြင် မန္တလေးက အငြိမ့်ထောင်များနှင့်လည်း သိကျွမ်း၏။ ထို့အတူ အမရပူရမြို့နယ် သ/မ က ကိုဘရီကလည်း ဇာတ်ပိုးပါသည်။ သူကလည်း လေက မသေးလှ။ သူက ပါတီမှာလည်း အရာရောက်သူမို့ လူကြီးတွေနှင့် ဝင်ဆန့်သည်။ နောက် တိုင်းသ/မ နို့ချက် တံတားဦးရုံးက တစ်ယောက်ကလည်း ဝါသနာကြီးသည်။ သူက ဂီတသမား၊ သင်တန်းမှာကို မယ်ဒလင်ယူလာပြီး သီချင်းတငြီးငြီးနှင့် နေသူဖြစ်သည်။ ကျွန်တော့် အဖွင့်သီချင်းကို ညနက်သန်းခေါင် သူက မယ်ဒလင်လေးနှင့် အသံစမ်းပေးသူ ဖြစ်သည်။ သူ့နံမည်က ကိုကျော်တင့် တဲ့။ မြစ်သားက တစ်ယောက်ကကျ သူ့အဖေက ဆိုင်းဆရာ ပတ်တီးခေါင်းဆောင်ဖြစ်ကာ သူကိုယ်တိုင်ကလည်း အုပ်စုံချောင်က တီးခတ်သူ ဖြစ်သည်။ ဆိုကြပါစို့၊ ကျန်သူ အတော်များများကလည်း သဘင်နှင့် ပတ်သက်လျှင် လေစိမ်းတွေ မဟုတ်ကြ။
ဇာတ်တိုက်ရတာ ပျော်စရာ
—————————-
သည်တော့ အစီအစဉ်အတွက် အသေးစိတ် အတည်ပြုကြတော့ အဆောင်ပေါင်းစုံ ပါဝင်သည့် အဖွင့် သီချင်း၊ စဉ်းကိုင်သူ ဦးဆောင်သည့် အဆောင် ၂က မြိုင်ကြီးဟေမာ ယိမ်း၊ အဆောင်၁ နှင့် အဆောင်၃ ပေါင်းသည့် ဗွေးတုတ်ယိမ်း၊ ကျွန်တော်တို့ အဆောင် ၄ က အငြိမ့်ခန်း၊ အဆောင် ၄နှင့် အဆောင်၅ ပေါင်းသည့် ပြဇာတ် နှင့် ဂီတ အစီအစဉ်များ ဖြစ်သည်။
ကျွန်တော်က အဖွင့်သီချင်းနှင့် အငြိမ့်ခန်းတာဝန်ယူထားသည်။ ယိမ်းတွေကတော့ စဉ့်ကိုင်သူနှင့် အမရပူရ မြမြဝင်းတို့က ဦးဆောင်သည်။ ဂီတအစီအစဉ်တွင် ကျွန်တော့်ဇာတ်လိုက် မကွေးကိုဇော်လင်းက သူနှင့် တစ်မြို့တည်း တစ်သင်းထဲက သင်တန်း၏ Queen နှင့် စုံတွဲသီချင်း သီဆိုမှာမို့ ကိုလိုနီခေတ် အဝတ်အစားနှင့် သက်ဝေသီချင်းကို သီဆိုကြမည့် အစီအစဉ်ပါသည်။ ထိုသီချင်းကိုလည်း ကျွန်တော်က ချပေးရမည်။ ပြဇာတ်ကတော့ ရေနံချောင်းက မြို့နယ်သ/မ တာဝန်ခံတစ်ဦးက သူပဲ ဇာတ်ညွှန်း၊ သူပဲ ဒါရိုက်တာ၊ သူပဲ မင်းသားလုပ်မယ်တဲ့။ မင်းသမီးအနေနှင့် အမရပူရမြမြဝင်းပါဝင်ကာ ဇာတ်ပို့ဇာတ်ရံတွေက ဝိုင်းကြဝန်းကြမည်။
ထို့ကြောင့် မနက် ထမင်းကြော်စားအပြီး ခန်းမထဲမှာ အလှည့်ကျ သီချင်းတိုက်ကြ၊ ဇာတ်တိုက်ကြတာ ည အဆောင်ပိတ်ချိန် တိုင်တော့သည်။ တကယ်တော့ သည်လိုပွဲမျိုးက တကယ်ကရသည့် နေ့ထက် ဇာတ်တိုက်သည့် သီချင်းတိုက်သည့် အချိန်တွေက ပို၍ ပျော်စရာကောင်းသည်။ စည်းကမ်းနှင့် ပတ်သက်၍ အလွန်တိကျသော ကျောင်းအုပ်ဆရာကြီးလည်း ကပွဲ အောင်မြင်ရေးအတွက် အတော်များများကို မမြင်ချင်ယောင် မသိချင်ယောင် ဆောင်တော့သည်။ ည အဆောင်မပိတ်မီ ဇာတ်တိုက်တာ ရပ်ကာ ကျွန်တော်၊ ကိုတင်အောင်စန်း၊ ကိုဘရီ၊ ကိုဇော်လင်းတို့က မင်းသမီး ၄ယောက်နှင့် ကော်ဖီဆိုင်လေးသို့ သွားကြကာ တိုင်ပင်ကြ၊ ဆွေးနွေးကြပေါ့။ ထိုဆိုင်လေးထိုင်တိုင်း အားလုံးက ကော်ဖီတစ်ခွက်စီသောက်ကြသော်လည်း ကျွန်တော်က ညအိပ်မပျော်မှာမို့ ကြက်ဥတစ်လုံးကို ရေနွေးလေးဖျောကာ ဖောက်သောက်ဖြစ်သည်။
ကျောင်းဆင်းကပွဲ တချို့ အစီအစဉ် အပြောင်းအလဲ
—————————————————-
သည်လိုနှင့် ကျောင်းဆင်းပွဲက တစ်ပတ်လောက် အလိုမှာ ကပွဲ အစီအစဉ်တချို့အပြောင်းအလဲ ဖြစ်သွားသည်။ ပြဇာတ်ကို တာဝန်ယူသည့် ရေနံချောင်းဆရာက အရေးပေါ်ကိစ္စဖြင့် အိမ်ပြန်ရသတဲ့။ သူ့ပြဇာတ်ကလည်း ဇာတ်ညွှန်းအဆင့်ပဲ ရှိသေးကာ ဘာမှ မစနိုင်သေး။ ထို့ကြောင့် ပြဇာတ်တစ်ပုဒ် အရေးပေါ်စီစဉ်ဖို့ ကိုတင်အောင်စန်းနှင့် ကိုဘရီက ကျွန်တော့်ထံ ဗြဟ္မကြီးဦးခေါင်း လွှဲတော့သည်။ ဖြစ်ချင်တော့ ကျောင်းအုပ်ကြီးရုံးခန်းမှာ စည်းဝေးကြစဉ် ရေနံချောင်းဆရာ၏ ပြဇာတ် အဆင်မပြေ တော့ကြောင်း ကပွဲတာဝန်ခံဆရာဦးခင်ထွန်းက တင်ပြသည်နှင့် ချက်ချင်းပင် ကိုတင်အောင်စန်းနှင့် ကိုဘရီက ကျောင်းအုပ်ကြီး ရှေ့မှာပဲ ကျွန်တော့်ကို လွှဲတော့ ငြင်းမရတော့။ ကျောင်းအုပ်ကြီးက ကိုကျော်ဆန်းကို ပွဲအတွက် အားလုံး တာဝန်ပေး ထားတာနော် ဟူသော စကားဖြင့် ချည်တုပ်လိုက်တော့သည်။
ကိုင်း.. ရက်က ဘာမှ မကျန်တော့၊ ပြဇာတ်အတွက်က ကျွန်တော့်ခေါင်းထဲမှာ ဘာမှ မရှိသေး၊ လောလောဆယ် အငြိမ့်ခန်းကို အပီအပြင်လုပ်ချင်တော့ အရင်က မင်းသမီးမြမြဝင်းနှင့် လူရွှင်တော် ကိုတင်အောင်စန်း ကိုဘရီ နှင့် ကိုကျော်တင့်တို့ ၃ယောက် စီစဉ်ရာမှ မန္တလေး အငြိမ့်ထုံးစံ ရှေ့ထွက် အလယ်ထွက်နှင့် ခေါင်းဆောင် ဟူ၍ မင်းသမီး၃လက်နှင့် တိုးချဲ့လိုက်တာမို့ ပြက်လုံးခွင်များအပြင် မင်းသမီးအတွက် သီချင်းများလည်း ဖြည့်ရသည်။
ကျွန်တော်က မင်းသမီး ၃လက်စလုံး ရှေးအငြိမ့်သီချင်းတွေပဲ သီဆိုစေမည်။ ရှေ့ထွက် မတ္တရာသူက လေဘာတီမမြရင်၏ ရွှေပြည်စိုး၊ အလယ်ထွက် အမရပူရ မြမြဝင်းက ဥသြမယ်တင်၏ အာယားမ၊ ချေင်းဆောင် မင်းသမီးချောလေး စဉ့်ကိုင်သူ က ဥက္ကလာအေးကြည်၏ ကတ္တီပါဖိနပ် နှင့် လေဘာတီမမြရင်၏ အလှူ့ရှင်သီချင်းတွေ တိုက်နေရသည်။ ကံကောင်းချင်တော့ ကျွန်တော့် မင်းသမီး၃လက်စလုံးက ထိုသီချင်းတွေကို သိရုံမက ရနေကြပြီးမို့ ကိုအောင်ကြည်နှင့် ပြန်တိုက်ရတာ အဆင်ပြေနေ၏။ ဲပက်လုံးခွင်တွေက ထိုစဉ်ကာလ နာမည်ကြီးနေသည့် သစ်လွင်အငြိမ့်နှင့် ရွှေရတနာအငြိမ့်က ပြက်လုံးခွင်တွေ ဖြစ်သည်။ အထူးသဖြင့် ဒီပါ ထင်ပေါ် ချစ်စရာ သာဓု ကျော်ကြားတို့၏ ပြက်လုံးများ ဖြစ်သည်။
တစ်ခါ ကျွန်တော့်ဇာတ်လိုက် မကွေးကိုဇော်လင်းက သူ့အကြံနှင့်သူ အားခဲထားသော သက်ဝေသီချင်း စုံတွဲ သီဆိုမှု အစီအစဉ်တွင် မကွေးသူ Queen က အထူးဓည့်သည်တော်များ ကြိုဆိုဧည့်ခံရေးတွင် ဘန်းကိုင်အဖြစ် ကျောင်းအုပ်ကြီးက တာဝန်ပေးလိုက်တော့ သီချင်းမဆိုနိုင်တော့။ ထို့ကြောင့် သူ့နေရာတွင် စဉ့်ကိုင်သူလေးက ဝင်ဆိုမည်။ သို့သော် စဉ့်ကိုင်သူလေးက သက်ဝေကို မရ။ သည်တော့ သူ့ကို ကျွန်တော်က သက်ဝေသီချင်း တိုက်ပေးရဦးမည်။ ထို့ပြင် အဖွင့်သီချင်းကလည်း အတော်အသားကျနေပြီဆိုငြား သည်ရက်ပိုင်းမှာ လူစုံတက်စုံ တူရိယာစုံနှင့် ပြန်တိုက်ချင် သေးသည်။ သည်လို အခြေအနေတွင် ပြဇာတ်တဲ့၊ ကျွန်တော် ရေးခဲ့ဖူးသည့် အော်ပရာကလည်း ဇာတ်ညွှန်းအနေနှင့် အဆင်သင့်ရှိသော်လည်း ရာဇဝင်ဇာတ်လမ်းမို့ မလွယ်လှ။ စကားလုံးများ ကျက်မှတ်ရဖို့သာမက ဆက်တင်နှင့် အဝတ်အစားတွေ အတွက်လည်း အများကြီး အခက်အခဲ ရှိပါသည်။
ခိုင်းတော့ သက်ဝေ
——————
ကျွန်တော့်မှာ ကျောင်းအုပ်ကြီးရုံးခန်းက အပြန် စန္ဒရားကိုအောင်ကြည် က စဉ့်ကိုင်သူလေးကို ကျွန်တော်က သက်ဝေသီချင်း တိုက်ပေးမှာမို့ စောင့်နေသောကြောင့် ပြဇာတ်ကိစ္စ ခေါင်းထဲက ထုတ်ပြီး ကိုအောင်ကြည့် စန္ဒရားခုံဘေး ဝင်ရပ်လိုက်သည်။ စဉ့်ကိုင်သူလေးကလည်း ကျွန်တော့ ဘေးမှာ သီချင်းစာရွက်လေးကိုင်ကာ ခပ်ယို့ယို့ ဝင်ရပ်သည်။ ကိုအောင်ကြည်က စန္ဒရားဖြင့် တေးသွားကို စမ်းကာ အဆင်သင့်ဖြစ်သည်နှင့် အသံပြပေးလိုက်၏။ စဉ့်ကိုင်သူလေးက သက်ဝေသီချင်း၏ အစ ပိုဒ်ကို သီဆိုလိုက်သည်။
“ သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ၊ မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ၊ အသည်းမှာစွဲ၊ ချစ်မက်မပြေတယ်လေ၊ တစ်ကိုယ်လုံးသိမ်းကျုံး လိုရာသုံးသက်ဝေ၊ အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည်၊ အချစ်အတွက်ဖြင့် အသက်ပင်သေသေ၊ အကွေးယူယူ၊ အသားကိုလှူလှူ စိတ်တူတယ်ရယ်ရယ်ပြုံးပြုံး၊ မဒ္ဒီဒေဝီ ဝေသန်ထုံးလို နှလုံူပြုကာ ကြည်ဖြူတာတွေ၊ သက်ဝေအလိုကျ ဆိုသမျှ၊ ကိယ်ရော စိတ်က လိုက်လျောရမယ်လေ..၊”
သူ သီချင်းမရဘူးဆိုတာ မဖြစ်နိုင်တာ..၊ အသံကလည်း ကီးကိုက်၊ အဝင်အထွက် ခွင်ကျလို့။ အသံကလည်း ကြည်မြလို့၊ ကိုအောင်ကြည်ကပင် စန္ဒရားခလုတ်ပေါ် လက်တွေ ပြေးလွှားနေရင်း သူ့ကိုမော့ကြည့်ကာ အတော်ဟုတ်တာပဲ ဟူသော အမူအရာဖြင့် ကျွန်တော့်ကို လှမ်းကြည့် ပြုံးပြသည်။ သူ သီချင်းကို ဒီလောက်ရနေတာ ဘာ့လို့ ကျွန်တော်ကို ပြန်တိုက်ခိုင်းရတာလဲ မသိ။ သူ့ ပထမ ပိုဒ်ပြီးတော့ ကျွန်တော်က ဒုတိယပိုဒ်ကို ဝင်လိုက်သည်။
“ဓူဝံကြယ် မြေမှာခကြွေ၊ ကောင်းကင်မှာ နေလတွေ ကွယ်စေ၊ မြမြင်းမိုရ် ပြိုအက်ကာကြွေ သွေမပျက်တယ်၊ ချစ်မက်မပြေတယ်လေ..’
မထင်မှတ်တဲ့စာတစ်ပုဒ်
————————-
သီချင်းကို ဆိုကောင်းကောင်းနှင့် ဆိုလိုက်ကြတာ၊ တစ်ပုဒ်လုံးပြီးသော်လည်း ကိုအောင်ကြည်က နောက်ဆုံးအပိုဒ်မှ ဓူဝံကြယ်တွင် ၂ယောက် ပြိုင်တူ ဆိုစေချင်လို့ နောက်တစ်ကြော့ ကြော့ပြန်သည်။ ကျွန်တော်တို့ သီချင်းဆိုပြီးတော့ သင်တန်းခန်းမကြီးထဲမျာ ဘယ်သူမှ မရှိတော့။ သည်အချိန် ထမင်းစားဆောင်လည်း ပိတ်ပြီ။ သူရော ကျွန်တော်ရော ‘သက်ဝေ” နေကြလို့ ညစာ ငတ်ပြီ။ သည်တော့ ကျွန်တော်တို့ ၂ယောက်သား ကျောင်းပေါက်က ကာဖီဆိုင်လေးဆီ ခြေဦး လှည့်လိုက်ကြသည်။ ဆိုင်လေးထဲမှာ ကျွန်တော်တို့ ဇာတ်အဖွဲ့က လူစုံတက်စုံ ရောက်နှင့် နေကြပြီ။ ဆိုင်ထဲရောက်တော့ ရှိသေးသည့် စားစရာမှာလိုက်ပြီး ကျွန်တော်က ကိုဘရီ ကိုင်ထားသည့် စာအုပ်လေးကို ယူကြည့်လိုက်သည်။ တောင်တွင်းကြီးမြို့နယ် မဂ္ဂဇင်းတဲ့။ မမြင်ဖူးသေး၊ သူက ကျွန်တော့်ရှေ့လာချသော ကြက်ဥလေးကို ရေနွေးထည့်ထားသည့် လက်ဖက်ရည်ပန်းကန်ထဲ ထည့်ပေးကာ အပေါ်က သတ္တုအဖုံးလေး ဖုံပေးသည်။
သူက မြမြဝင်းတို့ဆီက ဘန်းမုန့်တစ်လုံးယူပြီး နို့ဖျော်တစ်ခွက်မှာလိုက်၏။ ကျွန်တော်က မဂ္ဂဇင်းစာအုပ်ကို လှန်လှောကြည့်ရင်း အမှတ်မထင် တွေ့လိုက်သည့် စာတစ်ပုဒ်ကြောင့် စိတ်ဝင်စားသွားသည်။ သည်တော့ တစ်ထိုင်တည်းနှင့် အဆုံးထိ ဖတ်လိုက်သည်။ ကျွန်တော် အလွန်ပျော်သွားပါသည်။ ကျွန်တော့် အကျပ်အတည်းကို နတ်သိကြားတွေက ကူညီလိုက်သလားလေ။ သူက ကျွန်တော့်ရှေ့ရှိ ရေနွေးပန်းကန်ထဲ စိမ်ထားသော ကြက်ဥကိုယူပြီး အခွံကို ပန်ကန်ပြားထဲ ဖောက်ထည့်တော့ နည်းနည်းကြာသွားလို့ အကာကျက်နေပြီ။ သူက သောက်လိုက်တော့ဟု လှမ်းပြောသည်။ ကျွန်တော်က အဆောင်မီးမပိတ်မီ အမြန်ပြန်ချင်နေသည်။ စာတစ်ပုဒ်ရေးဖို့ အချိန်မှီကောင်းပါရဲ့။
ဆူးငှက်
