သူတို့အိမ် အခန်း (၁၅၅)

ဆူးငှက်

ဇတွေ ကိုယ်စီနဲ့မို့ ဝါသနာကို မတားကြပါနဲ့
———————————————

ကျောင်းဆင်းပွဲက ဖေဖော်ဝါရီလမှ ဖြစ်သော်လည်း အဆောင်အလိုက် အစီအစဉ်တစ်မျိုးစီ တာဝန်ယူကြဖို့ အကြမ်းဖျဉ်း စီစဉ်ထားသည်။ ကျောင်းဆင်းပွဲ၏ ဖျော်ဖြေမှု ကဏ္ဍအတွက် ဆရာတစ်ယောက်က တာဝန်ယူထားသည်။ ထို့ပြင် အဆောင်ချင်းအလိုက် အလွန်တက်ကြွသူများက လက်တပြင်ပြင် ပါးစပ်တပြင်ပြင်ဖြစ်ကာ သူတို့မြို့သူတို့ရွာမှာ မင်းသားမင်းသမီး ဒါရိုက်တာ အဆိုတော် ပလေယာဆိုသူတွေလည်း အပြိုင်းအရိုင်းပေါ်လာသည်။ ထိုအခါ ဆရာကြီးက တာဝန်ပေးသော်လည်း ကျွန်တော်က နောက်သို့ပဲ ရို့နေလိုက်သည်။

ဘာ့လို့လဲဆိုတော့ သူတို့မှာ နယ်ကလာကြသည့် အပြင် ဤသို့သော အခွင့် အရေးက ရခဲမျှဖြစ်သည်။ ထို့ကြောင့် ကျောင်းဆင်းပွဲအတွက် တာဝန်ခံဆရာ ဦးဆောင်၍ ပထမဆုံး အစည်းအဝေးထိုင်ကြတော့ ကျွန်တော်က နောက်လိုက်အနေနှင့်ပဲ ချေုာင်ကပ်နေလိုက်သည်။ ထို့ပြင် သူတို့က သူတို့ရပ်ရွာက ဘုရားပွဲ ကျောင်းပွဲတွေမှာ အမှန်တကယ် စင်တင် စင်တက်ခဲ့သူများဖြစ်သည်။ ထို့ကြောင့် ဇာတ်ခုံ ဇာတ်စင် အတွေ့အကြုံရှိသည်။

စင်အနားပင် မသီဖူးသူက ကျွန်တော်
—————————————

ကျွန်တော်က လေပဲရှိသည်။ စင်အတွေ့အကြုံက ဘာမှမရှိ။ ငယ်ငယ်က အိမ်ရှေ့ခုတင်မှာ တူတွေ တူမတွေနှင့် ကတမ်းခုံတမ်း ကစားဖူးတာပဲရှိသည်။ သို့သော် ဇာတ်ခုံဇာတ်စင်နှင့် ပတ်သက်၍ ကိုယ်တိုင် ပါဝင် သီဆို သရုပ်ဆောင်ခြင်းထက် စီစဉ်တင်ဆက်တာ၊ ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာလုပ်တာ၊ ဆက်တင် အခမ်းအနား ပြင်ဆင်တာ ဝါသနာပါသည်။ သို့သော် အငြိမ့်အော်ပရာအတွက် ဇာတ်ညွှန်းတစ်ပုဒ် ရေးဖူးတာပဲရှိသည်။ ထိုဇာတ်ညွှန်း ကလည်း စင်ပေါ်ရောက်ဖို့ မပြောနှင့် စင်နားပင် မသီနိုင်ခဲ့။

စင်ပေါ်တွင် ဆိုဖို့ ကဖို့ သရုပ်ဆောင်ဖို့ မပြောနှင့်၊ တက်၍ စကားပြောကာ အဆင်ပြေသည်ကပင် သည်ကျောင်းမှာ ပထမဆုံးဖြစ်သည်။ ဒါတောင် ကြက်ကန်း ဆန်အိုးတိုး အခြေအနေဖြစ်တာ ကိုယ့်ကိုကိုယ် အသိဆုံး ဖြစ်ပါသည်။ ထို့ကြောင့် ယခုပွဲတွင် ကျောင်းအုပ်ကြီးက ကျွန်တော့်ကို အထင်တကြီး တာဝန်ပေးသော်လည်း ကိုယ်ကိုယ်နှိုက်က လုပ်ချင်ကိုင်ချင်သည်မှာ ထွန့်ထွန့်လူး ပေမယ့် တကယ် အတွေ့အကြုံရှိသူတွေကို လမ်းဖွင့်ပေးတာ ပိုအဆင်ပြေပါသည်။

တစ်ဦးချင်းစီ၏ အနုပညာပိုး
—————————–

ထိုအစည်းအဝေးတွင် စဉ့်ကိုင်သူတို့ အဆောင်က အဖွင့်သီချင်း တာဝန်ယူတော့ ကျွန်တော်က ထိုအဖွင့်သီချင်း ရေးလိုက်မယ်ဟု စိတ်ထဲမှာ တေးထားလိုက်၏။ ကျွန်တော်တို့ အဆောင်ကတော့ ကိုတင်အောင်ဆန်းနှင့် ကိုဘရီတို့ ၂ယောက် ဦးဆောင်ပြီး အငြိမ့်ခန်းထွက်ကြမယ်တဲ့။ မင်းသမီးအနေနှင့် အကွက် ၅၈၆ ရသာတန်း အခြေခံသ/မ က အရောင်း စာရေးမလေး က မှာတဲ့။ သူက နဂါးမယ်ရေသဘင်မဏ္ဍပ်မှာ နှစ်စဉ် က နေကျဖြစ်သည်။ သူ့မိခင် က နဂါးဆေးလိပ်ခုံကလေ။ သည်တော့ ကျွန်တော်တို့ အဆောင် အငြိမ့်က မန်းသူမန်းသားတွေချည်းမို့ မန္တလေး အငြိမ့်ပေါ့။ ကျွန်တော်က ထိုအငြိမ့်ခန်းတွင် ပါဝင်ကူညီမည်ပေါ့။

တစ်ခန်းရပ်ပြဇာတ်အတွက် ကျွန်တော်တို့ အဆောင်မှပဲ ရေနံချောင်းမြို့နယ်သ/မ က စာရင်းကိုင် တစ်ယောက်က တာဝန်ယူမည်။ သူက အရပ်ဇာတ်တွေ ဒါရိုက်တာလုပ် ကိုယ်တိုင် သရုပ်ဆောင် လုပ်နေတာတဲ့။ ပြဇာတ်မင်းသမီးက အဆောင် ၁ က မြမြဝင်းတဲ့။ မြမြဝင်း က အမရပူရ မြို့နယ် သ/မ က ဖြစ်သည်။ အတော်သွက်လက် ချက်ချာ၏။ မြမြဝင်းတို့ အဆောင် ၁ နှင့် စဉ့်ကိုင်သူတို့ အဆောင် ၂ ပေါင်း၍လည်း ဗွေးတုတ်ယိမ်း ကကြမှာတဲ့။ ကိုင်း.. ပွဲအတွက် အစီအစဉ်က အကြမ်းဖျဉ်းရပါပြီ။ အဖွင့်သီချင်းကို ထုံးစံအတိုင်း တာဝန်ခံဆရာက ပုသိမ်ကြီးက စန္ဒရားဆရာ ကိုအောင်ကြည်ကိုပဲ စပ်ခိုင်းမည်ဟု ပြောထားသည်။ ကျွန်တော်ကတော့ ထိုသီချင်းကို စပ်ဖို့ တေးထားပြီးပါပြီ။ သို့သော် ဆရာ့ကိုတော့ မပြောသေးပါ။

စေတနာရောင်ပြန်ဟပ်မှာ သံယောဇဉ်က လင်းလက်လာ
—————————————————————-

မည်သို့ဆိုစေ၊ ထိုသင်တန်းသို့ မတက်ချင်ဘဲတက်ရသလို အထင်မကြီး မလေးစားလို့ ကျွန်တော်က စတက်ကတည်းက မထီမဲ့မြင် လုပ်ခဲ့သည်။ သည်လိုနှင့် လချီကြာလာတော့ ဆရာဆရာမများ၏ စေတနာကို သိမြင်လာသလို အထူးသဖြင့် ကျောင်းအုပ်ကြီး၏ ထူးချွန်ထက်မြက်မှုနှင့် အမြော်အမြင်များ ခေတ်မီသော ကမ္ဘာကြည့် အတွေးအမြင်များကြောင့် လေးစားခဲ့သည်။ ထို့ပြင် လာရောက်ကြသည့် သင်တန်းသူ သင်တန်းသားများက တကယ်ရိုးသားကြကာ ပိပြားနေကြ သူများ ဖြစ်သည်။ ခင်မင်စရာကောင်းသည်။ ဖြူစင်သော စိတ်ရင်းအမှန်ဖြင့် သံယောဇဉ်တွယ်ကြသည်။

ကျွန်တော်က သင်တန်းဆင်းပွဲဟူသော ခေါင်းစဉ်အောက်က တာဝန်တွေ စီမံခန့်ခွဲမှုတွေ စာရင်းအင်းတွေ ဆိုတာထက် အလွန်သာယာ အေးချမ်းလှကာ အရိပ်အာဝါသ ကောင်းလှသည့် ရန်ကင်းတောင်ခြေတွင် မနက်မိုးလင်းတိုင်း တောင်ခြေ ဥယျာဉ်စာသင်တိုက်၏ သရက်ပင်အုပ်ကြားမှ ချိုးကူသံလေးနှင့် အောင်ပင်လယ်ကွင်းထဲက ဖြတ်လာသော ကောက်ပင်နံ့သင်း လေပြည်ညှင်းကို စွဲလမ်းနေမိသည်။

ထိုသို့သာယာလှသည့် မနက်ခင်းသည် တစ်နေ့သောကာလတွင် လွမ်းဆွတ် တမ်းတဖွယ်များဖြင့် ပြည့်သိပ်နေရော့မည်။ ထိုနံနက်ခင်း၏ ချိုးကူသံက သည်တစ်ခါဖြင့် ရင်မှာလှိုက်ကာခံစားရမည့် ချိုးကူသံ ဖြစ်စေတော့မည်။ ထိုနံနက်ခင်းမှာ ကျွန်တော်တို့တတွေ ရိုးသားဖြူစင်စွာ ရစ်ပတ်နှောင်ဖွဲ့ခဲ့ကြသည့် ရင်းနှီးမှု သံယောဇဉ်တွေ ဝေးကြရတော့မည်လေ။ အဲ့ဒီနံနက်ခင်းက ကောင်းဆင်းပွဲကို ပျော်ပျော်ကြီး နွှဲပျော်ကြသည့် ည ၏ နောက်ရက် မနက်ခင်းပါပဲလေ။ ကျွန်တော်က ထိုခံစားချက်ကို အဖွင့် သီချင်း ရေးစပ် ချင်နေသည်။ အခြားသော အဖွင့် သီချင်းတွေလို ပေါ်လစီတွေ ကြွေးကြော်သံတွေမပါဘဲ အလွမ်းလေးနှင့် ငြိမ့်ငြိမ့်လေး ခံစား မျက်ရည်စို့ချင်သည်။

ထို့ကြောင့် ကပွဲအတွက် ဒုတိယ အကြိမ် အစည်းအဝေးအပြီး ဆရာများရုံးခန်းပေါက်က တမာပင်လေးအောက် ခုံဝိုင်းမှာ ထိုင်ရင်း စဉ့်ကိုင်သူလေးက သူတို့အဆောင်က တာဝန်ယူထားသည့် အဖွင့်သီချင်းက ဘယ်သူက ရေးပေးမလဲ ဆိုတာ အခုထိ ရေရေရာရာ မသိသေးတော့ ပူပန်သည့် စကားတွေ တဖွဖွပြောသည်။ ကျွန်တော်က ဆရာဦးခင်ထွန်းက သူ့စန္ဒရားဆရာကို ရေးခိုင်းမှာလေ ဟု သူ့ကို တိုက်ရိုက်မပြောဘဲ အများကိုပဲ အသိပေးသလိုပြောတော့ သူက ကိုယ့်ဟာကိုယ် ရေးတတ်ရင် ကောင်းမှာ၊ စောင့်ရတာ ရင်မောလိုက်တာ ဟု ပြောသည်။ သူက ကိုယ့်ဟာကိုယ်ဟု ပြောချိန်တွင် ခေါင်းငုံ့နေရင်း ကျွန်တော့်ဘက် မသိမသာ ငဲ့ကာ ခိုးကြည့်လိုက်တော့ ကျွန်တော့်ကို ရေးပေးပါဟု မရဲတရဲ ပူစာလိုက်သည်ဟု ရင်ထဲက ခံစားလိုက်ရသည်။ ကျွန်တော် လှိုက်ခနဲ ဖြစ်သွားသည်။ သြော်.. ဒို့တတွေ နောက် တလဆိုရင် ခွဲကြရတော့မှာလေ ဟုလည်း ခံစားမိသည်။

နှလုံးသားချင်း ရိုက်ခတ် လှုံဆော်လေတော့
———————————————-

ထိုနေ့ညက အဆောင်ပြန်ရောက်ကာ ခုတင်ပေါ် ပက်လှန်ရင်း ခြင်ထောင်အမိုး ဖြူဖြူတွင် လှိုင်းတွန့်ပြေပြေ ဆံနွယ်အောက်က သူ့မျက်နှာလေး၏ နုဖတ်အားငယ်စိတ်လေးကို မြင်ယောင်နေမိသည်။ ကျွန်တော် ခေါင်းထဲမှာ စာလုံးလေးတွေလည်း ပေါ်လာ၏။ ည ၉နာရီ အဆောင်မီးမှိတ်တော့ အမှောင်ထဲမှာ စာလုံး လေးတွေ ပျောက်မသွားဘဲ ပေါ်လာပြန်၏။ အစ နှေးနှေး၊ နောက် ဖျပ်ခနဲ ဖျပ်ခနဲ ဆက်တိုက်၊ မဖြစ်ချေတော့၊ ကျွန်တော်က ခေါင်းအုံးအောက်ရှိ ၂တောင့်ထိုး လက်နှိပ်ဓာတ်မီးကို ယူလိုက်ကာ ခလုတ်လေးဖိလိုက်သည်။ အလင်းအား မများအောင် ခြင်ထောင် အောက်ကလနား ပိတ်စနှင့် မီးရောင်ကို လျော့ချသည်။ ထို့နောက် ဘေးနား စာပွဲခုံပေါ်က စာရင်းကိုင်သင်ခန်းစာ စာအုပ်ကိုယူပြီး လွတ်နေသည့် နောက်ဆုံးစာမျက်နှာမှာ တဖျပ်ဖျပ်ပေါ်လာသည့် စာလုံးလေးတွေကို အမိအရ ဖမ်းယူ ရေးသားလိုက်သည်။

– အရှေ့ဆီက ဝင်းပရွှေရည်၊ နေခြည်ပွင့်စ၊ သြကာသ လောက ၊ လှပပွင့်လင်း၊ နံနက်ခင်း အဆင်းဝေဖြာ၊ မြန်မကြာ
သည်မြေအလှ ဒို့ရဲ့ကမ္ဘာ၊ သာယာ၊ သဘာဝ ထွန်းတင့် ဝေဆာ၊

– တိုးတက်မယ့် ခေတ်အမီပါ၊ အမျိုးတွက် တကယ်တမ်း၊ လက်ဆွဲကမ်းကာ၊ တွဲလက် မခွဲဆက် ညီညီညာ အစဉ်လှမ်းမပျက်ခဲ့ သင်တန်း တက်ခဲ့ကြတဲ့ ဒို့ မောင်နှမရင်းချာ၊
– လာ လာ လာ လာကြဟေ့ မကြာ၊ မိုးသောက် နံနက်ခင်း၊ ကောင်းခြင်း ကုဋေကုဋာ၊ ဘဝင် ချမ်းမြ ရွှင်လန်းကြတဲ့ ဒို့ မိခင် ကျောင်းတော် မဟာ။

– မြန်မကြာ သည်မြေအလှ ဒို့ရဲ့ကမ္ဘာ၊ သာယာ၊ သဘာဝ ထွန်းတင့် ဝေဆာ၊ နေလာသမျှ သွေခွာရ၊ တွဲလက်ခွဲကာ ရွှေချိုးကူသံ ဘယ်ဆီမှန်းကာ တမ်းတမျှော်ထောက်၊ နက်ဖြန် မိုးသောက်လေသော အခါ၊ မိုးသောက်လေသော အခါ၊ မိုးသောက်လေသောအခါ..”

လရောင်၊ လေညှင်းနှင့် စာလုံးလေးတွေရဲ့ သံစဉ်
————————————————–

ကျွန်တော်က ပေါ်လာသမျှစာလုံးတွေ စာအုပ်ထဲ ရေးမှတ်ပြီး နှုတ်က သံစဉ်ကို ဒီဒီဒါဒါနှင့် ရွတ်ကြည့်နေသည်။ အဆောင်ထဲမှာက နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်ကြလို့ ခုတင်ချင်းကပ်ရက် ကိုသန့်ဇင် ကရော၊ အနောက်စွန် ကိုဘရီ၊ ကိုတင်အောင်စန်းတို့ဆီကရော ဟောက်သံတွေက စည်းချက်ကျနေသည်။ အပြင်ဘက်မှာ လပြည့်ည၏ လ က ထိန်ထိန်သာလို့၊ လရောင်သည် ရန်ကင်းတောင်ပေါ်အထိ ဖြန့်ကျက် သိမ်းပိုက်ထားသည်။ မတတ်နိုင်။ ကျွန်တော်သည် သည်လရောင်၊ သည်လေညှင်း၊ သည်စာလုံးတွေနှင့် လှိုင်းထနေသော ရင်အခုန်ကို မပစ်ရက်တော့ ။

ထို့ကြောင့် ကျွန်တော့် ခုတင်နှင့် ခြေချင်း ဓားလွယ်ခုတ်က တံတားဦး နို့ချက်က အဝယ်တော် ဆရာ ကို သူ့ခုတင်နားထိသွားကာ နှိုးလိုက်သည်။ သူက အအိပ်ဆတ်သည်။ ချက်ချင်းနိုးလာပြီး ခုတင်ဘေး စာပွဲပေါ်က မျက်မှန်ကို ယူကာ စွပ်သည်။ ကျွန်တော်က အကျိုးအကြောင်းကို တိုးတိုးပြောပြတော့ သူက ချက်ချင်း သဘောပေါက်ကာ ခေါင်းရင်းမှာ ချိတ်ထားသည့် သူ့မယ်ဒလင်ကို ယူပြီး ကျွန်တော့်ခုတင်ကို လိုက်လာသည်။ ကျွန်တော်က ခပ်မှိန်မှိန် လက်နှိပ်ဓာတ်မီးရောင်ဖြင့် ရေးမှတ်ထားသည့် စာလုံးလေးတွေကို စိတ်ကူးထားသည့် သံစဉ်အတိုင်း သူ့ကိုရွတ်ပြတော့ သူက မယ်ဒလင်နှင့် အသံကိုစမ်းကာ လိုက်တီးသည်။ တချို့မပြေပြစ်သည့် နေရာတွေမှာ သူက ပြန်တီးပြပြီး ပြင်စေသည်။

ကျွန်တော်တို့ ၂ယောက်သား ခေါင်းချင်းဆိုင်ကာ အသံကို ဘယ်လိုပဲ တိုးတိုးတိုးတိုးနှင့် ကြားသာရုံပြောနေပါစေ။ တိတ်ဆိတ်သောညမို့ တချို့က နိုးလာသည်။ ထို့နောက် ကျန်သူများကို အရင်နိုးနှင့်သူက နှိုးကာ ကျွန်တော်တို့နား ဝိုင်းလာကြသည်။ စာသားလေးတွေကို မယ်ဒလင်နှင့် သံစဉ်သွင်းပြီး ၃ကြိမ်လောက် ကျောင်းလိုက်တော့ တချို့အပိုဒ်တွေမှာ စာသားနှင့် သံစဉ်ကို မှတ်မိသွားကြသည်။ သည်လိုနှင့် မိုးလင်းသွားတော့ သီချင်းလည်း ချောသွားကာ အားလုံးက လိုက်ဆိုနိုင်ကြပြီ။ ကျွန်တော်က မနက်စာ break fast စားရင်း သုံးထပ်သား အကာအဆက်ကြားကနေ အဖွင့် သီချင်းအတွက် စိတ်ပူနေသော စဉ့်ကိုင်သူလေးကို သီချင်းစာရွက်လေး ကိုင်ကာ လက်မထောင်ပြချင်နေပါပြီ။ သူ.. ဝမ်းသာစေချင် တာလေ..။

ဆိုင်းနှင့် ဝိုင်းနှင့် ဇာတ်တိုက်ဖို့ အစီအစဉ်
—————————————–

ကျောင်းဆင်းပွဲ အတွက် တီးဝိုင်းက စန္ဒရားကိုအောင်ကြည် တဲ့။ ပုသိမ်ကြီးမြို့က ဖြစ်သည်။ လူပုံက ဝဝ ပုပုနှင့် ကွမ်းယာကို ပါးစောင်မှာ ငုံထားသည်။ စကားနည်းပေမယ့် အတော်သဘောကောင်းသည်။ သူက နုယဉ်တို့ မြို့တော်အင်အားစုတို့ လက်ထွက်ဖြစ်သည်။ ကပွဲအတွက် တီးလုံးတိုက်ကြဖို့ ရက်လည်းသတ်မှတ်ပြီးပြီ။ သည်ကြားထဲ သင်တန်းဆင်း စာမေးပွဲက ဖြေကြရဦးမည်။ သင်တန်းစတက်ကတည်းက စိတ်မဝင်စားဘဲ ဓာတ်ပုံပဲရိုက်နေလို့ ကျွန်တော့်မှာ မှတ်စုပင်လျှင် မယ်မယ်ရရမရှိ။ ကျွန်တော့်မှာ မှတ်စုမရှိမှန်း ကပွဲအတွက် စကားပြောဖြစ်ကြစဉ် စဉ့်ကိုင်သူလေးက သတိထားမိသည်။ ကျွန်တော်ပြောတာကတော့ လူစုံတုန်း ဘာရယ်မဟုတ် မှတ်စုမရှိတာကို ပြောဖြစ်လိုက်သည်လေ။ ပြောဖြစ်တာက ညာဉ့်ဦးပိုင်း စာကြည့်အပြီး အဆောင်မပိတ်မီ ကပွဲတာဝန်ရှိသူများ လိုင်စင်ကို ယူပြီး ကျောင်း အပေါက်ထိပ် ကာဖီဆိုင်လေးမှာ ဆုံကြစဉ်ဖြစ်သည်။

ထို့ကြောင့် နောက်ရက်မှာ စဉ့်ကိုင်သူလေးက ဗလာစာအုပ်အသစ်ထဲမှာ မှတ်စုတွေ ကူးလာသည်။ လူစုခွဲပြီး အဆောင် ပြန်ကြမှ လမ်းမှာ ကျွန်တော့်ကို ပေးသည်။ ကျွန်တော်က အံ့အားသင့်ကာ အားနာကြောင်းပြောတော့ သူတို့ဆိုဖို့ အဖွင့်သီချင်း ရေးစပ်ပေးတာကိုပဲ ကျေးဇူးတင်လွန်းလို့တဲ့။ နဂိုအစီအစဉ်က အဖွင့်သီချင်းကို အဆောင် ၂ က ၅ယောက်လောက်ပဲ ဆိုကြမည်။ သို့သော် ကျွန်တော်က ဆရာဦးခင်ထွန်းကို စာသားလေးပြကာ သီဆိုပြတော့ ဆရာက အတော် သဘောကျသွား၏။ ထိုညမှာပဲ သီချင်းစာသားကို ကျောင်းအုပ်ကြီးသို့ ဆရာဦးခင်ထွန်းက ပြတော့ ဆရာကြီးက အဆောင်တိုင်းက သင်တန်းသူ သင်တန်းသားတွေ အယောက်၅၀လောက်နှင့် မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုပါ ဟု ပြောလိုက်သတဲ့။ ထို့အခါ ကျွန်တော်က ခေါင်းနပန်းကြီးသွားသည်။

သည်လို အဖွင့်သီချင်းကိစ္စက တက္ကသိုလ်မှာလည်း ကျွန်တော်က ကြုံဖူးတော့ အချိန်ယူမှ အဆင်ပြေသည်။ အထူးသဖြင့် ပါဝင်သီဆိုသူတွေထဲမှာ ဂီတနှင့် နီးစပ်သူတွေ အများစုပါမှ ရသည်။ သူတို့က ကျန်သူများကို ဦးဆောင်ရမည်။ လူ၅၀ဆိုလျှင် အနည်းဆုံး ၁၅ယောက် အယောက်၂၀လောက်က ဆိုဖူးကြသူများဖြစ်ရမည်။ ထို့ပြင် ကျွန်တော်က ဦးဆောင်၍ တိုက်ဖို့က ကိုယ့်ကိုကိုယ် အဲ့လောက်မတတ်ဟု သိထားလို့ဖြစ်သည်။ ထို့ကြောင့် အချိနရလို့ သူတို့နှင့် တွေ့တိုင်း ကျွန်တော်က သီချင်းကို သူတို့ နားယဉ်ကာ အသားကျအောင် ဆိုပြရသည်။ ကိုင်း.. ပရိသတ်တို့ မိတ်ဆွေတို့၊ ရန်ကင်တောင်ခြေ လူသူကင်းရှင်း တိတ်ဆိတ်ခြင်းအတိ ညချမ်းလေးမှာ ကော်ဖီခွက်လေးရှေ့ချပြီး ကျွန်တော့်ဘေး လက်မောင်းချင်းိလု ခေါင်းချင်းဆိုင်ရင်း ကိုယ့်သီချင်းလေးကို တိုးတိုးဆိုပြခဲ့ရတာ ရင်ခုန်စရာ မကောင်းဘူးလားဗျာ။ တကယ်တော့ အခုမှ ပြန်တွေး ပြန်နွှေးရင်း ရင်ခုန်စရာ ကောင်းလှချည့်ဟု ခံစားနေတာလေ၊ ထိုစဉ်က ထိုသို့ စိတ်မျိုးမရှိ၊ အနုပညာဟူသော ခြုံလွှာအောက်က ခံစားနိုင်ကြသည့် ခံစားနေကြသည့် လူသားတွေပဲလေ။ တစ်ဦးနှင့်တစ်ဦးကြား ဖြူဖြူစင်စင် သံယောဇဉ်ပဲရှိသည်လေ။

လာပြန်ပြီ၊ စာမေးပွဲ တစ္ဆေ
—————————

သည်လိုနှင့် စာမေးပွဲဖြေရပါပြီ။ ဖြစ်ချင်တော့ စာမေးပွဲခန်းတွင် နေရာတွေ ပြန်ချလိုက်တော့ သူနှင့် ကျွန်တော်က ထိုင်ခုံ ၂ခုံပဲ ခြားသည့် ရှေ့နောက် နေရာမှာလေ။ စာမေးပွဲတွင် ကျွန်တော့်မှာ သူပေးသည့် မှတ်စုပဲ ကြည့်ရသော်လည်း ဆရာကြီးဦးရဲမြင့်၏ စာမေးပွဲသဘောထားကို ကျွန်တော်က သိထားလို့ အတော်ဖြေနိုင်သည်ဟု ဆိုရမည်။ ဆရာကြီးက ကျက်မှတ်ထားသည့်အတိုင်း သည် ၏ မလွဲ ဖြေတာမျိုး မကြိုက်။ မိမိအာဘော် မိမိသုံးသပ်ချက်ဖြင့် နားလည်သဘောပေါက်စွာ ဖြေဆိုခြင်းကို လိုလားသူ ဆိုတာ ကျွန်တော်က သိသည်။ ထို့ကြောင့် မှတ်စုထဲက စာကြောင်းတွေက ကျွန်တော့်အတွက် မလိုအပ်။

သို့သော် တွက်ရ ချက်ရသည့် စာရင်းကိုင်ဘာသာနှင့် ထုတ်လုပ်ရောင်းချမှု အခြေပြ ဂရပ် ပုစ္ဆာတွေမှာ B.Sc (Maths) ချာလပတ်ရမ်းတော့၏။ ဂရပ်ဘာသာ သင်တာက အလယ်တန်းတုန်းက ကျွန်တော့်ထက် တစ်တန်းငယ်တဲ့ ဆရာမလေ။ သင်တန်းကာလ သူ့အချိန်မှာပင် သူက ကျွန်တော့်ကို အားနာနေသည်။ ကျွန်တော်ကလည်း မျက်နှာပူနေ၏။ ၇တန်းသချာၤ ဂရပ်ပုစ္ဆာတွေကို ကျွန်တော်က အရေးလည်းမထားခဲ့။ စာမေးပွဲတွင်လည်း ဒါလေးများဟု ခပ်ပေါ့ပေါ့ တွေးခဲ့သည်။ သို့သော် တကယ်ဖြေရတော့ ထို ဂရပ်ပုစ္ဆာတွေက ဒုက္ခအပေးဆုံးလေ။ တစ်ပုဒ်မှ အဆင်မပြေ။ ကျွန်တော်ဖြင့် ဆရာမကို အားနာလိုက်တာလေ။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW