ယောဒေသ ၊ဆောမြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်ခံရလို့ လေးယောက်သေပြီး ရှစ်ယောက်ဒဏ်ရာပြင်းထန်ရရှိ

ဇွန် ၂၈ ၊ ၂၀၂၆
GG (VOM )
မကွေးတိုင်း ၊ ယောဒေသ ၊ ဆောမြို့နယ် ၊လောင်းရှည်တိုက်နယ် ၊ နတ်ကောင်းကျင်းရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေဆုံးကာ ရှစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
မနေ့က ဇွန် ၂၇ ရက်နေ့ ၊ ညနေ ၅ နာရီခွဲလောက်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုအတွင်းမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိခဲ့တာ ဖြစ်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ စိုးရိမ်ရသူတွေ ရှိနေ တယ်လို့ သိရပါတယ် ။
” ခုသိရတာတော့ လေး​ယောက်သေတယ်။ ရှစ်​ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေထဲမှာ.ခြေထောက်တွေ ၊ လက်တွေ ပြတ်ထွက်တာရှိတယ်သိရတယ်။ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတာတွေလည်းရှိတယ် သိရတယ်။ အခုဖြစ်တဲ့ ရွာက ချင်းနဲ့ မကွေးအစပ်က ရွာတွေပါ ။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ လူသေဆုံးနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုအပြင် နေအိမ် ၁၀ လုံးလောက်လည်း မီးလောင်မှုရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ မနေ့က တချိန်တည်းမှာပဲ ဆောမြို့နယ်ထဲက ရင်းကဲကျေးရွာမှာပါ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးတာမျိုးမရှိဘူးလို့ သိရပါတယ်။
လက်ရှိမှာ ချင်းပြည်နယ် ၊ ကန်ပက်လက် နဲ့ မင်းတက် ဘက်မှာတိုက်ပွဲ ပြင်းထန် ဖြစ်ပွားနေသလို ချင်းနဲ့ မကွေးတိုင်း အစပ်က ဆောမြို့နယ်ထဲကိုလည်း အစိုးရတပ်တွေက စစ်ကြောင်းထိုး နေတာကြောင့် ကျေးရွာအများစု စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
အစိုးရတပ်စစ်ကြောင်းဟာ အရင် မေလဆန်းပိုင်းလောက်ကစပြီး လောင်းရှည်တိုက်နယ်နဲ့ ပေါက်မြို့နယ်ဘက်ကနေမှ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ဆောမြို့နယ်ဘက်ကို အင်အား အများအပြားနဲ့ စစ်ကြောင်းထိုးပြီး ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ သီးကုန်း–လောင်းရှည် လမ်းပိုင်း၊ပိန်းချောင်း–လောင်းရှည် လမ်းပိုင်း၊အင်ဘူး–လောင်းရှည် လမ်းပိုင်းကို သွားလာခြင်းကို လုံးဝရှောင်ရှားပေးကြပါဆိုပြီး ဇွန် ၂၅ ရက်မှာ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က အသိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိ ယောနယ်တောင်ပိုင်းထဲက လောင်းရှည် – ကျောက်ထု – ပေါက်လမ်းပိုင်းမှာရှိတဲ့ ကျေးရွာပေါင်း ၂၅ ရွာအပြင် ဆောမြို့ပေါ်နေထိုင်သူတွေပါ စစ်ဘေးရှောင်နေကြရပြီး စစ်ရှောင်အရေအတွက် ၁၅၀၀၀ ထက်မနည်းရှိတယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဘေးရှောင်တွေအနေနဲ့ တိမ်းရှောင်နေရတာ လနဲ့ချီကြာမြင့်နေပြီဖြစ်တာကြောင့် ဆန်ပြတ်လပ်မှုရှိလာပြီး စတဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW