ဆူးငှက်
၃လကြာ သင်တန်း၏ ကာလ တဝက်ကျော် အကြာ
—————————————————–
ရန်ကင်းတောင်ခြေရှိ သမဝါယမ သင်တန်းကျောင်းတွင် စိတ်မပါ လက်မပါ တက်ရောက်ရာတွင် ပမ၁လခွဲလောက်ကတော့ ကင်မရာလွယ်ကာ ပိုက်ဆံရှာပြီး ဖာသိဖာသာပဲ နေခဲပသည်။ အဆောင် ၄တွင် အတူတေကြသည့် သင်တန်းသားများ ထဲက ခုတင်ချင်းကပ်ရက်တွင် မကွေးတိုင်းသ/မ က ကိုသန့်ဇင်ရှိသည်။ သူက လူကြီးဆန်သည်။ ထို့နောက် ၂ခုတင်ကျော်က ဆင်ပေါင်ဝဲသား ကိုဇော်လွင်ရှိသည်။ သူက ကျွန်တော့်ကို အတော်ခင်သည်။ နံမည်ကိုပင်မခေါ်၊ ညီရေ.. ညီရေ.. ဟုပဲခေါ်သည်။ ထို့နောက် သူ့ခုတင်နှင့် ခြေချင်းဆိုင်မှာ မကွေးသား ကိုဇော်လင်းရှိသည်။ သူက မင်းသား၊ ဆံပင်အရှည်မှာ လှိုင်းထနေပြီး အရပ်ရှည်ရှည်နှင့် ရုပ်ချောသည်။ ဝတ်တာ စားတာ သပ်ရပ်သည်။ အဆောင်တွင် ကျွန်တော်က ထို၃ယောက်နှင့် ပဲ တွဲဖြစ်သည်။ နောက်တော့ မေမြို့ခရီးစဉ်အပြီး စင်ပေါ်တက်ကာ တောင်ရောက် မြောက်ရောက်ပြောပြီးမှ ကျန်သူများက ကျွန်တော့်ကို လာစကားပြောဖော် ရသည်။ ပြောကြမှာပေါ့။ နဂိုက ကျွန်တော် က အေးအေးဆေးဆေးနေသည်။ စကားလည်း သိပ်မပြော၊ သိသည်ကိုပင် သိကြောင်းမပြော။ ထို့ကြောင့် သိပ်အဖက ်မလုပ်ကြ။
မေမြို့ပွဲ ပြီးမှ ကျောင်းအုပ်ကြီး ကိုယ်တိုင်ကပင် ညနေစောင်း ကျောင်းထဲ လမ်းလျှောက်ထွက်ရင်း ကျွန်တော်တို့အဆောင်ဘက်သို့ ကူးလာကာ ကျွန်တော်နှင့် စကားစမြီပြောဖြစ်သည်။ ထိုသို့ပြောဖြစ်ရင်း ကျောင်းအုပ်ကြီးကလည်း စာသမားမို့ စာအုပ်တွေအကြောင်း ပြောရင်း ကျွန်တော် ဆောင်းပါးတွေ ရေးမှန်း သိသွားသည်။ ထားတော့။
သင်တန်းမှာက မနက်၆နာရီတွင် break fast အဖြစ် ထမင်းကြော်နှင့် အကြော်များကျွေးသည်။ နေ့လယ်နှင့် ညစာမှာ ထမင်းဟင်းပေါ့။ အစားအသောက်လည်း ကောင်းပါ၏။ ကျွန်တော်က မနက်စောစာ ထမင်းကြော်ကို သဘောကျသည်။ ထို့ကြောင့် မပျက်မကွက်စားဖြစ်သည်။ တချို့ကကျ မနက်စောစာကို ထမင်းစားဆောင်မှာ မစားဘဲ ကျောင်းအဝင် ဂိတ်ပေါက်အနီးက လက်ဖက်ရည်ဆိုင်လေးသို့ ခီတက်ကြသည်။ ထိုဆိုင်လေးမှာက မနက်ပိုင်းမှာ လက်ဖက်ရည် ကော်ဖီနှင့် ပလာတာ လပ်တရာ ပေါင်မုန့်ကြော် စသည်တို့ ရသည်။ ထိုဆိုင်လေးက ညအထိ ဖွင့်တတ်၏။ ကျွန်တော်ကတော့ ထိုဆိုင်လေးသို့ ညပိုင်း အဆောင်မပိတ်ခင်တော့ ကိုဇော်လင်းတို့နှင့် ရောက်ဖြစ်သည်။
သုံးထပ်ပြား အကာ၂ချပ်ကြား လက်၄လုံးလောက်လွတ်နေတဲ့ နေရာ
———————————————————————-
ကျောင်းက ထမင်းစားဆောင်က အဝင်ပေါက် နှင့် နီးကာ လက်ဖက်ရည်ဆိုင်လေးနှင့် ဓားလွယ်ခုတ်လောက် လမ်းမြောက်ခြမ်းမှာ ရှိသည်။ ထမင်းစားဆောင်က အလယ်တွင် ထောက်များနှင့် ထောင်ထားသည့် သုံးထပ်ပြားဘုတ်များ ကို ဆက်ကာ ထောင်ထားပြီး ၂ကန့်ခွဲထား၏။ အမျိုးသားနှင့် အမျိုးသမီး ကို ခွဲထားခြင်း ဖြစ်သည်။ မနက် break fast ရော နေ့လယ်စာ ညစာရော ကျွန်တော်၊ ကိုသန့်ဇင်၊ ကိုဇော်လင်းနှင့် ကိုဇော်လွင်တို့က ထိုင်နေကျနေရာဖြစ်သော အခန်းအလယ်က သုံးထပ်ပြား ဘုတ်အကာအနီးက ခုံတွင် တွင် အမြဲထိုင်ကြသည်။
ထိုင်နေကျနေရာတွင်သာမက ထိုင်နေကျ ခုံမှာပဲ မပြောင်းမလဲ ထိုင်ကြသည်။ ကျွန်တော် ထိုင်သည့်နေရာက မျက်နှာချင်းဆိုင် တည့်တည့်မှာ သုံးထပ်ပြားဘုတ် ၂ချပ်ဆက်ထားသည့် နေရာနှင့် တည့်တည့်ဖြစ်နေသည်။ ထောက်နှင့် ရိုက်ကာ ထောင်ထားသည့် သုံးထပ်သားဘုတ် ၂ချပ်ဆက်သည့် နေရာက လက်၄လုံးစာလောက် လွတ်နေသောကြောင့် တစ်ဘက်က အမျိုးသမီးစာပွဲကို မြင်နေရသည်။ ထိုဘက်က စာပွဲတွင်လည်း ကျွန်တော်တို့လို နေရာမပြောင်းဘဲ ထိုင်ကြသည့် အမျိုးသမီးအဖွဲ့ရှိပုံရသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်က လွတ်နေသော ထိုအကန့်ကြားမှ တစ်ဘက်ကို သတိထားမိသည့်နေ့ကစ၍ နေ့စဉ် မနက်စော၊ နေ့လယ်၊ ညစာ ၃ကြိမ်စလုံး သူတို့ကိုပဲ မပြောင်းမလဲ တွေ့နေရလို့ ဖြစ်သည်။ ထိုမျှသာမက သူတို့လည်း စာပွဲနေရာသာမက ထိုင်သည့် ခုံကိုပါ ထိုင်နေကျနေရာကို ကျွန်တော်တို့လို မပြောင်းလဲလို့ ဖြစ်မည်။ လက်၄လုံးစာ လွတ်နေသည့်နေရာမှတဆင့် ကျွန်တော့်ဘက်က မျက်နှာချင်းဆိုင်မြင်နေရသူကလည်း သူတစ်ယောက်တည်း ဖြစ်သည်။
ဆံပင်က ပုခုံးစွန်းလောက်ထိ ရှည်ကာ လှိုင်းတွန်း အကောက်ပြေပြေလေး ဖြစ်သည်။ အသားက ခပ်လတ်လတိနှင့် မျက်ခုံးမွှေးက သိသာစွာ ထင်းသည်။ နှာတံက စင်းစင်းနှင့် သွားဖုံးနည်းနည်းမောက်သည်။ အသက်က ၂၀ကျော် ၂နှစ်စွန်းလောက် ရှိမှာပေါ့။ တစ်နေ့ ၃ကြိမ် စနေတနင်္ဂနွေက လွဲလို့ နေ့စဉ် လချီကြာ မြင်နေရတော့ နှုတ်က စကားအဖြစ်မပြောဖြစ်ကြပေမယ့် “သြော်..၊ ရောက်နေပြီလား၊ ဒီနေ့ ဟင်း ကာင်းတယ်နော်၊ ဒီနေ့စားရတာ အဆင်မပြေဘူး၊ စားပြီးပြီလား၊ ဘာမှလည်း မစားဘူး၊ ဟင်းမကြိုက်လို့လား၊ ဒီမှာ ပုစွန်ခြောက်ကြော်ဘူးပါတယ်လေ၊ ယူမလား၊ ပြန်တော့မယ်နော်၊ မစောင့်တော့ဘူး၊ ဒီနေ့ အိပ်ရာထနောက်ကျနေလို့ ရေမချိုးရသေးဘူး၊ အတန်းမတက်ခင် ရေချိုးရမှာမို့၊ မနေ့ညက ကောင်းကောင်း နေမကောင်းဘူး၊ ဒါကြောင့် ထမင်းကြော်ကို သိပ်မစားနိုင်ဘူး” စသည်ဖြင့် မျက်လုံးမျက်နှာ အမူအရာတွေနှင့် ပြောဖြစ် နေကြလို့ ရင်းနှီးနေပြီဟု ဆိုကြပါစို့။ သူနှင့်က section မတူလို့ အတန်းမတူ၊ သို့သော် သူက စဉ့်ကိုင်နယ်ထဲက ။
နင့် သံယောဇဉ်ကို ငါသိပါတယ် မပြောကြေး
————————————–
အခြေခံသ/မ စာရေးဝန်ထမ်းဆိုတာ သိသည်။ နံမည်က ခင်သီတာ (အမည်လွှဲ) ဆိုပါစို့။ သည်နေရာတွင် စကားစပ်လို့ မိန်းကလေးနှင့် ယောက်ျားလေး အကင်းပါးပုံကွာခြားတာ ပြောလိုပါသည်။ ကျွန်တော်နှင့်သူ သုံးထပ်ပြား ၂ချပ်ကြား လက်၄လုံးလောက် နေရာလေးမှ မျက်လုံးပြူးပြ မေးဆတ်ပြနှင့် ဖလှယ်နေကြတာ တပတ်မျှ မကြာခင်မှာ သူနှင့် အတူထိုင်သည့် အဖော်မိန်းကလေးတွေက ရိတ်မိလို့ သူ့ကို မသိမသာ စပြောင်နေတာ ရိပ်မိသည့် ကျွန်တော်နှင့် အတူထိုင်သည့် မကွေးသား ဆင်ပေါင်ဝဲသားတွေကတော့ ဘာမှ မသိ၊ စိတ်လည်းမဝင်စား၊ ကိုသန့်ဇင်က သင်တန်းက စာတွေပဲ စိတ်ဝင်စားသည်။ ကိုဇော်လင်းက သူနှင့် အတူ သင်တန်းလာတက်သည့် သူတို့ဌာနက အခုသင်တန်းတွင် Queen ဟု အများက အသိအမှတ်ပြုထားသည့် စာရေးမ လှလှ မြင့်မြင့် တောင့်တောင့် ချောချောကို ဘယ်သို့ဘယ်ပုံ ချဉ်းကပ်ရမလဲဆိုတာပဲ စဉ်းစားနေသည်။ ဆင်ပေါင်ဝဲသား ကိုဇော်လွင်ကတော့ စည်းကမ်းတင်းကျပ်လွန်းသော သင်တန်းနှင့် အဆောင်မှာ ညနေ နေမညိုခင် လေပြိုနေကျမို့ ဆရာတွေအလစ် ရေကန်ဘေး ဝှက်ထားသည့် ဆေးခါးကြီး လက်ကျန်နှင့် အလျင်မီ ဖြည့်တင်းရေးပဲ ခေါင်းထဲမှာ ရှိနေ၏။
သည်နေရာတွင် ကျွန်တော့် ပရိသတ်က ကိုယ့်လူကလည်း အိမ်မှာ မိန်းမကို ထားခဲ့ပြီး ဒီမှာ လူပျိုလုပ်နေတာပေါ့လေ ဟု ကျွန်တော့်ကို နှာခေါင်းရှုံ့ အပြစ်တင်ကြလိမ့်မည်။ တကယ်တော့ တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးလို ခင်မင်လိုခြင်းသာ ဖြစ်ပါ၏။ ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ တစိမ်းတရံ မိန်းကလေး ယောက်ျားလေး သံယောဇဉ်ကို ၁၅၀၀ စိတ်နှင့်ပဲ ဇလုတ်တိုက် သတ်မှတ်ကြသည်။
ရင်းနှီးခြင်း ခင်မင်ခြင်းဟူသည် တစ်ဦးနှင့် တစ်ဦး ကူညီခြင်း ဖေးမခြင်းလည်း မည်ပါ၏။ သင်တန်းတွင် တစ်ပတ်တစ်ကြိမ် Section ပေါင်းစုံ ပင်မခန်းမကြီးထဲ စုဝေးကာ ပို့ချချက်များ တက်ရခြင်း သို့မဟုတ် ဟောပြောပွဲများ တက်ရခြင်း ရှိသည်။ ထိုအချိန်မျိုးတွင် သူက ကျွန်တော်ရှိမည့်နေရာကို ခန်းမအပေါက်ကနေ ရှာကာ မြင်သည်နှင့် အနီးဆုံးလွတ်သည့်နေရာ ဝင်ထိုင်သည်။ သူရော ကျွန်တော်ရောက တစ်ဦးနှင့် တစ်ဦး မိတ်ဆက်ချင်တာ တစ်ယောက်အကြောင်းတစ်ယောက် စကားတွေ ပြောချင်တာမျိုး ဖြစ်သည်။ သို့သော် သူကလည်း အနီးဆုံးနေရာမှာ ထိုင်ဖြစ်တာ၊ ထမင်းစားဆောင်ထဲမှာ အကန့်ကြားကနေ ချောင်းကြည့်ကြတာ ဒီအဆင့် ထက် မပိုရဲကြ၊ ကျွန်တော်ကလည်း သူ့ကို သေချာတွေ့ပြီး စကားတွေပြော၊ စနေတနင်္ဂနွေမှာ ဘုရားဖူးလိုက်ပို့ ဆိုလျှင် မြင်သူတွေက မိန်းမရှိလျက်နဲ့ဟု ပြောကြမည်။ သူ့ကိုလည်း အညှာလွယ်ရန်ကောဟု ကဲ့ရဲှုတင်းဆိုကြမည်။ သို့သော် လူသား၂ဦးအတွက် ကိလေသာမပါသော ခင်မင်မှုမျိုး ရင်းနှီးမှုမျိုး အပြန်အလှန်ကူညီမှုမျိုးက မရှိရတော့ဘူးလား။
သင်တန်းဆင်းပွဲ ခမ်းနားချင်သတဲ့
———————————–
သည်လိုနှင့် တစ်ရက်တွင် ကျောင်းအုပ်ကြီးက သူ့ရုံးခန်းမှာ ကျွန်တော့်ကို ခေါ်တွေ့သည်။ ကျောင်းအုပ်ကြီး၏ ရုံးခန်းရောက်တော့ ဆရာကြီးက ကျွန်တော့်ကို ကော်ဖီတစ်ခွက်တိုက်ပြီး ယခု ဖွင့်လှစ်သည့် သင်တန်းက အောင်မြင်ပါကြောင်းနှင့် သင်တန်းသားအရေအတွက်လည်း အများဆုံးဖြစ်ပါကြောင်း၊ နေရာဒေသ အစုံ နှင့် ပညာရေး အရရော လူမှု ဝန်းကျင် အရရော အလွှာစုံမို့ ထိုမတူညီခြင်းများအပေါ် အသုံးချကာ အပြန်အလှန် အထောက်အကူများလည်းရပါကြောင်း ပြောပြသည်။
ထို့ကြောင့် သင်တန်းပြီးလျှင် သင်တန်းဆင်းပွဲကို ခမ်းနားစွာ ပြုလုပ်လိုပါကြောင်း၊ ဝန်ကြီးဌာနမှလည်း သင်တန်းကို စိတ်ဝင်စားသောကြောင့် ဒု ဝန်ကြီးအဆင့်က တက်ရောက်မည် ဖြစ်ကြောင်း၊ သင်တန်းသားများကို ဂုဏ်ပြု ညစာစားပွဲနှင့် အတူ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျင်းပလိုပါကြောင်း၊ ဒါကြောင့် လာမည့် တနင်္လာနေ့တွင် အဆောင်မျာ၏ ကိုယ်စားလှယ်သင်တန်းသားများပါ ဖိတ်ကြားပြီး အစီအစဉ်အတွက် စည်းဝေးမည်မို့ ဦးကျော်ဆန်းက အဆောင်ကိုယ်စားလှယ်အနေနှင့် မဟုတ်ဘဲ ပညာရှင်အနေနှင့် ဆရာများဘက်မှ အားဖြည့် တက်ရောက်ဆွေးနွေးပေးဖို့ ကြိုတင် အသိပေးခြင်း ဖြစ်ပါကြောင်း ဟု ရင်းရင်းနှီးနှီး ပြောပြသည်။ သင်တန်းဆင်းပွဲက တစ်လနီးပါးလိုသေးသော်လည်း ကြိုတင် စီစဉ်သည့် သဘောဖြစ်သည်။ ထို့ကြောင့် ဆရာကြီးက ထိုနေ့ တက်ရောက်မည့် အဆောင် ကိုယ်စားလှယ်များ စာရင်းကို ကျွန်တော့် ပေးလိုက်သည်။
ထိုသတင်းက အချို့ဆရာများကတဆင့် သငိတန်းသားတွေ အတော်များများသိနှင့်ကြပါပြီ။ ထို့ကြောင့် အဆောင်မှာ သီချင်းဆိုချင်သူ ပြဇာတ်ကချင်သူတွေလည်း တီးတိုးတီးတိုး လုပ်နေကြပါပြီ။ သူတို့ကတော့ ပွင့်ပွင့်လင်းလင်းပဲ ပွဲအတွက် ပျော်နေ စီစဉ်နေကြပြီပေါ့။ ကျွန်တော်ကတော့ ထုံးစံအတိုင်း မပွင့်တပွင့်နှင့် အုံ့ပုံး ကြိတ်ကာ ရင်ခုန်နေပြီ။ ရွာဦးကျောင်းဆရာတော် နှာစေးချောင်းဆိုးနေတယ် ကြားကတည်းက စိတ်ကူးထဲမှာ လှော်လှော်ယိမ်း တိုက်ကာ နှုတ်က ဗေထီ၊ ဗေထီဟု ပတ်မသံပေးနေသလိုပေါ့။ ပိုရင်ခုန်တာက အဆောင်ကိုယ်စားလှယ်စာရင်းတွင် အဆောင်၂ကိုယ်စားလှယ်အဖြစ် နံမည်ကိုလည်း တွေ့လိုက်ရလို့ ဖြစ်သည်။
ဆူးငှက်
