သူတို့အိမ် အခန်း (၁၅၃)

 

ဆူးငှက်

၁၀တန်း ဘောဂဗေဒ စာအုပ် ဖတ်ဖူးလို့သာ
————————————————–

တစ်ခါတရံ မထင်မှတ်သော ပြဿနာတစ်ရပ်ကို ရင်ဆိုင်ရတော့မည် ဆိုလျှင် တွေဝေ စိုးရွံ့ စဉ်းစားမနေဘဲ တုံးတိုက်တိုက် ကျားကိုက်ကိုက် မတုံ့မဆိုင်း ထိပ်တိုက်တွေ့လိုက်တာက အင်အားတစ်ရပ်ကို ရုတ်ချည်း ရလိုက်ကာ သတ္တိတွေက အလိုလိုရရှိလာတတ်သည်။ အခုလည်း အခမ်းအနားမှူးက ကျွန်တော့်နာမည် ခေါ်လိုက်တာ သေချာတာနှင့် ထိုင်နေရာက ချက်ချင်းထပြီး ရှေ့ခုံက ကိုဇော်လင်းထိုးထည့်ပေးသည့် မှတ်စုစာအုပ်ကိုပင် စောင့်ဆိုင်း မယူဆောင်တော့ဘဲ စင်မြင့်ဆီသို့ ရဲရဲဝံ့ဝံ့ ခပ်သွက်သွက် တက်လိုက်သည်။ ပြောစရာတွေ အများသား ဟူသော ဟန်ကိုယ့်ဖို့ ဖြစ်ပါ၏။ သို့သော် ခေါင်းထဲမှာ ဘာမှ မရှိသေး။ စကားပြောခုံရှေ့ ရောက်တော့ ပြောချလိုက်မဟေ့ ဟူသော ပုံစံမျိုးဖြင့် မိုက်ကို ခပ်တည်တည် ပြင်သည်။ အမှန်က စကားစရှာခြင်းဖြစ်၏။ ထိုစဉ်မှာပဲ စတင်ပြောရမည့် စကားစက ဖျပ်ခနဲ ပေါ်လာတော့၏။

သမဝါယမ တဲ့။ ထိုစကားရပ်က ဘာလဲ၊ ဖတ်ဖူးမှတ်ဖူးသော စာအရ သမဝါယမ ဟူသည် ပါဠိစကားလုံး ဖြစ်ကြောင်း၊ “သမ” ဟူသည် ပူးပေါင်းခြင်း၊ “ဝါယမ” ဟူသည် အင်အားစိုက်ထုတ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် သမဝါယမမှာ “အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း” ဟု အဓိပ္ပာယ် ရကြောင်းနှင့် ဂျာမနီနိုင်ငံ၌ လယ်သမားများ၏ ငွေစုငွေချေး သမဝါယမအသင်း များကို ၁၈၆၂ ခုနှစ်က စတင်တည်ထောင်ခဲ့ “အများအကျိုးကို တစ်ဦးစီက ဆောင်ရွက်၍ တစ်ဦးစီ အတွက် အများကဆောင်ရွက်သည်” (One for all – All for one) ဆိုသည့် သမဝါယမဆောင်ပုဒ်ကို တီထွင်ခဲ့ရာ အဓိပ္ပာယ်အားဖြင်‌့ “တစ်ဦးစီ၏ အကျိုးကို အများက၊ အများအကျိုးကို တစ်ဦးစီက ပူးပေါင်းဆောင်ရွက်ခြင်း’ ဖြစ်ကြောင်း နိဒါန်းပျိုးလိုက်သည်။ ဒါဆိုရပြီ၊ ဒီခေတ်စကားနှင့် ဆိုလျှင် ရွှီးလို့ ရပြီ။ မန္တလေးစကားနှင့် ဆိုလျှင် “ဘလပ်ပေါက်” လုပ်လို့ရပြီ။ “ဘလပ်ပေါက်” ဆိုသည်မှာ သဘင်သည် စကားဖြစ်၏။ ဆိုလိုတာက ပလီပလာနှင့် သရုပ်ဆောင်လို့ ရပြီပေါ့။ စကားစ ရသည်နှင့် ထိုစကားစနောက်သို့ လိုက်ရုံပေါ။ ရှေ့အုပ်စုက ပြောသွားသမျှ “သမဝါယမ” ဆိုသည်နှင့် ဆိုရှယ်လစ်စကားလုံး ဆိုရှယ်လစ် အပြုအမူဟု တရာသေစွဲကာ ပြောသွားကြသူချည်းဖြစ်သည်။

သမဝါယမဆိုတာ ဆိုရှယ်လစ်စံနစ်အောက်မှာမှ မဟုတ်တာ
—————————————————————-

ထို့ကြောင့် သမဝါယမ၏ အဓိပ္ပာယ်ကို ပြောပြီးသည်နှင့် ဆိုရှယ်လစ်စံနစ်လက်အောက်ခံ၊ ဆိုရှယ်လစ်စံနစ်၏ အမူအကျင့် လုပ်ထုံးလုပ်နည်းမဟုတ်ကြောင်း ထပ်ပြောသည်။ အင်္ဂလန်နိုင်ငံတွင် ၁၈၃၆ ခုနှစ်မှစ၍ လူတို့၏ စီးပွားရေးအခြေအနေများ ဆုတ်ယုတ်ကျဆင်းလာပြီး စီးပွားရေးပျက် ကပ် ဆိုက်ခဲ့ပါသည်။ အဆိုပါစီးပွားရေး ကပ်၏ ဒဏ်ကြောင့် အချို့မှာ အလုပ်လက်မဲ့ဘဝသို့ ကျရောက်ခဲ့သည်။ စားသုံးကုန် ဈေးနှုန်းများ အဆမတန်ကြီးမြင့်ခြင်း၊ အရောအနှော စားသုံးကုန်များကို အန္တရာယ်ကြီးမားစွာ ဝယ်ယူစားသုံးနေရခြင်း၊ လူနေထိုင်ရန် မသင့်လျော်သည့် နေအိမ်အခန်းများတွင် ပြွတ်သိပ်၍ နေထိုင်ကြရသည်။

ဤသို့ဖြင့် အင်္ဂလန် ရော့ခ်ဒေးလ်မြို့မှ စိတ်တူသဘောတူဖြစ်ကြသည့် ဖလန်နယ် ရက်ကန်းသမား ၂၈ ဦးက တည်ငွေရရှိရေးအတွက် တစ်ဦးလျှင် တစ်ပဲနိမှ တစ်သျှီလျှင် အထိ တတ်နိုင်သမျှအသီးသီး ထည့်ဝင်စုဆောင်းကြကာ ရော့ခ်ဒေးလ်ကုန်စုံဆိုင် သမဝါယမ အသင်းကို တည်ထောင်ခဲ့ကြခြင်း ဖြစ်ကြောင်း ခပ်တည်တည် ပြောလိုက်သည်။ ကျွန်တော်သည် သမဝါယမနှင့် ပတ်သက်၍ ဤသို့ မတောက်တခေါက် သိထားခြင်းမှာ ဝမ်းကွဲအစ်ကို ကိုမန်းမောင်က ၁၀တန်းတွင် ဘောဂဗေဒဘာသာတွဲနှင့် ဝိဇ္ဇာတွဲ ဖြစ်သည်။ သူက ဘောဂဗေဒ ဘာသာက စာတွေကို ကျက်တိုင်း ထိုအကြောင်းအရာတွေက ထပ်တလဲလဲ ကြားနေရလို့ ဖြစ်သည်။ ကျွန်တော်သည်လည်း နဂိုက သမဝါယမဟူသည် ဆိုရှယ်လစ်စံနစ်၏ လက်အောက်မှ လုပ်နည်းလုပ်ဟန်ဟု ထင်မြင်နေရာမှ ကိုမန်းမောင်က ဘောဂဗေဒ ဘာသာမှ သင်ခန်းစာကို ကျက်မှတ်နေသည်အား ခဏခဏ ကြားနေရတော့ စိတ်ဝင်စားသဖြင့် သူ့စာအုပ်ကို ယူ၍ ဖတ်ခဲ့ခြင်း ဖြစ်သည်။ ဒီ့ထက်လည်း ပိုမသိ။

မြန်မာနိုင်ငံမှာလည်း ခရစ်နှစ် ၁၉၀၅ ခုနှစ်လောက်ကတည်းက စစ်ကိုင်းတိုင်းး မြင်းမူမြို့ ငွေစုငွေချေးအသင်း စတင်ဖွဲ့စည်းဆောင်ရွက် ခဲ့သောကြောင့် သမဝါယမ စတင်သန္ဓေတည်ခဲ့ရာ မြန်မာ့ သမဝါယမသက်တမ်းသည်ပင် နှစ်၁၀၀ကျော် ပါပြီ။ ဒါကတော့ ကျွန်တော်တို့ အလုပ်ရုံသို့ ညွှန်ကြားရေးမှူး ဦးအေးမောင် လာစဉ်က ပြောကြားခဲ့လို့ သိရခြင်း ဖြစ်သည်။ ထို့ကြောင့် ဆိုရှယ်လစ်ခေတ်ရောက်မှ သမဝါယမဟူသည် ပေါ်ပေါက်လာတာ မဟုတ်ကြောင်း (သဘင်စကား) အမျက်တိုက်၍ ပြောကြား လိုက်ရသည်။

ထို့နောက် သမဝါယမ စကားရပ်ဟူသည် အများစုပေါင်း၍ ကုန်ထုတ်၊ ကုန်ရောင်း စသည့် လုပ်ကိုင်ကာ တရားသဖြင့်ရသည့် အကျိုးအမြတ်ကို မျှတစွာ ခံစားသည့် လုပ်ငန်းဖြစ်ကြောင်း၊ သမဝါယမ၏ သမိုင်းအစ ရော့ခ်ဒေးလ် သမဝါယမအသင်း အောင်မြင်ရခြင်းအကြောင်း မှာ မိမိတို့၏ လိုအပ်ချက်များကို တိတိကျကျ ဆန်းစစ်၍ ရည်ရွယ်ချက်ကို စံနစ်တကျချမှတ်ခြင်း၊ ထိုရည်ရွယ်ချကမျာ်း အောင်မြင်ရန် တက်ကြွသော ဆန္ဒရှိခြင်း၊ တစ်ဦးချင်းကလည်း မိမိတို့ တတ်နိုင်သလောက် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ဆန္ဒတူသူများ စုပေါင်းမိခြင်း၊ ဆန္ဒတူသူများသာ စုစည်းမိ၍ ညီညွတ်ခြင်း၊ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်ခြင်း၊ သမဝါယမအသင်းဖွဲ့စည်းရာတွင် မည်ကာမတ္တ ဖွဲ့စည်းခြင်း မဟုတ်ဘဲ မိမိတို့၏ ရည်ရွယ်ချက် ပန်းတိုင်ရောက်ရှိရန် အလေးနက်ထားဖွဲ့စည်းခဲ့ခြင်း စသည့် သမဝါယမလုပ်ငန်း လုပ်ကိုင်သူများ စံနမူနာထား အတုယူဖွယ်ရာဖြစ်ကြောင်း ပြောကာ နမူနာအနေနှင့် ကိုယ့်ငါးချဉ် ကိုယ်ချဉ်ပြလိုက်ရသည်။

စီမံကိန်းအထက်ကလား၊ အောက်ကလား
———————————————-

၁၉၆၂ တော်လှန်ရေးကောင်စီတက်ပြီး ၁၉၆၄ခုနှစ် စက်တင်ဘာလတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များထံက ထွက်ခွာလာကြသည့် ဖိနပ်ချုပ်အလုပ်သမား ၅ဦးသည် တစ်ဦးလျှင် အစုရှယ်ယာ ၅၀ကျပ်စီဖြင့် လုပ်သားစုပေါင်း ဖိနပ်ချုပ်လုပ်ငန်းကို စတင်ထူထောင်ခဲ့ခြင်းက ဆန္ဒတူသူများ စုစည်းမိခြင်းနှင့် ညီညွတ်ခြင်းဖြစ်ကြောင်း၊ ၁၉၇၂ခုနှစ်တွင် ပြဋ္ဌာန်းသော သမဝါယမစီမံကိန်းတွင် ထိုအသင်းမှာ အခြေခိုင် အောင်မြင်လျှက်နှင့် သမဝါယမအသင်းအသွင် ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်။ ပေါ်ပေါက်လာသည့် သမဝါယမ စီမံကိန်းကြောင့် ထိုစီမံကိန်းနှင့် အံဝင်အောင် မိုးပေါ်ကျ ဖွဲ့စည်းခဲ့သည့် အသင်းမဟုတ်ကြောင်း ဖိနပ်ချုပ်လုပ်သားများ၏ ကိုယ်ပိုင် အစုရှယ်ယာငွေဖြင့် မတည်ကာ သူတို့ကိုယ်တိုင် ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံဖြင့် လုပ်ငန်းထူထောင်ကာ အောင်မြင်အောင် မောင်းနှင်ခြင်းသည် နံပတ် ၁ အဓိက အချက်အလက်ဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးစံနစ်အရ ပေါ်ပေါက်လာသည့် သမဝါယမ စီမံကိန်းဆိုသည်က အဓိက မဟုတ်ဘဲ နံပတ် ၂ မှာပဲရှိကြောင်း စိတ်ထဲရှိသလို ပြောလိုက်သည်။

ထိုကာလတွင် စီမံကိန်းကို အဓိကထားကာ အံဝင်အောင် ဖွဲ့ကြသည့် သမဝါယမ တံဆိပ်ကပ် အသင်းများက အစစ်အမှန်မဟုတ်ဘဲ ပြယုဂ်များသာဖြစ်ကြောင်း၊ စီမံကိန်းကြောင့် ရရှိမည့် သကြားကုန်ကြမ်းများကို အစိုရထုတ်ဈေးဖြင့် ရရှိကာ ဝေးချိုသို့ လက်လွှဲသွင်းလိုက်လျှင် မတန်တဆအမြတ်ရမည်မို့ ချိုချဉ်အလုပ်သမားများအား နေ့စားခေါ်ယူကာ ကုန်ချောထုတ်လုပ်မှုကို ဟန်ပြပဲလုပ်သည့် သကြားပွဲစားများက ဖွဲ့စည်းသည့် ဟန်ပြ သမဝါယမ မဟုတ်ကြောင်း။ ထို့ပြင် သမဝါယမဟူသည် စစ်မှန်သော ကုန်ပစ္စည်းကို သက်သာမှန်ကန်သော ဈေးနှုန်းဖြင့် လိုအပ်ည့်အချိန်တိုင်း လွယ်လင့် တကူ ဝယ်ယူနိုင်ရမည့်အစား မြေနေရာတစ်နေရာ ရလျှင် နည်းလားဟူသော စိတ်ဖြင့် အသုဘပို့မှ ရောက်ရမည့်နေရာအစွန်အဖျားတွင် ကောင်တာအလွတ်များဖြင့် ဟန်ပြသမဝါယမ ကုန်စုံဆိုင်လည်း မဖြစ်သည့်ကြောင်း၊ မနက်က သွားရောက်ခဲ့ရသည့် မေမြို့က သမဝါယမအသင်း သည် ဈေးကလေးထိပ်တွင် ဖွင့်လှစ်ထားသောကြောင့် စားသုံးသူများအတွက် နေရာထိုင်ခင်းအရ အဆင်ပြေကြောင်းဖြင့် ခရီးစဉ်ဘက် လှည့်ပြောလိုက်သည်။

ထိုမျှသာမက လူသုံးကုန်နှင့် စားသောက်ကုန်များကို ဈေးကလေးအတွင်းက ကုန်စုံဆိုင်များနှင့် ပစ္စည်း အရည်အသွေး ဈေးနှုန်းစသည်တို့ကို ယှဉ်ပြိုင် ရောင်းချနိုင်ရန် ဆက်လက်ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ သမဝါယမ ကုန်စုံဆိုင် အောင်မြင်ခြင်းသည် စားသုံးသူများအတွက် အကျိုးရှိခြင်းနှင့် အတူ အသင်းသားများအတွက်လည်း အစုပေါ်အမြတ်များကို စို့စို့ပို့ပို့ ရရှိနိုင်သဖြင့် သားရွှေအိုးထမ်းလာသည်ကို မြင်တွေ့သလို ခံစားရမည်ဖြစ်ကြောင်း၊ ထိုသို့ လွန်ခဲ့သော နှစ်ပေါင်း ရာကျော်ကတည်းက အများအကျိုးအတွက် ကမ္ဘာနှင့်ချီကာ အောင်မြင်ခဲ့သည့် လုပ်ငန်းကို မြန်မာပညာရှင်များက ကျစ်လျစ်ပြီး အဓိပ္ပာယ် ပြည့်ဝလှသည့် “သမဝါယမ” ဟူသော စကားလုံးကို မလျော်ကန် မသင့်မြတ်သည့် ကိုယ်ကျိုး စီးပွားနှင့် ဟန်ပြသာ ပြုလုပ်ကြသောကြောင့် “သားဝ မယားဝ” ဟု ပြည်သူလူထုက နာခေါင်းရှုံ့ အပြစ်တင်ကြခြင်းမှ ကင်းလွတ်အောင် ယခုသင်တန်းနှင့် သင်တန်းသူ သင်တန်းသားများက ဦးဆောင် ထိန်းကွပ်ကြရန် တာဝန်ရှိပါကြောင်းဟု နိဂုံးချုပ် ပြောလိုက်တော့ သြဘာလက်ခုပ်သံ ညံသွားတော့သည်။

ကျွန်တော်လည်း ချောမောပြေပြစ်စွာ ပြောနိုင်ခဲ့သောကြောင့် စိတ်လက်ပေါ့ပါးသွားကာ တက်ကြွ အားတက်သွားသည်။ ကျွန်တော့်နောက် ပြောမည့် အုပ်စု ၅ က နောက်ဆုံးပိတ် အိတ်နှင့် လွယ်ရမည့်အစား သူကလည်း မေမြို့သမဝါယမဆိုင်က နှစ်ချုပ်စာရင်းနှင့် ဆိုင်နံရံက ဆိုင်းဘုတ်ပါ စာသားတွေကို ကူးလာသည့် ပြောရာတွင်ပင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်ကုန်ကာ ကလနားပင် မသပ်နိုင်ဘဲ စင်ပေါ်က ဆင်းသွားသည်။ ထို့နောက် အမှတ်စာရင်း ကြေညာရန် အစီအစဉ်ပဲ ကျန်သော်ငြား ကျောင်းအုပ်ကြီးက ဆရာများနှင့် အခမ်းအနားမှူးကို ခွင့်တောင်းပြီး ကြားဖြတ်အစီအစဉ်အနေနှင့် စကားထပြောသည်။ ဆရာကြီးက ဆိုင်းဘုတ်ပေါ်က စာသားတွေအတိုင်း ဖတ်ပြပြီး သူတို့ပြောသည့်အတိုင်း စကားသယ်ကြသည့် အလုပ် မဖြစ်စေလိုကြောင်း၊ အသင်းကော်မီတီဟူသည် အလဲအလှယ် ရှိနေပြီး ဝန်ထမ်းဖြစ်သည့် မိမိတို့က မှန်ကန်စွာ နားလည်သဘောပေါက်ထားမှ အသင်းက အောင်မြင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ကိုယ်နှိုက်က ခေါင်းညိတ် ကူးချ မဟုတ်ဘဲ လေ့လာအား တီထွင်အားနှင့် မှန်ကန်စွာသုံးသပ်နိုင်ဖို့ လိုပါကြောင်း။ ထိုသို့ ဖြစ်စေချင်သောကြောင့် ယခုအစီအစဉ်ကို မကြေညာဘဲ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊

အုပ်စု ၄ က သင်တန်းသား ဦးကျော်ဆန်းကဲ့သို့ ကိုယ်ပိုင်အမြင်ဖြင့် ပြောဆို ဝေဖန် နိုင်ဖို့ လိုအပ်ပါကြောင်း ထို့ကြောင့် မူလ ကြေညာထားသကဲ့သို့ အမှတ်စာရင်းဖြင့် မဆုံးဖြတ်တော့ဘဲ မန္တလေး အနောက်တောင်မြို့နယ်မှ သင်တန်းသား ဦးကျော်ဆန်းရဲ့ ခရီးစဉ်အပေါ်က သမဝါယမနှင့် ပတ်သက်ပြီး ပြောကြားသုံးသပ်ချက်မျိုးကို နမူနာအဖြစ် ပြသလိုက်ခြင်းဖြစ်ပါကြောင်း။ အကယ်၍ ၅ယောက်စလုံးက ဆိုင်းဘုတ်ဖတ်၊ ကိန်းဂဏန်းရွတ်၊ အသင်းက ပြောသည့် စကားကိုပဲ ပြန်ပြော ဆိုလျှင် အမှတ်ဖြင့် အဆင့်သတ်မှတ်ကာ မိမိက ဘယ်သို့ ပြောကြားရမည်ကို ရှင်းပြ ပို့ချရန် စီစဉ်ခဲ့သော်လည်း ယခု ဦးကျော်ဆန်းရဲ့ ပြောကြားချက်က မိမိလိုချင်တဲ့ ပူံစံဖြစ်လို့ ဒီအစီအစဉ်ဟာ မထင်မှတ်ဘဲ အထူးအောင်မြင်ပါကြောင်း ပြောကြားကာ အစီအစဉ်လည်း ည၁၀နာရီနီးပါးတွင် ပြီးဆုံးတော့သည်။

ကျောင်းအုပ်ကြီးပေးသည့် ထန်းပင်တက် လက်မှတ်
——————————————————

သည်တော့မှလည်း ထိုသင်တန်းတွင် ကျွန်တော်လည်း လူရာဝင်တော့၏။ ကိုယ့်အဆောင်ထဲက ထောင်ထောင်ထောင်ထောင် ကေဒါကြီးများလည်း အပိုးကျိုးသွားတော့သည်။ ထိုနောက် ကျွန်တော်လည်း နောက်နေ့မှာ ကျောင်းအုပ်ကြီးက သူ့ရုံးခန်းခေါ်ပြီး ကော်ဖီတိုက်ကာ ထန်းပင်တက်လက်မှတ်ကို ပေးအပ်ချီးမြှင့် လိုက်တော့သည်။ ကျောင်းအုပ်ကြီး ဆိုသည်မှာ ရုပ်ရှင်မင်းသား ခင်မောင်ချင်းနှင့် တူသကဲ့သို့ နိုင်ငံတကာအတွေ့အကြုံလည်း များလှသည့် ဦးရဲမြင့် ဖြစ်ပါ၏။ နောင်တွင် စွန့်ဦးတီထွင် ဦးရဲမြင့် ဟု စာပေနှင့် စီးပွားရေးဘာသာရပ်တွင် ထင်ရှားကျော်ကြားလှသည့် ဆရာဖြစ်ပါ၏။

ကိုင်း.. ဆရာဦးရဲမြင့် ပေးအပ်ချီးမြှင့်လိုက်သည့် သည် ထန်းပင်တက် လက်မှတ်၏ နောက်ကွယ်က တာဝန်တစ်ခု ကလည်း လူးနေသော လှေပေါ် ဘုန်းကြီးရူးကို တင်ပေးလိုက်သလို။

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW