မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ ရှမ်း/တောင်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လူသေဆုံးမှု ရှိ

စက်တင်ဘာ ၁၁ – ၂၀၂၄
SN (VOM)
မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေမြင့်တက်မှု၊ တောင်ကျချောင်းရေ လျှံကျမှုတွေကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုလည်း ရှိတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတွေဖြစ်တဲ့ ညောင်ရွှေ၊ ကလော၊ အောင်ပန်းမြို့တို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မနေ့ စက်တင်ဘာ ၁၀ ရက်မှစတင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ရပ်ကွက်အများအပြား ရေနစ်မြုပ်နေတယ်လို့ ဒေသအခြေစိုက် ကူညီရေးလုပ်ဆောင်သူတွေက ပြောပါတယ်။
အောင်ပန်းမြို့မှာ ရပ်ကွက်တွေအတွင်း တောင်ကျချောင်းရေ ဝင်ရောက်မှုကြောင့် ရေကြီးမှု ဖြစ်ပေါ်ခဲ့တာမှာ မနေ့ စက်တင်ဘာ ၁၀ ရက်က ငါးနှစ်အရွယ် ကလေးငယ်တယောက် ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ရေစတင် ဝင်ရောက်တဲ့ရက်မှာပဲ အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်နေထိုင်တဲ့ ကလေးတယောက် ရေထဲပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့တာပါ။ သူ့ရဲ့ ရုပ်အလောင်းကိုတော့ အောင်ပန်းဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်ထားပါတယ်” လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒါအပြင် ညောင်ရွှေမြို့မှာလည်း သာစည်ကန်နဲ့ အင်းလေးကန်ထဲကရေတွေ ဆက်တိုက် လျှံတက်နေတာကြောင့် ညောင်ရွှေလှေဆိပ်နားက ဆိုင်ခန်းတွေနဲ့ ညောင်ရွှေမြို့အတွင်းရှိ ရပ်ကွက်တချို့ ရေဝင်ရောက်မှု ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးရေနဲ့အတူ ထပ်မံ ရေမြင့်တက်လာမှု ပိုမြန်ဆန်နေတဲ့အတွက် ညောင်ရွှေမြို့နယ်၊ စံကားဒေသမှာ လည်း ရေကြီးပြီး လယ်ဧက ၃၀၀၀ ကျော် နစ်မြုပ်သွားခဲ့သလို ကလောမှာလည်း မိုးရွာသွန်းမှုကြောင့် ချောင်းရေလျှံပြီး ရပ်ကွက်တချို့ ရေကြီးနစ်မြုပ်နေတယ်လို့ သိရပါတယ်။
“ရေက ခြံထဲ လူတရပ်ကျော်၊ အိမ်ပေါ် ၅ ပေလောက်အထိ တက်လာတာ။ မိသားစုတွေအကုန်လုံး ဘေးလွတ်ရာကို ထွက်လာခဲ့ရတယ်။ အိမ်ကို ဒီတိုင်း ပစ်ထားခဲ့ရတော့ အိမ်ထဲက ပစ္စည်းအများစုကတော့ ပျက်စီးမယ်လို့ ထင်တယ်။ ရေကြီးတာကို ငယ်ငယ်တုန်းက ကြုံခဲ့ရဖူးပေမယ့် ဒီတခေါက်ရေကြီးမှုကတော့ ကျွန်တော့်တသက်မှာ အဆိုးဆုံးအခြေအနေပါ” လို့ ကလောဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် မြန်မာပြည်အလယ်ပိုင်းက ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ ကျောက်ဆည် အစရှိတဲ့ မြို့နယ်တွေမှာလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးနေပြီး အရေးပေါ်အကူ အညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာတချို့မှာ ရေကြီးမှုကြောင့် စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးသွားသလို ကျောက်ဆည်မြို့မှာလည်း ဇော်ဂျီမြစ်ရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်အများအပြား ရေနစ်မြုပ်နေပြီး မင်းရဲဆည်နဲ့ ဇီးတောဆည်အခြေအနေကို စောင့်ကြည့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျောက်ဆည် ဇော်ဂျီမြစ်အခြေအနေကတော့ မိုးကတော့ မပြတ်သေးပါဘူး။ မနေ့က သံရွာ နောင်ခမ်း၊ တောင်တော်ကားလမ်း တာဘောင်ကျိုးပြီး ရေဖြတ်သွားလို့ ကျောက်ဆည် ကံကောင်းသွားတယ်ဆိုရမယ်။ အခုချိန်ထိတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ ဆူးကုန်းရပ် တောင်ပိုင်း/မြောက်ပိုင်း၊ ဆေးရုံကြီးရှေ့ /တောင်ဘက် ကြက်မင်းတွန်ရပ်ကွက်အနိမ့်ပိုင်းတွေမှာတော့ ရေရောက်ရှိနေပါတယ်။ ကြိုးတံတား အလယ်ခေါင်မှာလည်း ရေဖြတ်နေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဇော်ဂျီမြစ်ရေ မြင့်တက်မှုကြောင့် ကြက်မင်းတွန်ရပ်ကွက်၊ ဆူးကုန်းရပ်ကွက်၊ ဘောဂဝတီရပ်ကွက်တွေ ရေဝင်ရောက်နိုင်သလို ကျေးရွာတွေအနေနဲ့ ခတက်ကုန်း၊ ပဲခင်း၊ ကျားကာ၊ ဆူးလေကုန်း၊ ပေါက်ပင်ကွေ့၊ လယ်ကြီး၊ သင်္ဂတုံ၊ ပတ္တာ စတဲ့ ကျေးရွာတွေမှာလည်း ရေဝင်ရောက်နိုင်တဲ့အတွက် ရေဘေးသတိထား နေထိုင်ကြဖို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံ နှိုးဆော်ထားတယ်လို့ သိရပါတယ်။
“ရာဂီအရှိန်နဲ့ မိုးများလို့ ကျောက်ဆည်မှာ ရေကြီးနေပါပြီ။ အနိမ့်ပိုင်းရပ်ကွက်တွေ မနေ့ စက်တင်ဘာ ၁၀ ရက်၊ ညကတည်းက ရေဝင်နေပါတယ်။ ကျွန်မတို့နားက မြေအမြင့်ပိုင်းမို့ လက်ရှိအချိန်ထိတော့ ရေမကျော်သေးဘူး။ ဒါပေမယ့် မြစ်ရေနဲ့ ကမ်းပါးနဲ့ကတော့ အခု တပြေးညီ အနေအထား ဖြစ်နေပြီ။ ကြိုးတံတား အမြင့်ကြီးတောင် ရေပြင်နဲ့ တပြေးညီဖြစ်နေပြီ။ အထက်မှာမိုးများရင်တော့ ရေပိုတိုးမယ်၊ မများရင်တော့ ရက်အနည်းငယ်လောက် ဒီအနေအထားပဲ ဖြစ်နေနိုင်မယ်လို့ ထင်ပါတယ်” လို့ ကျောက်ဆည်မြို့မှ ဇော်ဂျီမြစ်ကမ်းအနီး နေထိုင်သူတယောက်က ပြောပါတယ်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကတော့ လိုအပ်လာတဲ့အခါ ပြည်သူတွေ ရေဘေးရှောင်နိုင်ဖို့ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ယာယီအရေးပေါ်စခန်း ၁၀ ခုကို ကြိုတင် ပြင်ဆင်ထားတယ်လို့ အသိပေး ကြေညာထားပါတယ်။
အဲဒီ ရေဘေးရှောင်စခန်းတွေမှာ ဆေးဝါးတွေ၊ သောက်သုံးရေတွေအပြင် ရိက္ခာတွေကိုလည်း ပြင်ဆင်ထားကာ ဒေသခံတွေအနေနဲ့ ရေဝင်ရောက်မှု များပြားလာပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်သွယ်ပြီး ရွှေ့ပြောင်းနိုင်တယ်လို့ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၁၁ ရက်၊ ညနေအထိခန့်မှန်းချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW