လက်ဘနွန်မှာ ဆက်သွယ်ရေးစက်တွေ ဆက်တိုက်ပေါက်ကွဲလို့ လူ ၃၀၀၀ နီးပါးဒဏ်ရာရ၊ အစ္စရေး လက်ချက်လို့ စွပ်စွဲ

ဘေရွတ်၊ စက်တင်ဘာ-၁၈-၂၀၂၄
မျိုးဆက်(VOM)
လက်ဘနွန်နိုင်ငံတဝန်းမှာ ကြိုးမဲ့စက်သွယ်ရေးစက် ပေဂျာတွေ တပြိုက်နက်တည်းလို ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူကိုးယောက်သေဆုံးပြီး ၃၀၀၀ နီးပါးဒဏ်ရာရှိခဲ့ပြီး ဒါဟာ အစ္စရေးလက်ချက်လို့ လက်ဘနွန် တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ လူနာတွေကို ဆေးရုံတွေဆီ ပို့ဆောင်ပေးထားပြီး ဒဏ်ရာရသူတွေထဲက အယောက် ၂၀၀ လောက်ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။
အစ္စရေးရဲ့ မော့ဆက်ထောက်လှမ်းရေးတွေဟာ ထောင်နဲ့ချီတဲ့ ဆက်သွယ်ရေးကိရိယာတွေကို မဖောက်ခွဲခင် ပြီးခဲ့တဲ့ လအတန်ကြာကတည်းက ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အစ္စရေးကတော့ ဒီကိစ္စအပေါ် ယခုအချိန်ထိ မှတ်ချက်ပေး ပြောဆိုတာမျိုးမရှိသေးပါဘူး။ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုအတွက် အစ္စရေးကို လက်တုံ့ပြန်မယ်လို့ ပြောဆိုထားပါတယ်။
အဲဒီ ဆက်သွယ်ရေးစက်တွေကို ပြီးခဲ့တဲ့လတွေအတွင် လက်ဘနွန်ကို ယူဆောင်ခဲ့တာလို့ လက်ဘနွန် လုံခြုံရေး ထိပ်တန်းသတင်းရင်းမြစ်တယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒီအစီအစဉ်ကို ဟဇ်ဘိုလာတွေက ကြိုတင်သတိပြုမိမှာ စိုးရိမ်တာကြောင့် မူလစီစဉ်ထားတာထက် အချိန်စောဖောက်ခွဲခဲ့တာလို့ အစ္စရေးနဲ့ အမေရိကန် သတင်းရင်းမြစ်တွေကလည်း ဆိုပါတယ်။
ပေဂျာတွေဟာ ထိုင်ဝမ်အမှတ်တံဆိပ်တွေဖြစ်ပေမယ့် ထိုင်ဝမ်ကုမ္ပဏီ ဂိုးလ်အပိုလိုကတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပြီး ဒီစက်တွေကို ဟန်ဂေရီကုမ္ပဏီတခုအတွက် စာချုပ်ချုပ်ရောင်းချခဲ့တာလို့ ဆိုပါတယ်။
ခဲယမ်းကျွမ်းကျင်သူတယောက်ကတော့ စက်တွေထဲမှာ စစ်တပ် အဆင့်မြင့်ဖောက်ခွဲရေးပစ္စည်း ၂၀ ဂရမ်ပါဝင်နိုင်တယ်လို့ သုံးသပ်ပြောဆိုထားပါတယ်။ ဂါဇာစစ်ပွဲစတင်ပြီးနောက် ဟားမတ်စ်အဖွဲ့ကို ထောက်ခံတဲ့အနေနဲ့ လက်လနွန်အခြေစိုက် ဟဇ်ဘိုလာတွေဟာ အစ္စရေးနယ်စပ်တွေကို တိုက်ခိုက်မှုတွေကြောင့် နှစ်ဘက်အကြား တင်းမာမှုတွေ မြင့်တက်နေပြီး အစ္စရေးကတော့ ဟဇ်ဘိုလာတွေအပေါ် စစ်ဆင်ရေး အရှိန်မြှင့်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW