ဆိုးလ်၊ ဒီဇင်ဘာ-၁၂-၂၀၂၄
မျိုးဆက်(VOM)
တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး သမ္မတ ယွန်းဆွတ်ခ်ယိုးလ်က ခုခံကာကွယ်ပြောဆိုလိုက်ပြီး ဒါဟာ နိုင်ငံရဲ့ ဒီမိုကရေစီကိုကာကွယ်ဖို့ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။
ဒီကြိုးပမ်းမှုဟာ ဒီမိုကရေစီပြိုလဲမှုကို တားဆီးဖို့နဲ့ အတိုက်အခံတွေရဲ့ ပါလီမန်အာဏာရှင်စနစ်ကို တန်ပြန်ဖို့ တရားဝင်ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတရပ်မှာ ယွန်းဆွတ်ခ်ယိုးလ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက တောင်းပန်ပြီးနောက်ပိုင်း ပြောကြားခဲ့တဲ့ ဒီမိန့်ခွန်းမှာတော့ စစ်အုပ်ချုပ်ရေးအမိန့်ဟာ တော်လှန်ပုန်ကန်တဲ့ လုပ်ရပ်ဆိုတာကို ငြင်းဆိုထားပြီး သူ့ရဲ့နိုင်ငံရေး ပြိုင်ဘက်တွေက သူ့ကို ခြေထိုးဖို့ မှားယွင်းတဲ့ လှုံ့ဆော်မှုတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
စနေ့နေ့မှာတော့ သူ့ကို ပါလီမန်မှာ ဒုတိယအကြိမ် စွပ်စွဲပြစ်တင် အဆိုတင်သွင်းမှာဖြစ်ပြီး သူကတော့ ရာထူးက ထွက်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ စွပ်စွဲပြစ်တင်ခံရတာဖြစ်စေ၊ စုံစမ်းစစ်ဆေးခံရမှာဖြစ်စေ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အခိုင်အမာရပ်တည်သွားမှာဖြစ်ပြီး အဆုံးထိ ခုခံသွားမယ်လို့ သမ္မတက ပြောပါတယ်။
သမ္မတနဲ့ သူ့ရဲ့မဟာမိတ်တွေကတော့ နိုင်ငံတော်ပုန်ကန်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး သူတို့ထဲက အများအပြားကို နိုင်ငံကနေ ခရီးထွက်ခွာခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။ဒီကနေ့မှာတော့ ရဲချုပ် ချိုဂျီဟိုနဲ့ တရားရေးဝန်ကြီး ပါတ်ဆောင်ဂျေးတို့ကို စွပ်စွဲပြစ်တင်ဖို့ အတိုက်အခံတွေက အဆိုတင်သွင်းခဲ့ပြီးနောက် သူတို့ကို တာဝန်တွေကနေ ချက်ချင်း ဆိုင်းငံ့ထားလိုက်ပါတယ်။
အမတ် ၃၀၀ ရှိတဲ့ အမျိုးသားလွှတ်တော်မှာ သမ္မတကို စွပ်စွဲပြစ်တင်ရင်တော့ ထောက်ခံမဲ ၂၀၀ လိုအပ်ပြီး အခြားအရာရှိတွေကိုတော့ ထောက်ခံမဲ ၁၅၀ ရှိရုံနဲ့ စွပ်စွဲပြစ်တင်နိုင်ပါတယ်။
Ref:BBC
Photo:Getty Images
#Voiceofmyanmar #VOM #တောင်ကိုရီးယား #သမ္မတယွန်းဆွတ်ခ်ယိုး #စွပ်စွဲပြစ်တင် #ဒုတိယအကြိမ်