ဇန်နဝါရီ ၂၀- ၂၀၂၅
CC (VOM)
အဆိုတော် ကောင်းမြင့်စံ ခေါ် စုဗူးက ရန်ကုန်က အင်းလျားကန်ဘောင်အတွင်း ခုန်ချကာ မိမိကိုယ်ကိုသတ်သေခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၇ ရက်နေ့မှာနေအိမ်ကနေ ထွက်သွားပြီးနောက် အဆက်သွယ်ပြတ်တောက်သွားကာ ဇန်ဝါရီ ၁၉ ရက်မှာမှ အင်းလျားကန်ဘောင်ထဲကနေ အလောင်းတွေ့ရှိရတာဖြစ်တယ်လို့ သိရတယ်။
” အင်းလျားကန်ထဲ ခုန်ချသတ်သေသွားတာပါ။အလောင်းလည်းတွေ့ပါပြီ။ ဘဝကိုခုလိုလွယ်လွယ်အရှုံးပေးသွားတာလည်းမပြောတတ်ပါဘူး။စိတ်သဘောထားကောင်းတဲ့ညီလေးပါ။ နောက်ဘဝခုလိုမဖြစ်ပါစေနဲ့ဆုတောင်းပေးပါတယ်။ တကယ်စိတ်မကောင်းဘူးဗျာ။မနက်ဖန်သဂြိုလ်မယ်ပြောတယ် ။” လို့ မိသားစုနဲ့နီးစပ်တဲ့ အဆိုတော်တယောက်ကပြောပါတယ်။
အဆိုတော်ကောင်းမြင့်စံ ခေါ် စုဗူးရဲ့အလောင်းကို မြောက်ဥက္ကလာဆေးရုံကိုပို့ဆောင်ထားပြီးနာရေးစျာပနကိုတော့ ဇန်နဝါရီ ၂၀ ရက်နေ့ ဒီနေ့ ထိမ်ပင်သုဿန်မှာ သဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။
” စိတ်မကောင်းဘူး။ စိတ်ဓာတ်ကျဆင်းနေတယ်ဆိုတာတော့သိတယ် ။ဒါပေမယ့် ဘယ်လိုကြောင့်ဒီလောက်အထိလုပ်သွားရတာလဲမသိဘူး။ ကိုယ့်ကိုယ်ကိုသတ်သေရလောက်တဲ့အထိဗျာ ဘဝကိုအရှုံးပေးသွားတယ်။သူသိပ်ချစ်တဲ့ သီချင်းတွေဆက်မလုပ်ရတော့ဘူး။” လို့ အဆိုတော်တယောက်က ဝမ်းနည်းကြောင်းပြောဆိုထားပါတယ်။
အဆိုတော်ကောင်းမြင့်စံက သေဆုံးချိန်မှာအသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး စိုင်းဆိုင်မော့ဝ်ရဲ့ ” ရှမ်းပဲပုတ်လေးကျွန်တော် ” ချယ်ရီပွင့်တဲ့တောင်တန်း ” ရိုးရာမပျက်တဲ့မြေ ” သီချင်းတွေအပါအဝင် မြန်မာသံသီချင်းတွေကို သီဆိုခဲ့သူဖြစ် တယ်လို့သိရပါတယ်။
အဆိုတော်ကောင်းမြင့်စံ ကွယ်လွန်သွားတဲ့အပေါ် အနုပညာရှင်အသိုင်းအဝိုင်းနဲ့မိတ်ဆွေတွေက ဝမ်းနည်းကြောင်း၊ စိတ်မကောင်းဖြစ် ကြောင်း သူတို့ရဲ့လူမှုကွန်ယက်စာမျက်နာကနေ ရေးသားဖော်ပြထားကြပါတယ်။
Photo – လူမှုကွန်ယက်