ဇန်နဝါရီ ၂၀၊ ၂၀၂၅
Shy V (VOM)
ရွှေလီ အထည်ချုပ် စက်ရုံရောက် မြန်မာလုပ်သားတွေ အချိန်ပို များစွာ ဖိအားပေး စေခိုင်းခံရလို့ စက်ရုံ တိုက်ပေါ်က ခုန်ချတဲ့ထိဖြစ်လာကြောင်း အထည်ချုပ် စက်ရုံ လုပ်သားတွေနဲ့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။
“ရွှေလီက အထည်ချုပ် စက်ရုံ တခုမှာ အလုပ် တအားခိုင်းလို့ မြန်မာ အလုပ်သမား သုံးယောက် စက်ရုံ ပေါ်ကနေ ခုန်ချသွားတယ်။ အခု ဆေးရုံ ရောက်နေတယ်။ စက်ရုံ ပိုင်ရှင်တွေက သတင်း မပေါက်ကြားဖို့ လိုက်ဖုံးနေတာ။ ဒါပေမယ့် အကုန် သိကုန်ပြီလေ” လို့ နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။
အထည် လိုချင် တဲ့ အရေအတွက် မပြည့်မချင်း မနက် သုံး နာရီ အထိ ဖိအားပေး ချုပ်ခိုင်းခံရတာကြောင့်ရယ် နေရပ် ပြန်မယ် ဆိုရင်လည်း လျော်ကြေး ပြန်တောင်းတာတွေ၊ နေရပ် ပြန်ဖို့ စရိတ် မရှိတာတွေကြောင့် ဖိအားများပြီး ခုန်ချသွားတယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။
“အရင်က အချိန်ပို ဆင်းရင် အချိန်ပိုကြေး ရတယ်။ အခုက အချိန် ပိုလုပ်လည်း ပိုက်ဆံ မပေးတော့ဘူး။ သူတို့ လိုချင်တဲ့ အရေ အတွက် မပြည့်မချင်း ချုပ်ရတယ်။” လို့ အထည်ချုပ် လုပ်သား တယောက်က ပြောပါတယ်။
တနေ့ကို အနည်းဆုံး ၁၁ နာရီနဲ့ အထက် လုပ်ရတဲ့အပြင် အလုပ်ခေါ်တုန်းက ပြောထားသလို လစာလည်း တိုးမပေးဘူးလို့ သူက ပြောပါတယ်။
“မလုပ်နိုင်လို့ ထွက်မယ် ဆိုရင်လည်း ပိုက်ဆံ ပြန်လျော်ခိုင်းတယ်။ အရင်ရက်ေတွကလည်း ကျွန်မတို့ စက်ရုံက တချို့ လစာ တိုးပေးဖို့ ဆန္ဒထုတ်ဖော်တာရှိတယ်။ သူတို့ကို စက်ရုံပြောင်းပေးမလိုလိုနဲ့ ကျယ်ဂေါင်ရောက်တော့ တယောက်ကို တရုတ်ငွေ ၆၅၀၀ စီ လျော်ခိုင်းတယ်။ မပေးရင် ရဲနဲ့ ဖမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက် ငွေယူပြီး မူဆယ် ပြန်ပို့လိုက်တယ်” လို့ သူက ရှင်းပြပါတယ်။
မြန်မာ လုပ်သား အများစုက တရုတ်ဘက် ၇ ရက် လည်ပတ်ခွင့် ယာယီ နယ်စပ် ဖြတ်ကျော်ခွင့်ကတ်နဲ့ အထည်ချုပ် စက်ရုံတွေမှာလာရောက် အလုပ်လုပ်ကိုင်နေကြရတာကြောင့် ရဲစခန်း တိုင်ကြား၊ တရားစွဲဆိုဖို့လည်း မရပဲ ငွေဝယ်ကျွန်လို မတရား ခိုင်းစေ၊ လုပ်အားခပါ ခေါင်းပုံဖြတ် အမြတ်ထုတ် ခံရတာကြောင့် အတော် ဒုက္ခ ရောက်နေကြရတယ်လို့ ဆိုပါတယ်။
Photo :Shy V