ဇန်နဝါရီ ၂၂၊ ၂၀၂၅
Shy V (VOM)
နစက တပ်ဖွဲ့နဲ့ MNDAA တပ်ဖွဲ့တို့အကြား အပစ်အခတ် ရပ်စဲပြီးနောက် လားရှိုး ဒေသခံ လူငယ် တေယာက်ကတော့ MNDAA က တပ်မဆုတ်ပေမယ့် အရပ်ဖက် အုပ်ချုပ်ရေး ပုံစံ ပြောင်းလဲ သွားနိုင်တယ်လို့ ထင်မြင် ယူဆကြောင်း ပြောပါတယ်။
“ကိုးကန့်က မဆုတ်ပါဘူး။ ဝ လည်း ထိမ်းမှာမဟုတ်ဘူး။ ကိုးကန့်ကနေပြီး အရပ်ဖက်အဖွဲ့တခုကို လွှဲပြောင်းနိုင်ပါတယ်။ ဖြစ်နိုင်ခြေပါဗျ။ အတိအကျတော့ မပြောနိုင်ပါဘူး။” လို့ သူက ပြောပါတယ်။ စစ် ေဘး ရှောင်နေကြရတဲ့ ဒေသခံတွေကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက် လေကြောင်း အန္တရာယ် ကင်းသွားရင် နေရပ် ပြန်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
“တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ မော်နင်း ပြောတာရော ဆုတ်မယ်လို့ မပါဘူး။ ဒေသခံ တချို့တွေက တိုက်ပွဲအပြီး လေယာဥ် ဗုံး ငြိမ်ပြီဆို ပြန်ချင်ကြပြီလေ။ ကုန်သွယ်ရေး၊ လမ်းပန်း ဆက်သွယ်ရေးက အရင်လမ်းက ပိတ်နေတာကိုး။ တန့်ယန်းဘက် လမ်းပြောင်းနေပြီလေ။” လို့ လားရှိုး ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
တရုတ် ရဲ့ စေ့စပ်မှုနဲ့ ကိုးကန့် MNDAA နဲ့ နစက အပစ်အခတ် ရပ်စဲရေး သဘောတူတယ်ဆိုတာ သိပ်ပြီးတော့ မယုံရဲကြောင်း ရှမ်းမြောက် ဒေသခံ တယောက်က ပြောပါတယ်။
“အခုလာမယ့် ဇွန်လမှာ MNDAA တပ်ဖွဲ့ အနေနဲ့ လားရှိုးကနေ ဆုတ်ပေးဖို့ ဆိုပေမယ့် ဇွန်လ ရောက်ရင် အခြေအနေ တခုခု ပြန်ပေါ်လာပြီး ပြောင်းလဲသွားနိုင်တယ်။ ဆုတ်ပေး စရာ မလိုတော့တာမျိုးလည်း ဖြစ်သွားနိုင်တယ်။ အခု ရွေးကောက်ပွဲ ပြန်လုပ်လာရင် ဘယ်လို အခြေအနေ ပြန်ဖြစ်လာနိုင်တယ်၊ ပြောင်းလဲ လာနိုင်တယ် ဆိုတာ မသိနိုင်ဘူးလေ။” လို့ သူက ပြောပါတယ်။
တရုတ်ကလည်း နစက တပ်ဖွဲ့ ရှေ့မှာ အပစ်ခတ်ရပ်စဲဖို့ ဖိအားပေး ပြောလာတော့ တရုတ် ရဲ့ မျက်နှာ ထောက်ထားတဲ့ အနေနဲ့ ခေါင်းညိတ်လိုက်တာ မျိုးလည်းဖြစ်နိုင်သလို ဒီ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်က ရေရှည် တည်နေမယ် လို့ ယုံလို့ မရေကြာင်းလို့ သူက ထပ်မံ ပြောပြပါတယ်။
နယ်စပ် လုပ်ငန်းရှင် အမျိုးသမီး တယောက်ကတော့ တရုတ်ဘက်က အရင်ကတည်းက ကြိုတင် စီစဉ်ထားတယ်လို့ ထင်မြင်ကြောင်း ပြောပါတယ်။
“တရုတ်ဘက်ကတော့ အစော ကတည်းက စီစဉ် ပြီးသားလို့ မြင်ရတယ်။ အစပိုင်းတော့ ကိုးကန့်ဘက်ကို ကူညီတယ်။ နောက်ပိုင်းကျတော့ နစက ဘက် ပြန်ကူညီ ထောက်ပံ့ပေးတယ်။ နှစ်ဘက် အထိနာကုန်မှ ကြားဝင် စေ့စပ်တယ်။ သူ ညွှန်ရာ ပါအောင် လုပ်တယ်။ ဒါတွေ အားလုံးက သူ့ အကျိုးစီးပွားအတွက်ပဲ။” လို့ သူက ပြောပါတယ်။
တိုက်ပွဲက မြန်မာနိုင်ငံအတွက် အကျိုးမရှိပဲ တရုတ်အတွက် အကျိုးရသွားတယ်လို့ ထင်မြင်ကြောင်း နယ်စပ် ကုန်သည် တယောက်က ပြောပါတယ်။
“လူတွေ အများကြီး သေတယ်။ အဆောက်အဦး ပျက်စီးကုန်တယ်။ နောက်ဆုံးတော့ အစိုးရကလည်း တရုတ်ပြောတဲ့ အတိုင်းပဲ လုပ်တယ်။ ကိုးကန့်ဘက်ကလည်း တရုတ် ပြောတဲ့ အတိုင်းပဲ လုပ်ရတယ်။ မသိရင် တရုတ် အတွက် တိုက်ပေးနေရသလိုပဲ။ ပြည်သူတွေပဲ နစ်နာတယ်။” လို့ သူက ပြောပြပါတယ်။
အပစ်အခတ် ရပ်စဲရေး သဘော မတူခင်က MNDAA ထိန်းချုပ် နယ်မြေနဲ့ ထိစပ်နေတဲ့ တရုတ်နယ်စပ်ဂိတ်တွေ ကနေ ပို့ကုန်သာတင်ပိုလို့ရပေမယ့် လက်ရှိတော့ တရုတ်ဘက်က စားငသာက်ကုန်တွေ တင်သွင်းလို့ရမယ်လို့ သိရတယ်လို့ နယ်စပ် ပို့ကုန်၊ သွင်းကုန် ကိုယ်စားလှယ် တယောက်က ပြောပါတယ်။
“ကိုးကန့် MNDAA တပ်ဖွဲ့ ထိန်းချုပ်နယ်မြေက တရုတ်နယ်စပ် ဂိတ် ေတွကတော့ အကုန်ပွင့်ကုန်ပြီ။ ဒါပေမယ့် အများစုကတော့ ခါတိုင်းလို တရုတ်ဘက်က လိုချင်တဲ့ မြန်မာဘက်က ပို့ကုန်တွေပဲရသေးတယ်။ နှစ်ရက်၊ သုံးရက်နေရင်တော့ တရုတ်ဘက်က စားသောက်ကုန်တွေ ပုံမှန်လို ပြန်ဝင်လို့ ရမယ်လို့ ပြောတယ်။” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာလည်း ကြားဝင်စေ့စပ်ပေးခဲ့ကာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ပေမယ့် လ အနည်းငယ် အကြာမှာ ပျက်သွားခဲ့တာ ဖြစ်ပါတယ်။
Photo:Shy V/ ဒေသခံ