တရုတ်နဲ့ ရုရှားထိ ပစ်ခတ်နိုင်တဲ့ တိုင်ဖွန်းဒုံးပစ်လောင်ချာစနစ်တွေကို အမေရိကန်စစ်တပ် နေရာပြောင်း

မနီလာ၊ ဇန်နဝါရီ-၂၃-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်စစ်တပ်ဟာ ကီလိုမီတာထောင်နဲ့ချီခရီးရောက်တဲ့ ဒုံးကျည်မျိုးစုံပစ်ခတ်နိုင်တဲ့ တိုင်ဖွန်းဒုံးပစ်လောင်ချာတွေကို ဖိလစ်ပိုင် လာအော့လေဆိပ်မှ လူဇွန်ကျွန်းရှိ အခြားနေရာတခုသို့ ပြောင်းရွှေ့ထားကြောင်း ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတယောက် ပြောပါတယ်။
လောင်ချာတွေမှာပါဝင်တဲ့ တွမ်မဟော့ဒုံးကျည်တွေဟာ ဖိလစ်ပိုင်ကနေ တရုတ်၊ ရုရှားနိုင်ငံပစ်မှတ်တွေကို ပစ်ခတ်နိုင်ပြီး အက်စ်အမ်-၆ ဒုံးကျည်ကတော့ ၁၆၅ မိုင်ထိ ပင်လယ်ပြင် ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ပါတယ်။
ဒုံးပစ်လောင်ချာတွေကို ပြန်လည်နေရာချထားမှုဟာ ပစ်ခတ်မယ့်နေရာကို ဒီစနစ်ဘယ်လောက် မြန်မြန်ရွှေ့ပြောင်းနိုင်မလဲဆိုတဲ့အပေါ်ကို အထောက်အကူဖြစ်စေတယ်လို့ ဖိလစ်ပိုင်အစိုးရ ထိပ်တန်းတာဝန်ရှိသူက ပြောပါတယ်။
ဒါဟာ ပဋိပက္ခအတွင်း ဒီစနစ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကောင်းမွန်စေတဲ့ နည်းလမ်းတခုအဖြစ် ရှုမြင်တယ်လို့ ဆိုပါတယ်။ တိုင်ဖွန်းဒုံးပစ်လောင်ချာစနစ်ဟာ အာရှဒေသမှာ သင်္ဘောဖျက်လက်နက်တွေ အမေရိကန်စစ်တပ်ရဲ့ ဖြန့်ကြက်မှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
ဒီစနစ်တွေကို ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ ပြောင်းရွှေ့နေရာချထားကြောင်း အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်ကလည်း အတည်ပြုထားပြီး ဘယ်နေရာကို ရွှေ့ထားတယ်ဆိုတာကိုတော့ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
အဲဒီဒုံးပစ်လောင်ချာတွေကို ၂၀၂၄ ခုနှစ် ဧပြီလမှာပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း စတင်အသုံးပြုခဲ့တဲ့အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဒါအပြင် ဖိလစ်ပိုင်ကနေ ဒီစနစ်တွေကို ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ အမေရိကန်က စက်တင်ဘာလအတွင်းမှာ ထုတ်ပြန်လိုက်ပြီးနောက်မှာတော့ ဒါဟာ လက်နက်ပြိုင်ဆိုင်မှုကို အမေရိကန်က လှုံ့ဆော်နေတယ်လို့ တရုတ်နဲ့ ရုရှားကတို့ ပြစ်တင် ရှုတ်ချခဲ့ပါသေးတယ်။
Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW