ဇန်နဝါရီ ၂၃ – ၂၀၂၅
GG (VOM)
ရေး-ထားဝယ်လမ်းမကြီး၊ မလွှဲတောင်အတက်၊ ၁၄ မိုင်ဘုန်းကြီးကျောင်းအကွေ့မှာ ခရီးသည်တင်ကား လမ်းဘေး ချောက်ထဲကျတိမ်းမှောက်ပြီး ငါးယောက်သေဆုံးကာငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့ ၊နေ့လယ်၂ နာရီလောက်မှာ ရေးမြို့ကနေပြန်လာတဲ့ ခရီးသည်တင်ကားတိမ်းမှောက်ခဲ့တာဖြစ်ပြီး သေဆုံးသူငါးယောက်ထဲမှာ Grade-11 ကျောင်းသူနဲ့ ဘွဲ့ယူပြီးပြန်လာတဲ့ကျောင်းသူ တွေပါဝင်တယ်လို့သိရပါတယ်။
“သေတာက အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီးသုံးယောက်ပါ။ သေတဲ့အထဲမှာ မန္တလေးကနေဘွဲ့ယူပြန်လာတဲ့ကောင်မလေးလည်းပါတယ်။သူနဲ့အတူပါတဲ့အဖိုးနဲ့အဖွားလည်းဆုံးတယ်။ကားကအရှိန်လွန်ပြီးချောက်ထဲကျတယ်လို့ယူဆရတယ်။ သူတို့ကိုမေးတော့လည်းကားက ဝုန်းဒိုင်းဆိုပြီးမှောက်သွားတာပဲသိတယ်။ကားပေါ်မှာက ၁၁ယောက်ပါတာကို တယောက်ပဲခုန်ချလို့လွတ်သွားတယ်။ဒဏ်ရာရတာက ယောကျ်ားလေးသုံးယောက်နဲ့အမျိုးသမီးနှစ်ယောက်ပါ။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ အောင်မင်္ဂလာနာရေးကူညီမှုနှင့်လူမှုကယ်ဆယ်ရေး အသင်းဝင်ကပြောပြပါတယ်။
အဆိုပါ ခရီးသည်တင်ကားက တနင်္သါရီတိုင်း ၊ရေဖြူမြို့နယ်၊ မင်းသားအုပ်စု၊ မော်ကြီးကျေးရွာက ကားဖြစ်ပြီး ရေးမြို့နယ်ကနေပြန်လာစဥ် အရှိန်များပြီးတိမ်းမှောက်ခဲ့တာဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူတွေထဲကလေးယောက်ကိုရေးဆေးရုံကိုပို့ထားပြီး ဒဏ်ရာပြင်းထန်တယောက်ကိုတော့ မော်လမြိုင်ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။
အဆိုပါ မလွှဲတောင်တက်လမ်းမှာ ခရီးသည်တင်ကားတွေ မကြားခဏတိမ်းမှောက်လေ့ရှိပြီး မိုးတွင်းကာလမှာပိုပြီးအဖြစ်များတယ်လို့သိရပါတယ်။ဒါကြောင့် ယာဥ်မောင်းတွေအနေနဲ့ မလွှဲတောင်လမ်းကိုအထူးသတိထားမောင်းနှင်ဖို့အကြံပြုပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာဆိုရင် မြန်မာနိုင်ငံ လုံးမှာ ယာဥ်မတော်တဆဖြစ်ပွားမှု ၄၀၀၀ နီးပါးရှိပြီး ယာဥ်မတော်တဆမှုကြောင့်သေဆုံးသူ ၂၀၁၁ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၅၅၇၆ ယောက်ရှိခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနစာရင်းအရသိရပါတယ်။
Photo – အောင်မင်္ဂလာအသင်း