ဇန်နဝါရီ ၂၃ – ၂၀၂၅
SS (VOM)
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်၊ မနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး တယောက်သေ၊ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ သိရပါတယ်။
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်းနဲ့ တောင်ငူလမ်းထောင့်မှာ ဒီမနက် ၅ နာရီ ၂၁ မိနစ်ဝန်းကျင်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ရပ်ထားတဲ့ တွဲကားကို ဟိုက်ဂျက်ယာဉ်က ဝင်တိုက်ခဲ့တာကြောင့် ဟိုက်ဂျက်ယာဉ်ပေါ်ပါ ငါးယောက်အနက် အမျိုးသမီးတယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“တွဲကားက လှိုင်သာယာ (၁) ရပ်ကွက်က တောင်ငူနဲ့ တပင်ရွှေထီးလမ်းဆုံမှာ ဘေးကပ်ပြီးရပ်ထားတာ။ အဲဒါကို ဟိုက်ဂျက်က နောက်ကဝင်တိုက်တာ။ ဟိုက်ဂျက် စပါယ်ယာဘက်ကထိုင်တဲ့ အမျိုးသမီး သေသွားတယ်။ သူက ဟိုက်ဂျက်ခေါင်းထဲကို ကိုယ်တခြမ်းလောက်ကိုဝင်ပြီး ညပ်သွားတာ” လို့ သူက ပြောပါတယ်။
ဒါအပြင် အမျိုးသားတယောက်နဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တယောက် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)၊ အသက် ၁၅ နှစ်ဝန်းကျင် ယောင်္ကျားလေးတယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။
“ယာဉ်မောင်းကတော့ ပြင်းထန်ဒဏ်ရာရတယ်။ သူလည်း ကားထဲညပ်နေလို့ မနည်းဆွဲထုတ်ရတယ်။ အနောက်ကပါတဲ့ ၁၄ နှစ်အရွယ် ကောင်မလေးကတော့ ဦးခေါင်းခွံအက်တဲ့ ဒဏ်ရာရတယ်။ ၁၄ ၊ ၁၅ နှစ်ဝန်းကျင်ရှိတဲ့ ယောင်္ကျားလေးတယောက်ကတော့ လက်ကျိုးတယ်။ သူတို့က ငါးဈေးကပြန်လာတာဆိုတော့ ငါးပုံးတွေလည်းပါတယ်။ အဲဒီ ပုံးတွေကြားထဲမှာ ကလေးနှစ်ယောက်က ညပ်နေတာ။ နောက်ထပ် ၁၀ နှစ်ဝန်းရှိတဲ့ ကလေးတယောက်ကတော့ ဖြစ်ဖြစ်ချင်းကို ခုန်ချလိုက်တော့ ဘာမှတော့မဖြစ်ဘူး” လို့ သူက ပြောပါတယ်။
လက်ရှိမှာ သေဆုံးသူနဲ့ ဒဏ်ရာ ရရှိသူတွေကို လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဦးခေါင်းထိတဲ့ မိန်းကလေးငယ်ကိုတော့ အဲဒီဆေးရုံကနေတဆင့် ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းထားတယ်လို့ သူက ပြောပါတယ်။
“ဆရာဝန်က ပြောတာကတော့ ဦးခေါင်းခွံထိထားတယ်ဆိုတော့ သွေးယိုစိမ့်တာတွေဘာတွေ ဖြစ်လာပြီဆိုရင်တော့ စိုးရိမ်ရတယ်ပြောတယ်။ အဲဒါကြောင့် သူတို့ လှိုင်သာယာဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ် လွှဲပေးလိုက်တာ” လို့ သူက ပြောပါတယ်။
အဲဒီ အခင်းဖြစ်ပွားရာနေရာကို သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းအပြင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ လှိုင်သာယာလူနာတင်ကွန်ရက်အဖွဲ့တွေ သွားရောက်ပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ အခုလို ယာဉ်မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း ဒေါပုံမြို့နယ်၊ ဗန္ဓုလတံတားအဆင်းမှာ လမ်းဖြတ်ကူးတဲ့ အမျိုးသမီးနှစ်ယောက် ကားတိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး တယောက်သေဆုံးကာ ကိုးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ ၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်မှာ တရက်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး တယောက်ပွဲချင်းပြီး သေဆုံးခဲ့ကာ ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
ဒါအပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ကလည်း အင်းစိန်မြို့နယ်မှာ YBS ကားဘရိတ်ပေါက်ပြီး ကားငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကာ ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ယာဉ်တိုက်မှုတွေကြောင့် လူဦးရေ ၂၀၁၁ ယောက် သေဆုံးပြီး ၅၅၇၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။
အဲဒီပမာဏဟာ ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတွေကြောင့် လူသေဆုံးမှု ၂၄၂၂ မှု၊ ဒဏ်ရာရမှု ၆၅၈၃ မှုနဲ့ နှိုင်းယှဉ်ရင်တော့ လျော့ကျမှုရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုအများဆုံးမှာ ရန်ကုန်တိုင်းဖြစ်ကာ သေဆုံးသူ ၄၄၆ ယောက် ရှိခဲ့ပြီး မန္တလေးတိုင်းကတော့ သေဆုံးသူ ၂၇၄ ယောက်၊ ရှမ်းပြည်နယ်မှာ သေဆုံးသူ ၂၅၁ ယောက် အသီးသီးရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံတဝန်း စုစုပေါင်း ယာဉ်တိုက်မှု ၃၈၇၅ မှု ရှိခဲ့တာမှာ ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု ၄၇၇၂ မှုနဲ့ နှိုင်းယှဉ်ရင် လျော့ကျသွားခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်း