လူမှုကွန်ယက်မှာ မိန်းမလာတောင်းတယ်လို့ ယူဆရတဲ့ ဗီဒီယိုဖိုင်လွှင့်တင်ခဲ့တဲ့ တရုတ်နိုင်ငံသား၂ဦးနဲ့ စကားပြန်ကို လူကုန်ကူးမှုနဲ့ အရေးယူထား

ဖေဖော်ဝါရီ၈-၂၀၂၅
Ms(VOM)
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားရန် မိန်းမလာတောင်းတယ်လို့ ယူဆရတဲ့ ဗီဒီယိုဖိုင်လွှင့်တင်ခဲ့တဲ့ တရုတ်နိုင်ငံသား၂ဦးနဲ့ စကားပြန်တွေကို လူကုန်ကူးမှုနဲ့အရေးယူထားကြောင်းလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရပါတယ်။
ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်မှာနေ ထိုင်တဲ့ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးငယ် တဦးကို tik tokမှ တဆင့် တွေ့ရှိကာ နေအိမ်ကို လာရောက်ခဲ့တာဖြစ်ကြောင်းနဲ့လက်ထပ်ယူလိုကြောင်းကို တရုတ်နိုင်ငံသားက ဗီဒီယိုရိုက်ကူးကာ လူမှုကွန်ယက်ပေါ်မှာတင်ပြီးစည်းရုံးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တရုတ်မယားအဖြစ် ရယူလိုတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ လူပြောများလာခဲ့ကာ ဝေဖန်မှုတွေလည်းရှိလာသလို မြန်မာအမျိုးသမီးငယ်တွေအတွက် စိုးရိမ်မှုတွေမြင့်တက်နေကြောင်း ပြောဆိုသူတွေများလာပါတယ်။
“ဘယ်သူမှ အလကားသက်သက် ကို့အိတ်ထဲကပိုက်ဆံအကုန်မခံပါဘူး ဒီတရုတ်က သူလိုချင်နေတာရှိလို့ သူသဘောကျနေတာရှိနေလို့ ခလေးမလေးရဲ့မိသားစုကိုပိုက်ဆံတွေပေးပြီး လာစည်းရုံးနေတာပါ မိဘတွေ စဥ်းစားဆင်ခြင်သင့်ပါတယ် ကလေးမလေးတွေကအမျိုးကောင်းသမီးလေးတွေပါ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တရုတ်လက်ထဲမရောက်စေချင်ဘူး””လို့ လူမှုကွန်ယက်သုံးစွဲသူ တဦးကဝေဖန်ရေးသားထားပါတယ်။
ထပ်မံပြီး လူမှုကွန်ယက် တွင် အွန်လိုင်းသုံးစွဲသူတဦးက
“တရုတ် မယားရှာတာ မြန်မာပြည် ထဲထိမဟုတ်ဘူး ရပ်ထဲရွာထဲ ကနေ အိမ်ထဲ ထိ ရောက်လာကြပြီး အခုကိစ္စကို လဝကအက်နဲ့ လူကုန်တားပုဒ်မနဲ့ အရေးယူသင့်တယ် ပါဝင်ပက်သက်တဲ့ စကားပြန်ပေးသူကိုလည်း တာဝန်ရှိသူတွေ ဘယ်လိုအရေးယူမလဲ အရေးမယူဘဲ ဒီတိုင်းဘဲ ထားမှာလား သိချင်မိတယ်””လို့
အွန်လိုင်းကနေတဆင့်ဝေဖန်ရေးသားထားပါ‌ သေးတယ်။
ဒါကြောင့် မိန်းကလေးငယ်ရဲ့ မိသားစုဘဝရပ်တည်ရန် ခက်ခဲတဲ့ အခြေအနေပေါ် အခွင့်ကောင်းယူကာငွေကြေးလက်ဆောင်များပေးပြီးတရုတ်မယားအဖြစ်စည်းရုံးခဲ့တဲ့ တရုတ်နိုင်ငံသား Mr.Luo Fei နှင့် အမည်မသိ တရုတ်နိုင်ငံသား တဦးအပါအဝင် စကားပြန်အဖြစ် ပူးပေါင်းပြင်ဆင်အားထုတ်ခဲ့တဲ့ မသီတာအောင်၊ အောင်ဇော်ဦး(ခ) ဟာမီဒူလာ တို့ကိုဥပဒေနဲ့အညီ အရေးယူပေးရန် တိုင်တန်းချက်အရ ဖေဖေါ်ဝါရီ ၆ ရက် ညနေပိုင်းက ဒလမြို့မရဲစခန်း (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်းသိရပါတယ်။
အမှုမှ တရားခံဖြစ်သူ တွေကို ဖမ်းမိရေးဆောင်ရွက်ရာမှာ တရုတ်နိုင်ငံသား Mr.Luo Fei ၊ နိုင်ငံကူးလက်မှတ် EN 0910723 အနေနဲ့ ဖေဖေါ်ဝါရီ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ Thai Airway လေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် (TG-.)ဖြင့် ထွက်ခွာရန် ရန်ကုန်လေဆိပ်၊ လူဝင်မှုကြီးကြပ်ရေး ကောင်တာကို ဝင်ရောက်လာခဲ့သဖြင့် အမှတ်(၁၉)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်လေဆိပ်)မှ ဒုရဲမှူး ဇော်ထူးအောင်ဦးစီးအဖွဲ့က ပြည်ပထွက်ခွာခွင့်အား တားဆီးခဲ့ရာ ဆက်လက်ပြီး အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)ကိုအကြောင်းကြားခဲ့ရာ ဒလမြို့မရဲစခန်းမှ (ပ) ၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄အမှုမှ တရားခံ တရုတ်နိုင်ငံသား Mr.Luo Feiအား အမှုဖြင့် ဆက်လက် စစ်ဆေးနိုင်ရန် အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါတယ်။
Photo- Cj

Related posts

Leave a Comment

VOM News

FREE
VIEW