ဖေဖော်ဝါရီ ၂၄-၂- ၂ဝ၂၅
KKO(VOM)
မလေးရှားနိုင်ငံအတွင်းကအော်ပရာ စီ ဖမ်းဆီးမှုမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၅ဝဝ ကျော် ပါဝင်နေတယ်လို့ ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားရေးရာကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
မလေးဒေသတွင်းသတင်းတွေအရ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမဲရူးဈေးကြီးအတွင်းက အော်ပရာစီ အဖမ်းအဆီးမှာ အထောက်အထားမပြည့်စုံသူ လူဦးရေ ၆၃၀ ကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံက ၉ ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၈၅ ယောက် ၊ အိန္ဒိယနိုင်ငံက ၅ ယောက် ၊ နီပေါနိုင်ငံက ၁ ယောက်၊ မြန်မာနိုင်ငံက လူဦးရေ ၅၃၀ နဲ့ အများဆုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါအပြင် ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်မှာလည်း မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ကနေ ဖမ်းဆီးခံရသူတွေထဲက ပြစ်ဒဏ်ပြီးဆုံးတဲ့ မြန်မာ နိုင်ငံသား ၆၇ ယောက်ကို မြန်မာလေ ကြောင်းလိုင်း MAI နဲ့ မြန်မာနိုင်ငံကို မလေး အစိုးရအာဏာပိုင်တွေက ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒါအပြင် အခုလက်ရှိမှာ မြန်မာဘက်ကနေ မလေးရှားနိုင်ငံဘက်သို့ အလုပ်သွားရောက်လုပ်ကိုင်နိုင်ဖို့ကြိုးစားနေတဲ့ မြန်မာလူငယ်တယောက်က သူရဲ့သဘောထားအမြင်ကို အခုလို ဆက်ပြီး ပြောပြခဲ့ပါတယ်။
“အခုမလေးမှာ ဖမ်းမိတယ်ဆိုတဲ့ သူတွေက အထောက်အထားမရှိတဲ့သူတွေလို့ပြောတယ်။အထောက် အထားမပြည့်စုံတဲ့ သူတွေပေါ့။တချို့ဆိုပတ်စ်ပို့တောင်မရှိကြဘူးလို့ ပြောပါတယ်။အခုကပတ်စ်ပို့ရှိရင်အထောက်အထားအပြည့်အစုံရှိရင် မလေးမှာအလုပ်လုပ်လို့ရတယ်လို့လည်း ပြောကြပါတယ်။ဒီကနေ မလေးအထိ အရောက် စက်ရုံလုပ်ငန်း ခွင်အထိအရောက် သူတို့ပို့ပေးမယ်၊ကုန်ကျ စရိတ်က တယောက်ကို မြန်မာငွေသိန်း ၈ဝ ကျမယ်ပြောပါတယ်။သွားရမယ်လမ်းကြောင်းက ဒီကနေ ထိုင်းနယ်စပ်၊အဲကနေမှ မလေးဘက်ကို ပြန်ကူးရမယ်ပြောတယ်။ဟိုဘက်နယ်စပ်မှာ သူဌေးကိုယ်တိုင်လာကြိုမယ်၊လာစောင့်နေမယ်။စက်ရုံအထိ သူဌေးကိုယ်တိုင်အရောက်ပို့ပေးမယ်ပြောတယ်။အခုအဖမ်းခံရတဲ့သူတွေကလည်း သူဌေးနဲ့ တိုက်ရိုက်မချိတ်ဘဲ ပွဲစားတွေကနေတဆင့် သွားတဲ့သူတွေလို့ပြောပါတယ်။အခုက ဒီကနေဆိုစင်ကာပူကို ထွက်ဖို့မလွယ်တော့ မလေးဘက်ကိုပဲ လူတွေကရတဲ့နည်းလမ်းနဲ့ထွက်နေကြတာပါ၊ဘယ်လိုတွေဖြစ်လာအုံးမလဲတော့ မသိဘူး”လို့ သူက ပြောပါတယ်။
ဒါအပြင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သား ကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေကတော့ မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က အခုနှစ်ပိုင်းတွေ အတွင်းမှာ အော်ပရာစီ ဖမ်းဆီးမှုတွေကို ခပ်စိတ်စိတ်ပြုလုပ်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။
“မလေးရှားက အခုအဖမ်းအဆီးတွေတအားများနေတယ်ပြောတယ်။အိမ်ကအကိုတယောက်လည်း ရွာမှာ အလုပ်အဆင်မပြေလို့ မလေးဘက်ထွက်သွားတာ ဟိုမှာအဖမ်းခံရပြီး အခုထောင်ကျနေတယ်လို့ ပြောတယ်။သူသွားတုန်းက သိန်း ၆ဝ နီးပါးပေးရတယ်။
အခုအထိလည်း အဆက်အသွယ်မရဘူး။အစပိုင်းတုန်းကသူနဲ့ အဆက် အသွယ်ရတော့ အဖမ်းအဆီးတွေများလို့ ပြေးနေရတယ် ပြောတယ်။အဲနောက်ပိုင်းအဆက်အသွယ်ပြတ်သွားတယ်။အခုရွာကလူတွေ မလေးဘက်သွားမယ်ဆိုရင်တောင် မသွားဖို့လိုက်တားနေရတယ်။ဒီမှာအလုပ် အကိုင်တွေ အဆင်မပြေလို့သွားကာမှ ဟိုရောက်မှပိုဒုက္ခရောက်နေတယ်”လို့ ဧရာဝတီတိုင်းမှာ နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတယောက်ရဲ့မိသားစုဝင်တွေက သူတို့ကြုံနေရတဲ့ အခက်အခဲတွေကို ပြောပြပါတယ်။
မလေးရှားအစိုးရ အာဏာပိုင်တွေက အခုဖေဖော်လရီလအတွင်းမှာ ပီနန်း၊ ကွာလာလမ်ပူ၊ ဆလန်ဂေါပြည်နယ်အတွင်းက ကလန်းမဲရူးဈေးကြီးအစရှိတဲ့ နေရာတော်တော်များများမှာ အော်ပရာစီ အဖမ်းအဆီးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဆလန်ဂေါပြည်နယ် ကလန်း မဲရူးဈေးကြီး အော်ပရာစီ အဖမ်းအဆီးမှာဆိုရင် နံဟောင်နေတဲ့ ရေမြောင်းထဲ ပုန်းနေသူကိုတောင် မလေးရဲတွေက မရ၊ရအောင်ဖမ်းသွားပါတယ်”လို့ မလေးရှားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စတွေကို ကူညီ ဆောင်ရွက်ပေးနေသူတယောက်က ပြောပါတယ်။
ဒါအပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကလည်း မလေးရှားနိုင်ငံ အတွင်းသို့ အောက်လမ်း ကနေ ဝင်ရောက် လာသူ မြန်မာအမျိုးသား ၁၅ ယောက်၊ မြန်မာအမျိုးသမီး ၁၃ ယောက်၊ မြန်မာကလေးငယ် ၁ မိန်းခလေး ၁ ယောက်၊ စုစုပေါင်း ၂၉ ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့လည်း မလေးဒေသတွင်း သတင်းတွေအရ သိရပါတယ်။
မလေးရှားနိုင်ငံဟာ လက်ရှိမှာ ပြည်ပက တရားဝင်ရွှေ့ပြောင်းလုပ်သား ခေါ်ယူမှုတွေကို ပိတ်ပင်ထားတဲ့ အတွက် မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်လိုတဲ့ ရွှေ့ပြောင်းလုပ် သားတွေဟာ တရားမဝင် (အောက်လမ်း) ကနေ မလေးနိုင်ငံဘက်ကို နည်းလမ်းမျိုးစုံ ခိုးဝင်နေကြတာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
Photo – မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန။