ဇွန် ၄၊ ၂၀၂၄
Shy V (VOM)
TNLA ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၂ မြို့နယ် ရှိ ဒေသခံ တွေကို လူဦးရေစီစစ်ပြီး အိမ် ထောင်စုစာရင်း နဲ့ ပြည်နယ်သား မှတ်ပုံတင် စီစစ် ထုတ်ပေးမယ့် အပြင် နိုင်ငံသား ဧည့်ပြည်နယ်သား စီစစ်တာတွေ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း TNLA ဘက်က သတင်းထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
“အိမ်ထောင်စုနဲ့ တအာင်း မှတ်ပုံတင် စာရင်း စကောက်တုန်းပဲရှိသေးတယ်။ အခု မလုပ်ပေးသေးဘူး။” လို့ ဒေသခံ မိန်းကလေး တယောက်က ပြောပါတယ်။
လူမျိုး၊ ဘာသာမရွေး သတ်မှတ်ထားတဲ့ အရည်အချင်း ပြည့်မှီသူတွေ အနေနဲ့ လာရောက်လျှောက်ထားနိုင်ဝယ်လို့ ဆိုပါတယ်။
“အခုလောလောဆယ်က တအာင်း မှတ်ပုံတင်လုပ်ရင် ဘယ်နေရာမှ အသုံးမဝင်သေးလို့လေ သူများက မလုပ်ကြသေးဘူး။” လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။
TNLA ထိန်းချုပ်နယ်မြေမှာ ဒေသခံတွေရဲ့ လူမှု ဘဝလုံခြုံရေးနဲ့ ရေရှည် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသတွင်းရှိလူဦးရေ နဲ့ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းတွေကို စနစ်တကျ ပြုလုပ်ရန် အရေးတကြီး လိုအပ်လာကြောင်း တအာင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက သတင်းထုတ်ထားပါတယ်။
TNLA ထိန်းချုပ်နယ်မြေ အတွင်းရှိ ပြည်သူလူထုရဲ့ ပြည်သူ့အင်အား စာရင်းအမှန်ကို ပြုစုထိန်းသိမ်းထားနိုင်ဖို့၊ TNLA ထိန်းချုပ်နယ်မြေအတွင်း လူဝင်ထွက်မှုတွေကို စည်းစနစ်ကျစွာ ကြပ်မတ် ထိန်းသိမ်းနိုင်ဖို့နဲ့ မှတ်ပုံတင်တွေ ထုတ်ပေးခြင်း၊ ကြီးကြပ်ခြင်း အားဖြင့် ပြည်နယ်သား အခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ကြောင်း ဖော်ပြထားပါတယ်။
ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရာမှာ ပြည်နယ်သား အသိအမှတ်ပြုရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားပါက ဘဝလုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုလျင်မြန်စွာ ခံစားနိုင်မှာ ဖြစ်ပြီး ပေါ်ပေါက်လာမယ့် ပြည်ထောင်စု နိုင်ငံသား အဆင့်အတန်း နဲ့လည်း လက်တွေ့ကျကျ ပေါင်းစပ်နိုင်မှာ ဖြစ်ကြောင်း နှိုးဆော်ထားပါတယ်။
၂၀၂၄ ခုနှစ် PSLF/TNLA ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ပြီး လူဦးရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းကို အကောင်အထည် ဖော်နိုင်ရန်အတွက် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနကို ဖွဲ့စည်းကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန ကလည်း သတင်းထုတ်ထားပါတယ်။
လူဦးရေစာရင်းနဲ့ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ အပတ်စဥ် ၁ သင်တန်းကို မေလ ၁ ရက်နေ့မှ စက ၁၅ ရက်ကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ၊ သင်တန်းသား ၅၁ ယောက် တက်ရောက်သင်ယူခဲ့ကြောင်း တအာင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက သတင်းထုတ်ထားပါတယ်။
သင်တန်းမှာ PSLF/TNLA ထိန်းချုပ်ရာ မြို့နဲ့ ကျေးရွာရှိ လူထုကို လူဦးရေစီစစ်ပြီး အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်း၊ ပြည်နယ်သားမှတ်ပုံတင် စီစစ်ထုတ်ပေးခြင်း၊ နိုင်ငံသား (ဧည့်ပြည်နယ်သား) စီစစ်သတ်မှတ်ခြင်းလုပ်ငန်းများ၊ အခြေခံတအာင်းရုံးသုံးစာနဲ့ ရုံးပိုင်းဆိုင်ရာပတ်သက်တဲ့ လုပ်ငန်း ဆိုင်ရာ သင်ခန်းစာတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
တအာင်း လူဝင်မှုကြီးကြပ်ရေး ဌာနက ဝန်ထမ်း အယောက် ၁၀၀ ခေါ်ယူသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
အဲဒီ တအာင်းပြည်လူဝင်မှုကြီး ကြပ်ရေးဌာနက ၂၀၁၆ ခုနှစ် ကတည်းက PSLF အထွေထွေ အုပ်ချုပ်ရေးဌာနမှာ အစပြုသန္ဓေတည်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ဝန်ထမ်းအင်အား တိုးချဲ့ လည်ပတ်ခဲ့ကာ ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးမှာ အကောင် အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
Photo Crd#ဒေသခံ
