ဇူလိုင် ၉၊ ၂၀၂၅
Shy V (VOM)
ငြိမ်းချမ်းရေး ဖိုရမ် တက်ရောက်ခဲ့တဲ့ ဒေါက်တာတူးဂျာ နေအိမ်နဲ့ နိုင်ငံတော်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ နေအိမ်တွေ ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းက ဗုံးပစ်ခတ်ဖောက်ခွဲခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဟိုတနေ့က ဒေါက်တာတူးဂျာ အိမ်နဲ့ ဒေါ်ဒွဲဘူ အိမ် ဗုံးခွဲ ခံရတာဟုတ်တယ်။ ကျမတို့ နေတဲ့နားပဲ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လူသူ ထိခိုက်တယ်လို့လည်း မကြားသလို ကြီးကြီးမားမား ထိခိုက်တာမျိုးလည်း မကြားရဘူး လို့ သူက ပြောပါတယ်။
“အဲဘက်နား ဖြတ်လာတော့ စစ်သားတွေ အများကြီး ရှိနေတာ ဗုံး ခွဲခံရလို့ဆိုပြီးတော့။ စစ်လည်း စစ်နေတာ။ အနီးကပ်တော့ သွားမကြည့်ရဲတော့ ဘယ်လောက် ထိခိုက်ပျက်စီးလဲ မသိရဘူး” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ဒေါက်တာ တူးဂျာ နေအိမ်နဲ့ ဒေါ်ဒွဲဘူ နေအိမ်က ရပ်ကွက် သပ်သပ်စီ ဖြစ်ပြီး ဘယ်သူ ဘယ်ဝါတွေ လာပစ်သွားတယ် ဆိုတာ မသိရဘူးလို့ သူက ပြောပါတယ်။
မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်ရှိ ဒေါ်ဒွဲဘူ နေအိမ်ကို ဇူလိုင်လ ၇ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၄၀ ခန့်မှာ အသံမိုင်းနဲ့ လာရောက် ပစ်ခတ် ဖောက်ခွဲခဲ့သလို ယုဇန ရပ်ကွက်ရှိ ဒေါက်တာ တူးဂျာ နေအိမ်ကိုလည်း ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်း ၃ နာရီ ၄၅ မိနစ်မှာ အသံမိုင်းနဲ့ လာရောက် ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း MOI က သတင်းထုတ်ထားပါတယ်။
အဲဒီလို ပစ်ခတ်ဖောက်ခွဲမြို့ကြောင့် နေအိမ်တွေရဲ့ ပြတင်းတံခါး မှန်တွေ အနည်းငယ်ပျက်စီးခဲ့ပြီး လူ ထိခိုက်မှု မရှိကြောင်း လည်းဖော်ပြထားပါတယ်။
ဒေါ်ဒွဲဘူဟာ ကချင်လူမျိုး ရှေ့နေ နိုင်ငံရေးသမားတဦးဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။
ဒေါက်တာတူးကတော့ KIO ဒုဥက္ကဋ္ဌဟောင်းဖြစ်ပြီး လက်ရှိမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ တာဝန်ယူထားသူဖြစ်ပါတယ်။
Photo Crd# MOI
