မင်းတုန်း ဧပြီ ၂၇-၂၀၁၉
ဖြစ်ရပ်မှန် သတင်းတွေကို မှတ်တမ်းပြုပြီး ဂျန်ကိုးလ် ရေးသားသည်။
Surf အမျိုးအစားငွေရောင်ကားတစ်စီးက ကားလမ်းဘေးမှာတုံးလုံး တွန့်ကြေသွားတဲ့ကားတံခါးကြောင့် အလန်းပေးသံကတတီတီ ကားလမ်းမအလယ်မှာသုံးလေးနှစ်အရွယ်ကလေးတယောက်က ဦးခေါင်းပွင့်ထွက် မလှုပ်မယှက် သူနဲ့မနီးမဝေးမှာ အမျိုးသမီးငယ်တဦးကအသက်မရှိတော့ ကားဒရိုင်ဘာကသွေးအလူးလူးနဲ့ ဖုတ်လှိုက်ဖုတ်လှိုက် အမျိုးသမီးကြီးတဦးရဲ့မချိမဆန့်ငြီးတွားသံတို့နဲ အနိဋ္ဌာရုံမြင်ကွင်းတခုကို မသက်သာစွာမြင်နေရပါတယ်။ နေရာကတော့ ပုသိမ်မုံရွာလမ်းမကြီးမိုင်တိုင်အမှတ်၂၀၅နဲ့၂၀၆ကြား လမ်းအလိမ်ကွေ့ဆင်းမှာပါ ။
၂၀၁၃ သင်္ကြန်အကြိုမတိုင်မီတစ်ရက်ကစလို့ ဒီနေရာကို မှတ်မှတ်ထင်ထင် သတိထားမိတဲ့ နေရာဖြစ်လာသလို အန္တရယ်ကွေ့ဆင်း ဆိုင်းပုဒ်တခုကိုလည်းမကြာခင်တွေ့မြင်ရပြီး လောက်လေးခွဒဏ်ရာများနဲ့ ပျောက်ဆုံးသွားတာကိုလည်း သတိထားမိရတဲ့နေရာတခုအဖြစ် မှတ်မိစေခဲ့တဲ့နေရာ တခု။
အခုနှစ်၂၀၁၉ဧပြီလ၂၄ရက်နေ့မှာတိုက်တိုက်ဆိုင် အိမ်စီးကားငယ်တစ်စီး ချောက်ထဲမှာ တွေ့ရပြန်ပါတယ်။ လေရောမိုးရောပြင်းထန်နေတဲ့အချိန်မှာ လူတချို့ကလူနာကိုခက်ခက်ခဲခဲ မချီပြီး လမ်းပေါ်တင်နေတဲ့မြင်ကွင်းကြောင့် ကားကိုစက်သပ်ကာ ကူညီရေးဝိုင်းလုပ်ရင်း အနီးနားရွာကလူတချို့နဲ့စကားပြောမိတော့
“ဒီအနားက မကြာခဏကားမှောက်တတ်တယ် တနေ့တနေ့ အဲဒီကွေ့လမ်းလိမ်က အသံဘဲ အလိုလိုနားစွင့်နေမိတယ်”လို့ အနီးနားရွာက လူတယောက်က ပြောသံကို မှတ်မိခဲ့ပါတယ်။
“ခရီးရှည်မောင်းလာတဲ့ ယာဉ်တွေပိုအဖြစ်များနေတာ ဒေသခံကားမဟုတ်တဲ့ လမ်းကြောစိမ်းတဲ့ကားတွေဖြစ်ကြတာဆိုပေမယ့် ဒေသခံကားလည်းကျတာဘဲ မြေညီတဲ့ချောက်ကို ဆင်းသွားတဲ့ကားတချို့ တာဝန်ရှိသူတို့ မသိခင်ပြန်ဆွဲတင်သွားတဲ့ကား ထိခိုက်ဒဏ်ရာမရှိဘဲ ကားမပျက်စီးလို့ မှတ်တမ်းမယူထားတဲ့ကားတွေနဲ့ဆိုရာကျော်နေပြီ “လို့ အခင်းဖြစ်နေရာနဲ့နီးတဲ့ လမ်းဘေးဈေးဆိုင်က ကိုဌေးဝင်းကလည်း ဆိုပါတယ်။
အဲဒီယာဉ်တိမ်းမှောက်မှု့တွေ မကြာခဏဖြစ်နေတဲ့ မကွေးတိုင်း သရက်ခရိုင်မင်းတုန်းမြို့နယ် အတွင်းက အရပ်အခေါ် မွှေးကြိုင်ကွေ့ မှာ၂၀၁၉ ဧပြီလအတွင်းယာဉ်လမ်းချော်မှု့ တိမ်းမှောက်မှု့ ၄ကြိမ်ရှိပြီး ယခုလည်းအိမ်စီးကားတစ်စီး လမ်းရဲ့ တဘက်မှာရှိတဲ့ချောက်ထဲ ကိုတိမ်းမှောက်ခဲ့ရာမှာ လူအသေအပျောက် မရှိပေမယ့် အဲဒီနေရာမှာ ထူးဆန်းမှုတွေ ရှိနေခြင်း ပရလောကသားများ စီးပိုးထားခြင်းများ ရှိနေကြတယ်လို့ ယုံကြည်သူများကပြောဆိုနေကြပါတယ်။
အဲဒီလို ယာဉ်တွေ မကြာခဏ တိမ်းမှောက်တာ လမ်းဘေးချောက်ထဲကျတာ မကြာမကြာ ဖြစ်တာဟာ အရင်ကယာဉ်တိမ်းမှောက်ပြီး ကွယ်လွန်သွားသူတွေက နှောင့်ယှက်တာလို့ ဒေသခံတွေကယုံကြည်နေကြပါတယ်။ ညအချိန်နဲ့ နေ့လယ်ခင်း လူပြတ်ချိန်တွေမှာ လူမရှိပဲ အသံကြားနေတာ၊ ဖြတ်သွားရင်ကို ကြက်သီးထလောက်အောင် ကြောက်သွားတာမျိုး စတဲ့ ထူးဆန်းဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပြပါတယ်။
အဲဒီ မွှေးကြိုင်ကွေ့ဟာ ပုသိမ်မုံရွာလမ်းမကြီးမြေသားလမ်းထိုးပြီးစ အချိန်က ဦးမွှေးကြိုင်မောင်းနှင်တဲ့ လမ်းဖောက်လုပ်တဲ့ လမ်းဌာနပိုင် ရေသယ်ယာဉ် တိမ်းမှောက်ပြီး ပထမဦးဆုံးအကြိမ် ယာဉ်မောင်းအပါအဝင် လူ၃ဦး သေဆုံးခဲ့ရာမှ ဒရိုင်ဘာဦးမွှေးကြိုင်အမည်အစွဲပြုပြီး မွှေးကြိုင်ကွေ့ဟုခေါ်ဝေါ်ခဲ့ခြင်းဖြစ်တယ်လို့ နယ်မြေခံများပြောစကားအရသိရပါတယ်။
မကြာသေးသောနှစ်တခုရဲ့သင်္ကြန်အကြိုနေ့ တရက်ကလည်း surfကားတစီးတိမ်းမှောက်ကာ ဆရာဝန်အမျိုးသမီးငယ်နဲ့ကလေးတဦး ပွဲခြင်းပြီးသေဆုံးခဲ့ပြီး နောက်ထပ်ဆေးရုံရောက်မှ၂ဦးထပ်မံသေဆုံးခဲ့သည့်ဖြစ်စဉ်၊ အိမ်စီးကားတစီးချောက်ထဲကို အဖြောင့်ထိုးကျသွားသည့်ဖြစ်စဉ်၊ ကုန်ကားတစီးပက်လက်လန်ကျသွားသည့်ဖြစ်စဉ်အပြင် အခြားမှတ်တမ်းတင်ထားခြင်းမရှိတဲ့ ဆိုင်ကယ်မှောက်မှု့တွေ၊ လူမသေသောဖြစ်စဉ်များစွာဟာ လမ်းဖောက်လုပ်တဲ့၁၉၈၀/၈၁ခုနှစ်ကနေ၂၀၁၉ ၂၃ဧပြီအထိ နှစ်ပေါင်း၄၀နီးပါး အတွင်းမွှေးကြိုင်ကွေ့ဧရိယာမှာ ယာဉ်အကြီးအသေး ဆိုင်ကယ်မတော်တဆမှု့ ဖြစ်စဉ်ပေါင်း၁၀၀ကျော်တယ်လို့ အနီးနားနေသူတွေက ပြောကြပါတယ်။
“အခုတစီးမှောက်နေပါပြီ ဒီနေရာမှာ မမှောက်တဲ့နှစ်ဆိုတာ မရှိသလောက်ရှားပါတယ် ဆောက်လုပ်ရေးကလဲ အာရုံစိုက်သင့်ပြီ မမြင်အပ်မြင်အပ် လောကသားဆိုလည်း ရွတ်တာဖတ်တာတပိုင်းပေါ့ နှစ်စဉ် ကားမှောက်နေတော့ ဘာကြောင့်ဖြစ်ဖြစ် လမ်းအနေအထားကိုထည့်စဉ်းစားသင့်ပြီ နယ်မြေခံတွေဘက်ကလည် အဆင့်ဆင့်တင်ပြဖို့လို့ပြီ”ဟုဒေသခံယာဉ်မောင်းကိုအောင်မျိုးကပြောပါတယ်။
တောသူတောင်သားတွေက ပရလောကကို ယိုးစွပ်သလို ပြင်ပအင်ဂျင်နီယာများက လမ်းတည်ဆောက်ပုံကိုထောက်ပြကြပါတယ် ။
“လမ်းတည်ဆောက်ပုံမှားနေတာ အရှိန်နဲ့ကွေ့ဆင်းလာတာအနိမ့်ပိုင်းကိုဆွဲချသလိုဖြစ်အောင်တဘက်နိမ့်နေတယ် “လို့ပြင်ပဆောက်လုပ်ရေးကုမ္ပဏီက အမည်မဖေါ်လိုသူအင်ဂျင်နီယာတယောက်ကပြောပါတယ်။
“ပြီးခဲ့တဲ့မိုးကြခါနီးက ဒီအထက်နားလေးမှာ ကိုယ့်စပယ်ယာကိုကိုယ်ပြန်နင်းမိလို့ တယောက်သေတယ် ခုကားမှောက်တာက လူဘာမှမဖြစ်ဘူး ဒီတလထဲ၅ခါရှိပြီ လူတော့မသေဘူး အဲဒီအနားမှာဘဲ သေးဆင်းပေါက်တဲ့ကားဆရာ သူ့ကားကသူ့ပြန်နင်းလို့သေဘူးတယ်။ လမ်းဌာနကကားဘဲ” ဟုဒေသခံဖြစ်သူ ဦးဌေးဝင်းကဆိုပါတယ်။
ကျောင်းဆရာဟောင်းတယောက်စီးလာတဲ့ဆိုင်ကယ်တစီး နေ့လယ်အချိန် လမ်းဘေးထိုးကျမှောက်နေပြီး သတိလက်လွတ်ဖြစ်နေတာကို ခရီးပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင်မိသားစုက ကယ်ခဲတဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘေးပတ်ဝန်းကျင်ရွာသူရွာသားတွေက ထုံးစံအတိုင်း ပရလောကကိုစွတ်စွဲပြောဆိုကြပြီး ကာယကံရှင်ကျောင်းဆရာကတော့ “ဘာမှမသိလိုက်ဘူး လဲတာလည်းမသိဘူး ရဲကိုငွေတင်က ဆရာဆရာဆိုမှအသိပြန်ဝင်လာတာ”ဟုဆိုခဲ့ပြီး မိသားစုဝင်များကတော့ ငယ်စဉ်ကတည်းက နှလုံးမကောင်းဘူး ခွဲစိတ်ခံထားရတာ သွေးပျစ်တဲ့ရောဂါမို့ အိပ်ငိုက်တာပါ ဟုခုခံပြောဆိုခဲ့သော်လည်း မဖြစ်မနေ လမ်းပေါ်သွားနေရသူများအနေနှင့်ပရလောကကိုဘဲယိုးစွပ်ကြပါတယ်။
ပြီးခဲ့တဲ့မိုးဦးကျကာလက စိမ်းစိုသစ်တောဝန်ထမ်းတဦးကိပရလောကသား အမျိုးသမီးတဦးက ဝင်ရောက်ပူးခဲ့ပြီး ၎င်းနှင့်မနီးမဝေးက သုံးဘီးဆိုင်ကယ်မှောက်ကာ သေဆုံးခဲ့သောသူက ပရလောကသားချင်း လိုက်လံနှောက်ယှက်နေ၍ အကူညီတောင်းခံခဲ့သည်လို့ဆိုပါတယ်။
အဲဒီလူငယ်အပူးခံရစဉ်က အရက်သေစာသောက်စားထားခြင်းမရှိချိန် မနက်၈နာရီခန့်ဟုဆိုပြီးကျန်အချိန်များတွင် သောက်စားတတ်သူလို့ဆိုပါတယ်” သူကဒီကို ခုမှရောက်ဘူးတာ သေသူတွေဖြစ်စဉ်တွေကို ဘယ်သိမလဲ ဒါပေမဲ့သူပြောတာတွေက ဖြစ်စဉ်အမှန်တွေ ကျနော့်ကသူ့ဘေးမှာ သူကတယောက်ထဲပြောနေပေမယ့်။ ဘေးကတယောက်ယောက်ကိုပြောနေတာသေချာတယ် ဖုန်းပြောသလိုပေါ့ဗျာ ဟိုဘက်ကဘာပြောလို့ ဒီဘက်ကပြန်ပြောပုံအရ သူကိုအကူညီတောင်းနေတယ်ဆိုတာယုံရမလိုဘဲ”လို့ သူ့သူငယ်ချင်းဖြစ်သူသစ်တောဝန်ထမ်း ကိုနန်းဝင်းအောင်က ပြန်ပြောပြပါတယ်။
လူသေဆုံးမှု့ဖြစ်စဉ်ရှိခဲ့စဉ်က အဲဒီနေရာကိုဒေသခံများက သံဃာတော်များပင့်ဆောင်ကာ ပရိတ်တရားများရွတ်ဖတ်ပူဇော်အမျှဝေခြင်းများ ၃ကြိမ်ခန့်ပြုလုပ်ခဲပြီးကြောင်းလည်းသိရပါတယ်။
အဲဖြစ်စဉ်တွေကြောင့် လမ်းကိုဖြောင့်ပေးဘို့ သို့မဟုတ်အခြားအင်ဂျင်နီယာ အမြင်နဲ့ လမ်းပြုပြင်ဖို့ မင်းတုန်း တိုင်း ၁ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြီးခဲ့နှစ်လွှတ်တော်မှာ တင်ပြခဲ့တယ်လို့သိရပြီး အခုအခါပုသိမ်မုံရွာလမ်းတိုးချဲ့နေစဉ်ကာလမှာ လမ်းချဲ့နေသော်လည်း လမ်းဖြောင့်တန်းခြင်းတော့မရှိဘူးလို့ ဦးတင်ဝင်းကပြောပါတယ်။
“နွေရာသီမှာအဖြစ်များတယ်ဆိုတာက ခရီးသွားတွေများသလို ရွှေစက်တော်ဘုရားပွဲလာကြတဲ့ကာလတွေမှာအဖြစ်များတယ်ပြောရမှာပေါ့ ဒါပေမဲ့တခြားအချိန်လဲဖြစ်တာပါဘဲ ကျဲတာနဲ့စိပ်တာကွာတယ်ဒီနှစ်ကတော့၅ကြိမ်လောက်ရှိသွားပြီ”လို့ ကားမှောက်ရာသို့ ကူညီရေးလာသူ ဒေသခံတဦးကပြောပါတယ်။
ယခုနှစ်မှာတော့ မင်းတုန်းမြို့နယ်တင်မကဘဲ ပဲခူးတိုင်းပန်းတောင်းမြို့နယ်ထဲက ပုသိမ်မုံရွာလမ်းတွေချဲ့တော့ မြေသားတွေပေါ်ကားနင်းမိရင်ဖြစ်ဖြစ် ကျွဲနွားတွေကကျတဲ့မြေကြောင့်ဖြစ်ဖြစ်စလစ်ဖြစ်နိုင်ချေပိုများပြီး ဒေသမြေဖြစ်တဲ့ဖို့မြေတွေဟာကျပ်စေးမြေဖြစ်ပြီး မိုးနဲနဲထိရင် ခွာမရအောင်စေးကပ်တယ်လို့ ဒေသခံယာဉ်မောင်းများကသုံးသပ်ကြပါတယ်။
ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကတဆင့် တင်ပြပြီး အနိမ့်ပိုင်းကိုဆွဲချစေတဲ့အခုံးကိုဖြေပြီး လမ်းကို အနည်းငယ်ဖြောင့်ပေးဖို့ လိုအပ်နေတယ်လို့ ပြင်ပအင်ဂျင်နီယာတွေရဲ့ အကြံပြချက်ကို ဆက်လက်တင်ပြဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။
အခြား တဘက်ကလည်း အဆိုပါ မွှေးကြိုင်ကွေ့မှာ အကျွတ်အလွတ်ပွဲတွေ လုပ်ဆောင်ဖို့ တတ်သိနားလည်သူတွေနဲ့ တိုင်ပင်နေကြပြီး သေဆုံးသူများနဲ့ နီးစပ်ရာ နေရပ်လိပ်စာသိသူ ဆွေမျိုးသားချင်းတွေကို ဖိတ်ကြားကာ အမျှအတန်းများပေးဝေသွားမယ်လို့သိရပါတယ်။
ဂျန်ကိုးလ်