ကုတင် ၃၀၀ ဆံ့ နှလုံး၊ ဦးနှောက်နဲ့  အာရုံကြောအထူးကုဆေးရုံသစ် မေလ ၁ ရက်စဆောက်မယ်

ရန်ကုန် ၊ ဧပြီ ၂၉-၂၀၁၉

TGH(VOM)

 

ကုတင် ၃၀၀ ဆံ့ နှလုံး၊ ဦးနှောက်နှင့် အာရုံကြောအထူးကုဆေးရုံသစ်ကို ရန်ကုန်မှာ မေလ ၁ ရက်နေ့ စတင်တည်ဆောက်သွားမယ်လို့  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေသိရပါတယ်။

 

“ဒီဆေးရုံအတွက် ဂျပန်နိုင်ငံ အစိုးရက   ဂျပန်ယန်းငွေ (၈၆၆၁)သန်းနှင့်  ဆေးရုံသုံးစက်ပစ္စည်း တချို့ကို  ထောက်ပံ့တယ်။  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မြန်မာ ကျပ်ငွေသန်း (၄၂၄၂၅) ခန့် ကျခံသုံးစွဲမှာဖြစ်တယ် “လို့  ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောပါတယ်။

 

မြန်မာနိုင်ငံမှာရှိတဲ့ နှလုံးရောဂါနှင့် ဦးနှောက်အာ ရုံကြောရောဂါတွေကို မြန်မာ–ဂျပန် နည်းပညာပူးပေါင်းပြီးအဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအပြင်  နှလုံးရောဂါဆေးပညာ(Cardiology)၊ နှလုံးခွဲစိတ်ကုသမှုပညာ(Cardiac Surgery)၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှု ပညာ (Neurology)၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုပညာ(Neurosurgery) ဌာနတွေနဲ့ပါ ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမယ်လို့သိရပါတယ်။

 

၎င်းအထူးကုဆေးရုံကြီးကို ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်နဲ့ သူနာပြု တက္ကသိုလ်ကြားရှိ မြေနေရာ (၅.၅၆၂) ဧကမှာ ဆောက်လုပ်မှါဖြစ်ပြီး ကုတင် ၃၀၀ ဆံ့၊ ၇ ထပ်အဆောက်အဦးဖြစ်ပါတယ်။ဆောက်လုပ်ရေးအပိုင်းကို TAISEI ကုမ္ပဏီ ကနေတာဝန်ယူတည်ဆောက်မှာဖြစ်တယ်လို့သိရပါတယ်။

 

တည်ဆောက်ရေးကာလက နှစ်နှစ်စီမံကိန်းဖြစ်သဖြင့် လာမယ့် ၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့အပြီး တည်ဆောက် ဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါတယ်။

 

ဆေးရုံသစ်ကြီးပြီးစီးသွားပါက ဆေးပစ္စည်းကိရိယာစုံလင်စွာနဲ့  လုပ်ငန်းဆောင်ရွက်နိုင်မယ့်အပြင် ဘွဲ့ကြို၊ ဘွဲ့လွန် ဆေးနှင့်ဆေးနှီးနွှယ်ပညာ သင်ကြားသင်ယူမှုလုပ်ငန်းတွေပါ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

 

နှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးရုံသစ်  New Yangon Specialist Hospital)  တည်ဆောက်ရေးစီမံကိန်း ရတနာပန္နက်တင်ပွဲကို ဧပြီလ ၂၈ ရက်နေ့တွင်ပြုလုပ်ခဲ့ပါတယ်။

#voiceofmyanmar #နှလုံး၊ဦးနှောက်နှင့်အာရုံကြောအထူးကုဆေးရုံ

Related posts

✕
VOM News

FREE
VIEW