ဩဂုတ် ၇ ၊ ၂၀၂၅
GG(VOM)
ပဲခူးတိုင်း ၊ညောင်လေးပင်မြို့မှာ ကျူရှင်ဆရာကို သတ်ဖြတ်ပြီး ပစ္စည်းလုယက်သွားတဲ့သူက စာသင်ပြပေးခဲ့ဘူးတဲ့ တပည့်တယောက်ဖြစ်ပြီး လက်ရှိမှာ လူသတ်ပစ္စည်းလုယက်ခဲ့တဲ့ ကျူးလွန်တပည့်ကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့သိရပါတယ်။
သတ်ဖြတ်ခံခဲ့ရသူက ညောင်လေးပင်မြို့ ၊မြို့မ ၄ ၊ကန်သာယာလမ်း နေထိုင်သူ ကျူရှင်ဆရာ ကိုပြည့်ဖြိုးအောင် (ခ) ဆရာမှန်လေးဖြစ်ပြီး သတ်ဖြတ်ပြီး ဖုန်း၊ ငွေနဲ့ ဆိုင်ကယ်လုယက်ခဲ့တဲ့သူကတော့ အသက် ၁၉ နှစ်သာရှိပြီး ယခင် ဆယ်တန်းတက်တုန်းက စာသင်ပြပေးခဲ့ရတဲ့ တပည့်ဟောင်းတယောက်ဖြစ်တယ်လို့သိရပါတယ်။
” သတ်တဲ့ကောင်လေးက ကျူရှင်ဆရာရဲ့တပည့်အဟောင်းပေါ့။ကောင်လေးဆယ်တန်းတုန်းက ကျူရှင်ဆရာက ဂိုက်ပြခဲ့ဘူးတယ်။အဲဒီတော့ သတ်ခံရတဲ့နေ့က ကောင်လေးကလာခေါ်ချိန်သူကတပည့်ဟောင်းဆိုတော့ လိုက်သွားတာ။အဲဒါမှာ ပါတဲ့ဆိုင်ကယ်နဲ့ဖုန်း ၊ပိုက်ဆံ ကိုယူတဲ့အပြင် လူပါသတ်သွားတာ။လုတာကို ပြန်တိုင်မှာစိုးလို့တခါတည်းသတ်လိုက်တယ်လို့ ယူဆရတယ်။” လို့ ဖြစ်စဉ်သိသူ ဒေသခံတယောက်ကပြောပါတယ်။
လူသတ်၊ပစ္စည်း လုယက်မှုကျူးလွန်သူကိုတော့ ယခုရက်ပိုင်း ဩဂုတ် ၆ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လက်ရှိ ညောင်လေးပင်မြို့ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုပြုလုပ်နေတယ်လို့သိရပါတယ်။
” ဘယ်သူမှမယုံရတဲ့အခြေအနေဖြစ်နေပြီ။ကိုယ်နဲ့သိတဲ့သူကခေါ်တိုင်း လိုက်ရမှာတောင်ကြောက်စရာဖြစ်နေပြီ ။ခုလည်း အသက် ၁၉ နှစ်ကလေးက ဘယ်လိုတောင် ရက်စက်တာလဲစဥ်းစားမရဘူး။” လို့ ဒေသခံပြည်သူတယောက်က မှတ်ချက်ပြုပြောပါတယ်။
ဆရာမှန်လေးက အရင်လ ဇူလိုင် ၃၀ ရက်နေ့မှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
မေလတုန်းကလည်း ပဲခူးမြို့ ၊မဇင်းရပ်ကွက် ၊ မဟာစေတီ ၃ မှာနေထိုင်တဲ့ ၇ တန်းကျောင်းသား မောင်သက်နိုင်မင်းကို တရပ်ကွက်တည်းနေထိုင်သူတွေက လိမ်ညာခေါ်ဆောင်ပြီး သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း ၊ တရားခံတွေကို ဖမ်းဆီးရမိခဲ့ပြီး ပဲခူးခရိုင်တရားရုံးက တရားခံနှစ်ယောက်ကို မသေမချင်းကြိုးကွင်းစွပ်သတ်စေ သေဒဏ်အပြင် အလုပ်နဲ့ထောင်အနှစ် ၂၀ ကျခံစေဖို့ ဇူလိုင် ၃၀ ရက်မှာအမိန့်ချမှတ်ခဲ့ပါတယ်။
အလားတူ တောင်ငူမြို့နယ်၊ ကျွန်းကုန်းရွာက ကိုးတန်းကျောင်းသူလေး ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ တရားခံနှစ်ယောက်ကိုလည်း တောင်ငူခရိုင်တရားရုံးက မေလ ၂၂ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ဂ)/၃၄ အရ သေဒဏ် မသေမချင်းကြိုးကွင်းစွတ်သတ်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
ဓာတ်ပုံ – CJ
