မိတ္ထီလာမှာ မိုးသက်လေပြင်းကြောင့် ထိခိုက်ပျက်စီးမှု များပြား၊ တယောက် ဒဏ်ရာရ

ဧပြီ ၈ – ၂၀၂၆
SS (VOM)
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မနေ့ ဧပြီ ၇ ရက်၊ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေရာအနှံ့ ထိခိုက်ပျက်စီးမှု များပြားခဲ့ကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
မိုးသက်လေပြင်း ကျရောက်မှုဟာ အချိန် တနာရီလောက်သာ ကြာမြင့်ခဲ့တာဖြစ်ပေမယ့် လမ်းမကြီးတွေပေါ် သစ်ပင်ကြီး အများအပြား လဲပြိုကျခဲ့တာကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပြင် နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“လေရော၊ မိုးရော ခဏလေးအတွင်းကို အတော်ကြမ်းခဲ့တာ။ မိုးသီးတွေပါကျတာ။ မိုးက အနောက်ဘက်ကနေ ပတ်ရွာတာ။ သစ်ပင်တွေက နှစ်ချို့ပင်ကြီးတွေတောင် အမြစ်ကကျွတ်ထွက်ပြီး လဲတာ။ လမ်းဘေးမှာ ရပ်ထားတဲ့ ဟိုက်ဂျက်တစီးပေါ် သစ်ပင်လဲကျလို့ ကားလည်း ပျက်စီးသွားတယ်၊ ဘေးမှာရှိနေတဲ့ အမျိုးသမီးတယောက်လည်း မစိုးရိမ်ရဒဏ်ရာ ရသွားတယ်။ လူအသေအပျောက်တော့ မရှိဘူး” လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
ဒါအပြင် ဝန်ဇင်းရပ်ကွက်၊ ပန်းသပြေလမ်းမှာလည်း ကုက္ကိုလ်ပင်တပင် လဲကျကာ နေအိမ်တလုံးပေါ် ပိမိခဲ့ပြီး ဓာတ်တိုင် တချို့လည်း ပြိုလဲခဲ့တာကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့တဲ့အပြင် လက်ရှိအချိန်အထိ လျှပ်စစ်မီး ပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်လျက်ရှိတယ်လို့ သူက ပြောပါတယ်။
“သစ်ပင်တွေက နေရာအနှံ့ပဲ ‌လဲကျတာ။ ကိုင်းတွေ ကျိုးကျကုန်တဲ့ အပင်တွေလည်းရှိတယ်။ ဆိုင်တွေ၊ သိပ်မခိုင်တဲ့ အိမ်လေးတွေလည်း ပြိုတာ၊ ယိုင်တာ ရှိတယ်။ နေအိမ်ပျက်စီးမှုက စုစုပေါင်း ဘယ်လောက် ဆိုတာကတော့ စာရင်းအတိအကျ မရသေးတော့ ပြောလို့မရသေးဘူး” လို့ သူက ပြောပါတယ်။
မိုးသက်လေပြင်း ကျပြီးနောက် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ရောက်ရှိလာကာ လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး လမ်းပိတ်ဆို့မှုတွေ မဖြစ်စေဖို့ သစ်ပင်၊ သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်းတာကို ချက်ခြင်း ဆောင်ရွက်ခဲ့တယ်လို့ သူက ပြောပါတယ်။
“ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်သူတွေကို ပြောချင်တာက မိုးဦးလေဦးဆိုတာ အိမ်အနီးအနားမှာ သစ်ပင်ကြီးတွေရှိရင် စိုးရိမ်ရပါတယ်။ သေချာ ရှင်းလင်းထားဖို့ လိုပါတယ်။ သစ်ကိုင်း ကျိုးကျတာကအစ အန္တရာယ်ရှိနိုင်လို့ပါ” လို့ သူက ပြောပါတယ်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ မနေ့ ဧပြီ ၇ ရက်၊ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ထားချက်အရ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ တောင်ပိုင်း) တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းခဲ့တယ်လို့ သိရပါတယ်။
“အပူချိန် မြင့်တက်လာပြီဆိုရင် မွန်းလွဲ၊ ညနေပိုင်း အချိန်တွေမှာ အပူပျံတက်တိမ်တွေဖြစ်၊ မိုးတိမ်တောင်တွေ ဖြစ်ပြီးတော့မှ လျှပ်စီးလက်၊ မိုးကြိုးပစ်၊ မိုးသီးကြွေတဲ့ ဖြစ်စဉ်တွေ ရှိနိုင်တယ်။ ဒီကိစ္စမျိုးတွေ သတိပြုသင့်တယ်။ တခါတစ်လေ မိုးတိမ်တောင် အားကောင်းသွားတဲ့ အချိန်ကျရင်လည်း လေပြင်းပါတိုက်တတ်တာ ရှိတယ်။ အဲဒါမျိုးတွေကို ဒီကာလတွေမှာ မွန်းလွဲ၊ ညနေပိုင်း အချိန်တွေမှာ သတိပြုသင့်တယ်” လို့ မိုး/ဇလဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ ဧပြီ ၈ ရက်၊ မနက် ၇ နာရီအချိန် ထုတ်ပြန်တဲ့ ဒီကနေ့ညနေပိုင်းအထိ မိုးလေဝသအခြေအနေ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း) နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိပြီး အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြုကြဖို့ မိုး/ဇလဌာနက အကြံပြု နှိုးဆော်ထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW