ဧပြီ ၉ – ၂၀၂၆
SN (VOM)
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုတင်ပြထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ကန့်ကွက်သူ မရှိတာကြောင့် သဘောတူကြောင်း ဒီကနေ့ ဧပြီ ၉ ရက်မှာ ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမနေ့ အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အတည်ပြု ကြေညာခဲ့ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ကိုးယောက်အနက်မှ ဦးစိုးသိန်းကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး ဦးကျော်ဝင်းသိန်း၊ ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး၊ ဒေါက်တာထွန်းထွန်းဦး၊ ဦးလွန်းပေါ်၊ ဦးကျော်စိုးညွှန့်၊ ဦးတိုးရီ၊ ဦးတင်အောင်ဝင်းနဲ့ ဦးမင်းဟန်တို့ကို အဖွဲ့ဝင်တွေအဖြစ် တာဝန်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ အဂတိ ကင်းစင်စေချင်သူ တယောက်က “အခုဖွဲ့စည်းလိုက်တဲ့ ကော်မရှင်က တကယ် အလုပ် လုပ်နိုင်မယ့်သူတွေ ပါဝင်လာတယ်လို့ ယူဆရပါတယ်။ ဘယ်သူမှ တကယ် မလုပ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ဒါပေမယ့် လုပ်စရာတွေကတော့ များမှာပေါ့လေ။ ဖြည်းဖြည်းချင်းတော့ သွားရမှာပေါ့။ ကော်မရှင်အနေနဲ့ အဓိက လုပ်ရမှာက အခြေခံ လူတန်းစားတွေနဲ့ ထိတွေ့ရတဲ့ ပုဂ္ဂိုလ်တွေပေါ့၊ သူတို့ကို အများကြီး ကြပ်မတ် ကိုင်တွယ်ဖို့ လိုပါလိမ့်မယ်။ ဘာလို့လဲဆို အောက်ခြေ လူတန်းစားတွေနဲ့ ထိတွေ့ရတဲ့ အလုပ်တွေမှာ အဆင်မပြေမှုတွေ ရှိနေတာတွေကို အများကြီး ကြားနေရလို့ပါ” လို့ ပြောပါတယ်။
အဂတိမှု ကင်းစင်ဖို့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) အနေနဲ့ အများပြည်သူနဲ့ တိုက်ရိုက်ထိတွေ့တဲ့ ဌာနတွေမှာ ဒီဂျစ်တယ်နည်းပညာ အသုံးပြုပြီး လုပ်ငန်းစဉ်တွေ လျှောက်ထားခြင်း (e-Government)၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ (CPU) တိုးမြှင့်ဖွဲ့စည်းခြင်းနဲ့ ထိရောက်ပြတ်သားတဲ့ အရေးယူမှုတွေနဲ့ ပြည်သူ့ယုံကြည်မှု တည်ဆောက်ခြင်းတို့ကို ဦးစားပေး လုပ်ဆောင်သင့်တယ်လို့ စီးပွားရေး၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
“ဒီဂျစ်တယ်နည်းပညာ (e-Government) အသုံးပြုခြင်း ဆိုတာဟာ ပြည်သူနဲ့ ဝန်ထမ်း တိုက်ရိုက်ထိတွေ့မှုကို လျှော့ချပေးနိုင်ဖို့ပါ။ ဒါမှသာ အဂတိ လိုက်စားနိုင်ခြေကို လျှော့ချနိုင်မှာပါ။ ဥပမာပြောရရင် လိုင်စင်၊ ပါမစ် လျှောက်ထားတာလိုမျိုးပေါ့၊ အဲဒါတွေကို အွန်လိုင်းကတဆင့် လုပ်ဆောင်စေမယ်ဆိုရင် အဂတိမှု အလိုလို လျော့ပါးပြီးသား ဖြစ်သွားပါလိမ့်မယ်” လို့ သူက ပြောပါတယ်။
အဂတိကော်မရှင်အနေနဲ့ ထိရောက်ပြတ်သားတဲ့ အရေးယူမှုတွေကို လုပ်ဆောင်နိုင်ဖို့ အဂတိလိုက်စားမှု များပြားတဲ့ ကဏ္ဍကြီးတွေကို ဦးစားပေးစုံစမ်းကာ ပြည်သူသိအောင် ဖော်ထုတ်အရေးယူဖို့ လိုအပ်မှာဖြစ်ပြီး ပြည်သူတွေ အလွယ်တကူ တိုင်ကြားနိုင်တဲ့ လျှို့ဝှက်စနစ် တိုးမြှင့်ခြင်းတွေကိုလည်း လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခု ရွေးချယ်လိုက်တဲ့ အဂတိတိုက်ဖျက်ရေး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာလည်း အမှန်တကယ် အလုပ် လုပ်နိုင်မယ့်သူတွေကို ရွေးချယ်ထားတယ်လို့ပဲ မြင်ပါတယ်။ တကယ် ထိရောက်မှု ရှိ၊ မရှိ ဆိုတာကတော့ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ အဂတိကော်မရှင်ဆိုတာ တကယ် ပညာသားပါပါနဲ့ ပြည်သူလူထုနဲ့ လက်တွဲ အလုပ် လုပ်ရမယ့် အဖွဲ့အစည်းပါ” လို့ သူက ပြောပါတယ်။
အဂတိလိုက်စားမှု အညွှန်းကိန်း (CPI-Corruption Perceptions Index) အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြေအနေဟာ ကမ္ဘာ့အဆင့်မှာ အလွန်ပင် နိမ့်ကျနေပြီး ရမှတ် ၁၀၀ မှာ ၁၆ မှတ်သာ ရရှိထားတာကြောင့် အကျင့်ပျက် ခြစားမှုတွေ ဆက်လက် မြင့်မားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
CPI အစီရင်ခံစာဟာ ကမ္ဘာနိုင်ငံတွေရဲ့ အကျင့်ပျက် ခြစားမှုတွေကို စောင့်ကြည့် အကဲဖြတ်နေတဲ့ ဂျာမနီနိုင်ငံအခြေစိုက် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (Transparency International) က နှစ်စဥ် ထုတ်ပြန်တာ ဖြစ်တယ်လို့ သိရပြီး လက်ရှိ ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၁၈၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၇၁ မှာ ရှိနေတာဖြစ်ကာ မြန်မာရဲ့နောက်မှာ ၁၁ နိုင်ငံသာ ကျန်ရှိတော့တာဖြစ်တယ်လို့ သိရပါတယ်။
Photo – Crd
