ပေါင်မြို့ အလှပ်ကျေးရွာမှာ ဒယ်နီအိုးကတဆင့်မီးလောင်လို့ အိမ် ၁၁ လုံးမီးထဲပါသွား

ဧပြီ ၁၈ ၊ ၂၀၂၆
GG (VOM)
မွန်ပြည်နယ် ၊ပေါင်မြို့ ၊ အလှပ်ကျေးရွာမှာ ဧပြီ ၁၇ ရက်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပြီး နေအိမ် ၁၁ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အလှပ်ကျေးရွာ သာယာကုန်းပိုင်းမှာ နေအိမ်တွေမီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုမှာ လျှပ်စစ်ဒယ်နီဟင်းချက်အိုးကနေတဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံပြောပြချက်အရ သိရပါတယ်။
ည ၁၁ နာရီ ၈ မိနစ် လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ချိန် ၁ နာရီလောက်ကြာမြင့်ခဲ့ပြီး ည ၁၂ နာရီ ၉ မိနစ်လောက်မှသာ မီးငြိမ်းသတ်နိုင်ခဲ့တာဖြစ် ကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာနထုတ်ပြန်ထားပါတယ်။
” အိမ် ၁၁ လုံးပါသွားတယ် ။ မီးလောင်လို့ မီးသတ်ကားလာတော့ ရွာအဝင်လမ်းကကျဥ်းပြီး မီးသတ်ကားဝင်ရခက်တော့ အိမ်တွေ မီးကူးမှုပိုများသွားတယ်။ မီးစလောင်တဲ့အိမ်က ဒယ်နီအိုးကို ပလပ်ထိုးခဲ့တာကနေ ဖြစ်တယ်သိရတယ်။ လူထိခိုက်တော့မရှိဘူး။ ဒါပေမယ့် အမျိုးသမီးတယောက်ကတော့ သူ့အိမ်မီးထဲပါသွားလို့ သတိမေ့ပြီး ဆေးရုံပို့လိုက်ရတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိမှာတော့ မီးဘေးသင့်ပြည်သူတွေကို သာယာကုန်းအပိုင်းထဲက စာသင်ကျောင်းမှာပဲ ယာယီနေထိုင်ဖို့ စီစဥ်ပေးထားကြောင်းသိရှိရပြီး နေအိမ်ပြန်လည်တည်ဆောက်ဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
မီးလောင်မှုကိုတော့ ပေါင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစီး၊ မီးသတ်ရေသယ်ယာဉ်နှစ်စီး၊ အလှပ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြိမ်းသတ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဧပြီ ၁၀ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အကျော်တန်းလမ်းမှာ ဂက်စ်အိုးအရောင်းဆိုင် မီးလောင်မှုဖြစ်ပွားပြီး တယောက်သေဆုံးကာ နှစ်ယောပ်ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ဆိုင်ခန်းငါးခန်းလည်း မီးလောင်ပျက်စီးမှုရှိခဲ့ တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မီးသတ်ဌာန

Related posts

Leave a Comment

VOM News

FREE
VIEW