မီးပျက်ချိန်များလာလို့ အအေးခန်းစက်ရုံတွေနဲ့ ကုန်ထုတ်စက်ရုံတွေ ကုန်ကျစရိတ်တိုး

ဧပြီ ၂၂ – ၂၀၂၆
SS (VOM)
လျှပ်စစ်မီး ပြတ်တောက်ချိန် များပြားလာတဲ့အတွက် အအေးခန်းစက်ရုံတွေနဲ့ ကုန်ထုတ်စက်ရုံတွေ ထုတ်လုပ်မှု ကုန်ကျစရိတ် သိသိသာသာ တိုးလာနေတယ်လို့ စက်မှုဇုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။
လက်ရှိမှာ အအေးခန်းနဲ့ ကုန်ထုတ်စက်ရုံတွေရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ စက်သုံးဆီဖိုးနဲ့ လျှပ်စစ်အစားထိုး စရိတ်တွေကြောင့် ပုံမှန်ထက် အဆမတန် မြင့်တက်နေပြီး မီးစက်မောင်းနှင်ဖို့ ဒီဇယ်ဆီဝယ်ယူရမှု၊ ပစ္စည်း ပျက်စီးဆုံးရှုံးမှုနဲ့ ကုန်ထုတ်စွမ်းအား ကျဆင်းမှုတို့ကြောင့် လုပ်ငန်းလည်ပတ်မှု ဘတ်ဂျက်တွေ ပိုမိုကုန်ကျ​နေတယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်က မီးစက်ဆီဖိုးနဲ့ ဘတ်ဂျက်အပို သုံးစွဲရတာတွေကြောင့် ဒီနှစ်မှာ အရင်ကထက် ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းလောက်အထိ တိုးလာတယ်။ မီးစက်တွေကို နာရီနဲ့ချီပြီး အသုံးပြုရ‌တယ်။ စက်သုံးဆီကလည်း အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ဆီရှားတယ်၊ အလွယ်တကူရဖို့ ခက်တယ်၊ ဈေးတွေကလည်း အဆမတန် တက်နေတာဆိုတော့ ထုတ်လုပ်မှုအပိုင်းမှာ ကုန်ကျစရိတ်တွေ ထပ်ဆောင်းပြီး တိုးလာတာ” လို့ သူက ပြောပါတယ်။
အခုအခါ စစ်မှုဇုန်တွေအတွက် မီတာခ ၁ ယူနစ်ကို ကျပ် ၄၀၀ မှ ၅၀၀ အထိ ပိုမို မြင့်တက်သွားတာဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံတွေရဲ့ လျှပ်စစ်မီတာခဟာ ၁ ယူနစ်ကို ပျမ်းမျှ ၁၅၀ ကျပ်ကနေ ကျပ် ၅၀၀ နှုန်းအထိရှိကာ မီးပျက်ချိန် မီးစက်နှိုး အလုပ် လုပ်ရရင်‌တော့ ၁ ယူနစ်ကို ကျပ် ၁,၀၀၀ ကျော် ကုန်ကျတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
လျှပ်စစ်မီး မကြာခဏပျက်တာကြောင့် စက်ယန္တရားတွေ ထိခိုက်ပျက်စီးခြင်း၊ အအေးခန်းတွေမှာ ကုန်ပစ္စည်းတွေ ပုပ်သိုးဆုံးရှုံးရတာ​တွေကြောင့် ပြုပြင် ထိန်းသိမ်းမှုစရိတ်နဲ့ အစားထိုးစရိတ်တွေ တိုးလာနေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“မီးစက်ဆိုတာက သိတဲ့အတိုင်းပဲ၊ backup လုပ်ရတာလေ။ အခုက ၂၄ နာရီနီးပါး လိုသလောက် မောင်းနေရတဲ့အခါကျတော့ ကြာတော့လည်း သူတို့လည်းမခံနိုင်ဘူး။ အကုန်ပျက်ကုန်တာပဲ။ မီးစက် ပြင်ဆင်စရိတ်ကလည်း သိန်း ၂၀၀ အထက်မှာရှိတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် လုပ်ငန်းငယ်တွေဟာလည်း မီးပျက်ချိန် များလာခြင်းနဲ့ စက်သုံးဆီဈေး မြင့်တက်လာခြင်းတို့ကြောင့် ကုန်ထုတ်လုပ်မှုမှာ အမြတ်မရဘဲ အရှုံးပေါ်ကာ ယာယီ ပိတ်သိမ်းရတဲ့ အခြေအနေတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
“လုပ်ငန်းမရပ်ချင်‌တော့ မီးစက်၊ အင်ဗာတာ၊ ဘက်ထရီတွေကို မဖြစ်မနေ သုံးရတာပေါ့။ အဲဒီတော့ အပိုဆောင်းစရိတ်တွေ ထပ်တိုးတယ်။ ကုန်ပစ္စည်းတွေကို မဖြစ်မနေ ဈေးထပ်တင်ရတယ်။ အရင်းအနှီးအပိုတွေ အများကြီး စိုက်ထုတ်ရတယ်။ ဒါပေမယ့် ဒါက ရေရှည်သွားလို့ ဘယ်လိုမှ အဆင်မပြေဘူးလေ။ လုပ်ငန်းတခု အဆင်ပြေပြေ လည်ပတ်နိုင်ဖို့ ဆိုတာက စက်သုံးဆီ လုံလုံလောက်လောက် ရှိရင် ရှိ၊ မရှိရင် လျှပ်စစ်မီး အချိန်ပြည့် လာနေဖို့လိုတယ်။ အဲဒီလိုတွေမှ မဟုတ်ရင် ရပ်ထားရဖို့ပဲ ရှိတော့တယ်။ တချို့ လုပ်ငန်းတွေဆို ယာယီရပ်ထားရတာတွေ အများကြီး တွေ့လာရတယ်” လို့ အသေးစား စက်မှုလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
လျှပ်စစ်မီးအသုံးပြု လုပ်ကိုင်ရတဲ့ မိတ္တူနဲ့ စာစီစာရိုက်လုပ်ငန်း၊ ရေခဲချောင်း၊ ရေခဲမုန့်လုပ်ငန်း စတာတွေမှာ တနေ့ကို လျှပ်စစ်မီး ရှစ်နာရီအပြည့် မရရှိတဲ့အတွက် အခက်အခဲတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ အဆင်မပြေဖြစ်လာတယ်လို့ စာစီစာရိုက်၊ မိတ္တူလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
“အရင်က ညပိုင်းတွေ မီးလာသေးတယ်။ အခုနောက်ပိုင်း ညဘက်တွေပါ မီးပျက်လာတာ။ ဘယ်အချိန် အလုပ်သွားလုပ်ရတော့မလဲ။ လွှတ်တော်တွေ စကတည်းက မီးပျက်နာ အရင်ကထက် ပိုဆိုးလာတာ။ မီးစက်နှိုးပြီး လုပ်ပြန်တော့လည်း ဆီဖိုးနဲ့ အခန်းငှားခ၊ ပြီးတော့ အလုပ်သမားစရိတ်က ရှိသေးတယ်။ ဒီကာလမှာလုပ်ဖို့က ဘယ်လိုမှ မကိုက်တော့ဘူး၊ ရှုံးတောင်ရှုံးတယ်။ အဲဒါကြောင့် လောလောဆယ်တော့ ဆိုင်ကို ခဏနားထားရတယ်” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံ၊ ကျောက်မီးသွေးစက်ရုံ နှစ်ရုံ၊ နေရောင်ခြည် စွမ်းအင်စက်ရုံ ခြောက်ရုံတို့နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။
အဆိုပါ စက်ရုံတွေကနေ လျှပ်စစ်မဂ္ဂါဝပ် ၇,၁၈၄ ဒသမ ၄၆ အထိ ထုတ်လုပ်ပေးနေပေမယ့် နိုင်ငံတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ နှစ်စဥ် ၁၅ ရာခိုင်နှုန်းခန့်အထိ လိုအပ်နေတယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ် နောက်ပိုင်း သဘာ၀ဓာတ်ငွေ့သုံး စက်ရုံအများစုဟာ ဆက်လက် မလည်ပတ်နိုင်တော့ဘဲ လျှပ်စစ်မီး လိုအပ်ချက်တွေ ဖြစ်ပေါ်လျက်ရှိကာ ပြည်ပကုမ္ပဏီတချို့ ထွက်ခွာသွားရသလို ပြည်တွင်း လုပ်ငန်းရှင်တချို့ဟာလည်း ကုန်ကျစရိတ် မြင့်တက်လာတာကြောင့် လည်ပတ်မှုတွေကို ရပ်နားထားရတာ ဖြစ်ပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW