သံတောင်ကြီး ဘုံတောင်ရွာ လေ​​ကြောင်းတိုက်ခိုက်ခံရမှု၊ ၁၀ ယောက်ထက်မနည်းသေဆုံး

ဧပြီ ၂၅ ၊ ၂၀၂၆
GG (VOM)
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ မြောက်ပိုင်းရှိ ၊ ဘုံတောင်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
မနေ့က ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး ၊ လူသေဆုံးမှုအပြင် နေအိမ်မီးလောင်ပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာတော့ PDF တပ်ဖွဲ့ဝင်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
” အဲဒီဘုံတောင်က သံတောင်ကြီးအစပ် လိပ်သိုနဲ့ပိုနီးတယ်။ ပြီးရင် နေပြည်တော် ၊ ပဲခူး ဧရိယာ အစပ်ပေါ့ ။ လေကြောင်းကြဲတာတော့ သိတယ်။ သေဆုံးအတိကျကတော့ မသိရသေးဘူး ။ အဲဒီဘက်က လက်နက်ကိုင်စိုးမိုးနယ်မြေတွေပါ ။ လက်နက်ကိုင်အဖွဲ့ကလည်း အဖွဲ့စုံရှိတယ်။ PDF ရော ကရင်လက်နက်ကိုင်တွေရောပဲ ။ ” လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ အခြေအနေပြင်းထန်သူတွေ လည်းရှိနေပြီး လက်ရှိမှာ ဘုံတောင်ရွာ ဒေသခံတွေ စစ်ရှောင်နေကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ အင်အားရာနဲ့ချီတဲ့ အစိုးရတပ် စစ်ကြောင်းက အဲဒီ ဘုံတောင်ရွာကို ရောက်ရှိပြီး အထိုင်ချတပ်စွဲထားတာကြောင့် တိုက်ပွဲဖြစ်ပွားနိုင်တဲ့ အခြေအနေရှိတဲ့အတွက် ဒေသခံတွေက တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဧပြီ ၂၂ ရက်နေ့က နေပြည်တော်၊ လယ်ဝေးမြို့နယ် အရှေ့တောင်ခြမ်း၊ သံ​တောင်ကြီးအစပ်မှာရှိတဲ့ သစ်ကြိမ်းအုပ်စု အောင်ချမ်းသာရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ အခြေချတပ်စွဲထားတဲ့ အစိုးရတပ်စခန်းတခုကို လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ခဲ့​တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါ​သေးတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW