စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ခုနစ်ယောက် သေဆုံး

မေ ၆ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ရက်ပေါင်း ၂၀ ဝန်းကျင်အတွင်း ခုနစ်ယောက် သေဆုံးပြီး ၂၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေ ၆ ရက်၊ မနက် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်က ဝက်လက်မြို့နယ်၊ စခန်းသာ (ခ) ချက်ပြဲကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ သုံးယောက် သေဆုံးပြီး ဒဏ်ရာရသူ သုံးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
“လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ဖြစ်တာ။ ရွာထဲက စားသောက်ဆိုင်နဲ့ အဲဒီဘေးပတ်ကျင်မှာ ပေါက်ကွဲမှုဖြစ်တယ်။ သုံးယောက်လုံး ပွဲချင်းပြီးသေတယ်။ နေအိမ် တလုံးလည်း ပျက်စီးတာရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် မေ ၄ ရက်နေ့ကလည်း ဝက်လက်မြို့နယ် (အနောက်မြောက်ဘက်ခြမ်း) က အုတ်ပုံကျေးရွာမှာ ဒရုန်းကျရောက် ပေါက်ကွဲမှုကြောင့် တယောက် သေဆုံးခဲ့တယ်လို့ သိရသလို အဲဒီ မြို့နယ်အတွင်းက မုဆိုးခြုံကျေးရွာရှိ စာသင်ကျောင်းမှာလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ဒရုန်းကျရောက်မှုကြောင့် တယောက် သေဆုံးကာ ၁၁ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဧပြီ ၂၁ ရက်နေ့ကလည်း ရွှေဘိုမြို့နယ် (အနောက်ခြမ်း)၊ ဇင်ကြီးကုန်းတဲစုမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် ပွဲချင်းပြီးသေဆုံးကာ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေ့မှာပဲ တန့်ဆည်မြို့ (အနောက်မြောက်ဘက်ခြမ်း) က ဒေသတွင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ရာ ကံထူးမရဲစခန်းအနီးမှာ လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင် ငါးယောက် အပါအဝင် ခြောက်ယောက် ဒဏ်ရာရရှိခဲ့ကာ ဆီဘောက်ဆာကားတွေ၊ ဆိုင်ကယ်တွေနဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၁၉ ရက်နေ့ကလည်း ဝက်လက်မြို့နယ်ရှိ မင်းကန်ရွာ၊ ကျောက်ကုန်းရွာ၊ လှတွေရွာနဲ့ ရွှေစည်းခုံရွာတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း ပစ်ခတ်ခံရမှု၊ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ကျရောက်မှုတွေကြောင့် နိုင်ငံတဝန်း သေဆုံးသူ စုစုပေါင်း ၃၇ ယောက် ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်အချက်အရ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW