ရန်ကုန်မှာ ဗေဒင်ဆရာအိမ်ကို ဓားပြတိုက်သူတွေကို ချက်ခြင်းဖမ်းမိ

မေ ၇ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ၊ ၂ ရပ်ကွက် ၊ သုဇိတာ ၇ လမ်းမှာရှိတဲ့ ဗေဒင်ဆရာနေအိမ်မှာ ဒီကနေ့မေလ ၇ ရက်နေ့ ၊ နေ့လယ်ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူသုံးယောက်လုံးကို သေနတ်နဲ့အတူ ချက်ခြင်း ဖမ်းဆီးရမိ ခဲ့တယ်လို့ လုံခြုံရေး အဖွဲ့နဲ့နီးစပ်သူ ဆီက သိရပါတယ်။
ဖြစ်စဥ်က နေ့လယ် ၁ နာရီခွဲလောက်မှာ အမည်မသိ အမျိုးသားသုံးယောက်ဟာ စရဖ အယောင်ဆောင်ပြီး ဗေဒင်ဆရာ ဦးထိုက်အောင်လင်းနေအိမ်ကို ဝင်ရောက် ဓားပြတိုက်ခဲ့တာဖြစ်ကြောင်း နဲ့ ကျူးလွန်သူတွေကို ရပ်ကွက်နေထိုင်သူတွေက ဝိုင်းဝန်း ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” အုပ်ကြီးအဖွဲ့ရောက်တော့လည်း စရဖ ကဆိုပြီးပြောတယ်။ အုပ်ကြီးကိုတောင် သေနတ်နဲ့ချိန်ပြီး သူတို့ရုံးလိုက်ဖို့ခေါ်သေးတယ် ။ အဲဒီမှာ အုပ်ကြီးက စရဖ ဆိုရင် အကူ ၁လား ၊ အကူ ၂ လားဆိုပြီးမေးတော့ မဖြေနိုင်ဘဲ ထွက်ပြေးကြတာ။ ထွက်ပြေးတော့ လိုက်ဖမ်းတာမှာ ရပ်ကွက်ကအကုန်လုံး ဝိုင်းဖမ်းလို့မိတာ ။ မမိခင် သူတို့က သေနတ်နှစ်ချက် ပစ်ဖောက်သွားသေးတယ်။မှတ်ပုံတင်တွေလည်းရတယ်။ အကုန်လုံး မိတယ်ဆိုတော့ ဘယ်သူဘယ်ဝါဆိုတာ ရဲတပ်ဖွဲ့က စစ်ဆေးရင် အကုန်ပေါ်မှာပါ ။ ” လို့ လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူ ကပြောပါတယ်။
ဓားပြတိုက်တဲ့ သူသုံးယောက်လုံးကို သေနတ် နှစ်လက် ၊ ကျည်ဆံ ၊ ဖုန်းသုံးလုံး ၊ မှတ်ပုံတင် အပါ ငွေသားတချို့နဲ့အတူ ဖမ်းဆီးသိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိမှာ ဓားပြတိုက်မှု ကျုးလွန်သူ သုံးယောက်လုံးကို သက်ဆိုင်ရာ နယ်မြေရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရတဲ့အတွက် မြောက်ဥက္ကလာရဲစခန်းကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး ။
ဓာတ်ပုံ – CJ

Related posts

VOM News

FREE
VIEW