နေပြည်တော် မေ ၇ – ၂၀၂၆
KKL(VOM)
ဥတ္တရသီရိမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က ဝါးတင်ဆောင်လာတဲ့ကား တိမ်းမှောက်မှုမှာ သေဆုံးသူနဲ့ ဒဏ်ရာရခဲ့ကြတဲ့သူတွေကို ထောက်ပံ့ဖို့အတွက် လုပ်ဆောင်နေတယ်လို့ ကနဦးသိရပါတယ်။
အဲ့ဒီလို ထောက်ပံပေးနိုင်အောင် တောင်ညိုကျေးရွာ ဥက္ကဌ ရဲ့ မတည်ငွေ ၁၇ သိန်းမတည်ထားတယ်လို့သိရပြီး လက်ရှိတောင်ညို ကျေးရွာ ရပ်ကွက်တာဝန်ခံတွေကလည်း အလှူငွေလိုက်လံကောက်ခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ရပ်ကွက်တာဝန်ခံတွေအနေနဲ့ အခု ၃ ရက်အလှူခံတာ ငွေ သိန်း ၂၀၀ ကျော်နဲ့ ဆန် တင်း-တင်း-၄၀ ကျော် ရရှိထားပါတယ် အလှူခံတာက မပြီးသေးပါဘူး ရရှိတဲ့ငွေနဲ့ အခြားဆန်အပါအဝင် အခြားပစ္စည်းတွေကို ကျွန်တော်တို့ တောင်ညို ဥက္ကဌ ကို စုပေါင်းအပ်နှံပြီးတော့ ရရှိတဲ့အတိုင်းအတာပေါ်မူတည်ပြီး သေဆုံးဒဏ်ရာရတဲ့သူတွေကို ထောက်ပံပေးမှာပါ” လို့ တောင်ညိုကျေးရွာ ကြီးပွားရေးရပ်ကွက်တာဝန်ခံ ဦးကိုကိုကြီးနဲ့ ဦးဆန်းလွင်တို့ကပြောပါတယ်။
လက်ရှိနောက်ဆုံး စာရင်းအတိအကျသိရတာကတော့ကတော့ သေဆုံးသူ ၁၇ ယောက်ရှိပြီး ဆေးရုံတက်ရောက်နေသူ ၂၉ ဦးနဲ့ ထပ်တိုး ၂ ဦးဖြစ်တဲ့အတွက် ဒဏ်ရာရရှိသူ ၃၁ ဦးရှိတယ်လို့သိရပြီးတော့ ထောက်ပံမှုကိုတော့ တောင်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ အခမ်းအနားနဲ့ ပေးအပ်သွားမယ်လို့ သိရပါတယ်။
မေလ ၃ ရက်နေ့က ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက သေဆုံးသူမိသားစုတွေနဲ့ ဆေးရုံတက်ရောက်ကုသမှုခံယူနေကြတဲ့ မိသားစုတွေကို ငွေကြေးနဲ့အခြား အသုံး အဆောင်ပစ္စည်းတွေ လာပြီး ထောက်ပံပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
“အခုလိုဖြစ်စဥ် ထပ်ပြီးမဖြစ်အောင် ကျွန်တော်က ဝါးပွဲစားတွေကို ခေါ်ယူပြီးတော့ အလုပ်သမားတွေအတွက် ကားအကြိုအပို့ လုပ်ပေးနိုင်အောင် ခေါ်ပြီးပြောဖို့ စီစဥ်ထားပါတယ် အလုပ် သမားတွေအတွက်လည်း အန္တရယ်ကင်းအောင် ရည်ရွယ်ပြီးလုပ်မှာပါ ဒီထောက်ပံ့တဲ့အခမ်းအနားပြီးတာနဲ့ ဆက်ပြီးလုပ်သွားဖို့ရှိပါတယ်” လို့ တောင်ညိုကျေးရွာ ဥက္ကဌ ဦးဇော်မင်းထိုက်က ဆိုခဲ့ပါတယ်။
အခုလက်ရှိကတော့ အလှူခံနေဆဲဖြစ်တယ်လို့သိရှိရပြီး နောက် ထပ်နှစ်ရက်ဆက်လက်ပြီး ဥတ္တရသီရိမြို့နယ်ထဲက ဘုရားကုန်းစျေး ရွှေနံသာရပ်ကွက်နဲ့တောင်ညိုစျေး တွေမှာဆက်လက်အလှူခံပြီး မေလ ၁၀ ရက်နေ့မှာ တောင်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ အခမ်းအနားနဲ့ ထောက်ပံပေးသွားမယ်လို့ သိရပါတယ်။
