ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကြောင်းထိုးနေ

မေ ၂၁ ၊ ၂၀၂၆
CC (VOM)
ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက် ၊ မတူပီ မြို့နယ်နဲ့ မင်းတပ်မြို့နယ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရတပ်က မြေပြင်စစ်ကြောင်းထိုးနေတဲ့အပြင် လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေတာကြောင်း စစ်ရေးတင်းမာလာနေတယ်လို့ စုံစမ်း သိရှိရပါတယ်။
လက်ရှိမှာဆိုရင် အစိုးရတပ်စစ်ကြောင်းတွေက ကန်ပက်လက်မြို့အနီးအထိ ရောက်ရှိနေပြီး ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒါအပြင် ကန်ပက်လက်မြို့နယ်ထဲကို ဒီကနေ့မနက်ပိုင်းကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့သိရပြီး ထိခိုက်ပျက်စီးမှု အ​ခြေအနေကိုတော့ မသိရှိရသေးပါဘူး ။
” ဆောကို သိမ်းတဲ့ စစ်ကြောင်းကပဲ ကန်ပက်လက်ဘက်ကို ဆက်ပြီး တက်သွားတာ ။ ကန်ပက်လက် မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဖြစ်နေတယ်သိရတယ်။ လေကြောင်းကလည်း မနက်ကနှစ်ကြိမ်ကြဲသွားတယ် ။ မင်းတပ်နဲ့ မတူပီ ဘက်လည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ် ။ အဲဒီဘက်မှာတော့ တိုက်ပွဲဖြစ်တာမျိုး မကြားသေးဘူး ။ စစ်တပ်က ကန်ပင်လက်နဲ့ မင်းတပ်ကို ပြန်သိမ်းဖို့ အင်အားအများအပြားသုံးထိုးစစ်ဆင်နေတယ်။လေကြောင်းကနေလည်း ဗုံးကြဲပြီး ရှင်းနေတာ။ ” လို့ စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ် ။
အစိုးရတပ်က ဆောမြို့ကို မေ ၁၄ ရက်နေ့ ညနေပိုင်းက ပြန်သိမ်းပိုက်ပြီးနောက်ပိုင်းမှာ ဆောကိုရောက်နေတဲ့ စစ်ကြောင်းက ကန်ပက်လက်မြို့ကို ဆက်လက်ပြီး ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပြီး ဆောမြို့နဲ့ ကန်ပက်လက်မြို့ကတော့ ၁၂ မိုင်လောက်သာ ဝေးတယ်လို့ သိရပါတယ်။
အလားတူ ကျောက်ထုကနေ ထွက်လာတဲ့ စစ်ကြောင်းကလည်း မင်းတပ် – ကျောက်ထုလမ်းဆုံရှိ ကံကြီးရွာကို ထိန်းချုပ်ခဲ့ပြီး အဲဒီကမှ မင်းတပ်မြို့နယ်ကို မြေပြင်စစ်ကြောင်းထိုးပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
မေ ၂၀ ရက်နေ့ ညနေပိုင်းက မင်းတပ်မြို့အနီး၊ စိချဲ့ရပ်ကွက်ကို လေကြောင်းတိုက်ခိုက်ခံရပြီး စာသက်ကျောင်းထိခိုက်ပျက်စီးမှုရှိခဲ့သလို မေ ၁၈ ရက်ကလည်း မင်းတပ်မြို့ အနောက်ရပ်ကွက်ကို လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူသုံးယောက်ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး နေအိမ်တချို့ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
မေလ ၁၉ ရက် နေ့ မှာလည်း ချင်းပြည်နယ် ၊ မတူပီမြို့‌မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး မိုးလုံလေလုံးအားကစားကွင်း ပျက်စီးမှုရှိခဲ့သလို အ.ထ.က ၂ ကျောင်းလည်း ပျက်စီးမှုအနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ် ။
လက်ရှိ ချင်းပြည်နယ်တောင်ပိုင်းရှိ ဒေသတွေမှာ ချင်းညီနောင်တပ်ဖွဲ့တွေဖြစ်တဲ့ CDF-Mindat၊ CDF-Kanpetlet၊ CDF-Matupi၊ CDF-Daai တို့ လှုပ်ရှားမှုရှိသလို ချင်းလဲန်းကောင်စီ (CC) လက်အောက်ခံတပ်ဖွဲ့တွေဖြစ်တဲ့ CDF-Paletwa၊ CDF-Matupi (တပ်မဟာ ၂) နဲ့ CDF-Zotung တို့လည်း စစ်ရေးလှုပ်ရှားမှု ရှိနေတယ်လို့ စစ်ရေးသတင်း တွေအရ သိရပါတယ် ။
ကန်ပက်လက်မြို့နဲ့ မင်းတပ်မြို့ကိုတော့ ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မတူပီမြို့ကိုတော့ ၂၀၂၄ ခုနှစ် ဇွန်လမှာ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ချင်းတောင်ပိုင်းမှာ စစ်ရေးအခြေအနေတင်းမာလာနေတာကြောင့်
ချင်းပြည်သူ့အစည်းအရုံး (Chin People’s Union)က ချင်းပြည်အရေးပေါ် ကာကွယ်ရေးရန်ပုံငွေအတွက် အရှေ့အလယ်ပိုင်းဒေသ (Middle East) ရှိ ချင်းတိုင်းရင်းသားတွေ အနေနဲ့ တဦးချင်း မြန်မာငွေ ကျပ်သုံးသိန်း (300000mmk) စီ ထည့်ဝင်ပြီး မိမိတို့ရဲ့ ဘိုးဘွားပိုင် အမိမြေကို ကာကွယ်ရာမှာ မြေပြင်ရှိ တော်လှန်ရေး ရဲဘော် ရဲဘက်များနှင့် တသားတည်း ရပ်တည် ပူးပေါင်းပါဝင်ကြဖို့ နှိုးဆော်ထားတာ တွေ့ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW