သူတို့အိမ်အခန်း (၁၃၀)

ဆူးငှက်

ဘုံဆိုင်မှာ နှမ်းဘတ်ချဉ် အမြီးစားသူပါ
——————————————–

ကျွန်တော် မွေးခဲ့ရတာက လက်လုပ်လက်စား မိဘဖြစ်သောကြောင့် ကျွန်တော့် ပတ်ဝန်းကျင်မှာလည်း လက်လုပ် လက်စားတွေ ချည်းပဲဖြစ်သည်။ လူလတ်တန်းစားလို့တောင် ပြောဖို့ ခပ်ခက်ခက်ပါ။ မွေးချင်း အိမ်နီးချင်းမှာလည်း ရွယ်တူမရှိပေ။ ကစားဖော်မရှိ။ ဦးလေးတွေ အစ်ကိုဝမ်းကွဲတွေနှင့်ပဲ ကြီးရသည်။ သူတို့ သွားလေရာ လိုက်ရသည်မှာ ကလေးကတည်းက လိုက်ရတာ လူပျိုကြီးဖားဖား တက္ကသိုလ်ရောက်သည့် အထိ။ သူတို့သွားသည် ဆိုတာကလည်း အရက်ဆိုင်က တစ်နေ့တစ်ခေါက် မရောက်မဖြစ်ကိုး။ ဒီတော့ ငယ်ငယ်ကတည်းက သူတို့စက်ဘီးထုတ်လာသည်နှင့် ကိုယ်က စက်ဘီး ဘားတန်းပေါ်ခုန်တက် လိုက်ပြီးသား။ ကြီးလာသည့်အခါ ကိုယ့်စက်ဘီးနဲ့ကိုယ် ထပ်ချပ်မကွာ ပါပြီးသား။ လူသာလဲမည်။ ကိုယ်က ပင်တိုင်။ ဤသို့ဖြင့် သူတို့နှင့် အရက်ဆိုင် ရုပ်ရှင်ရုံ ဗထူးကွင်း မလွန်ကွင်း ဘုရားပွဲခင်းများဆီ သာမက ဘုံဆိုင်ခေါ် ဘားခေါ် အရက်ဆိုင်များသို့လည်း ရောက်ဖူးနေသည်။

ကျွန်တော်ရောက်ဖူးသော ဘုံဆိုင် ဘားဆိုင် အရက်ဆိုင်များနှင့် ထိုဆိုင်များ၏ ဖေးဖရိတ် အမြီးများကို မှတ်မိနေသည်။ ၁၉လမ်း ကျောက်သပိတ်ဘားက နှမ်းပတ်ချဉ်သုတ်၊ ဦးတာရဲဈေး ဥယျာဉ်တန်းဘားက အမဲကြော်၊ ၃၆လမ်းဘားက ဝက်ကလီစာ၊ မင်္ဂလာဈေးဘားက ကြက်ခြေတောက်၊ နန်းရှေ့ဘားက ဆိတ်ပုဆိုးကြမ်း၊ သူရဲဈေးဘားက စာကလေးကြော်…၊ စသည်ဖြင့်ပေါ့။ စည်ဘီယာတွေ ပေါ်လာတော့ နာရီစင်နားက မာရဂျမ်းတိုက်၊ မန်းသီတာဥယျာဉ် အနောက်ပေါက်၊ ရမ်ဆိုရင် သရဖီပင် လက်ကြားထိပ် စသည်ဖြင့်ပေါ့။ ထိုဆိုင်တွေ အားလုံးလိုလို ရောက်ဖူးသည်၊ ထိုင်ဖူးသည်။ အရက်ဖြူတစ်ပက် ပြားခြောက်ဆယ်ခေတ်။ ပုလင်းဖင်ပြတ်ခွက်နဲ့ တန်းစီ ဝယ်ရတဲ့ခေတ်။ ထိုင်ဖူးသည်၊ ရောက်ဖူးသည်ဆိုတာ ခရီးသွားဟန်လွဲ တစ်ကြိမ်တစ်ခါ ရောက်ဖူးတာမျိုး မဟုတ်ဘဲ အကြိမ်ကြိမ် ရောက်ဖူးသည်။ တမေ့တမော ထိုင်ဖူးသည်။ ရန်တွေဖြစ်ပြီး ဆိုင်ပိတ်မှ ဝရုန်းသုန်းကား ထပြန်ဖူးသည်။

သို့သော် ဦးလေးတွေ အစ်ကိုဝမ်းကွဲတွေက သူတို့နှင့် ငယ်စဉ်မှသည် လူပျိုကြီးဖားဖားအထိ အရက်ဆိုင်တကာ ခေါ်ပေမယ့် ကွန်တော့်ကို တစ်ခါမှ အရက်ခွက်ကို လက်ဖျားနှင့် မထိရပေ။ သောက်ခိုင်းဖို့ ဆိုတာ ဝေးရော..။ အရက်သမားများ၏ ဒုက္ခများကို သူတို့ သိသလောက် တတ်သလောက် ဗဟုသုတများဖြင့် အရက်ကို အစမလုပ်ဖို့ ကိုယ့်ကို ဆုံးမစကားတွေအမြဲပြောသည်။ ထိုသို့သော အတန်းပညာမရှိ၊ နေ့စဉ် အရက်နှင့်ပဲ စိတ်အပန်းဖြေနေရပြီး၊ သူ့တူ သူ့ညီ ကျွန်တော့်ကို နေ့စဉ် သူတနှင့် အရက်ဆိုင်သို့ ခေါ်သွားသော်လည်း တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုသလို ကျွန်တော် အရက်သမား ဖြစ်သွားမှာကိုတော့ အတော်စိုးရိမ်ကြသော ဆွေကောင်း မျိုးကောင်းများဖြစ်ကြသည်။

စိမ်းရွှေရွှေ အနံ့နှင့် ဆေးလိပ်
——————————-

တစ်ခါကများ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ကျွန်တော်က သူငယ်ချင်းတစ်ယောက်ရဲ့ ဆန္ဒကို လိုက်လျောပြီး သူဖွာနေသော ဆေးလိပ်ကို ယူ၍ ဖွာကြည့်သည်။ စာမေးပွဲအတွင်း စာကျက်ရင်း အိမ်ရှေ့က ကွပ်ပျစ်ကြီးပေါ် သန်းခေါင်ကျော် လောက်ပေါ့။ ဘယ်ရမလဲ၊ လူ့တေလေကြီး ဦးလေးက သာမာန် ဆေးလိပ်အနံ့ မဟုတ်ဘဲ စိမ်းရွှေရွှေ ဆေးလိပ်အနံ့ကို အိပ်ရာထဲကနေ ချက်ချင်းသိသည်။ အိမ်တံခါးကို ဝုန်းခနဲ ဖွင့်သည်။

ထို့နောက် ကျွန်တော့်လက်ထဲက မီးခိုးငွေ့ မသေသေးသော ဆေးလိပ်ကို ဆွဲယူပြီး သူစီးထားသည့် ခုံဖိနပ်နှင့် နင်းချေပစ်သည်။ “ ငါ တစ်ရေးနိုးတော့ ဒီအနံ့ကို ချက်ချင်းသိတယ်။ ဒီနေရာ ဘယ်လိုလုပ် ဒီအနံ့ရပါလိမ့်လို့ အံ့သြနေတာ၊ မင်းတို့ဆီကကိုး၊ အေး..၊ မင်းတို့ ဒီအလုပ်ကို ရပ်တန်းက ရပ်ပါ။ နောက် ဘယ်တော့မှ မလုပ်ပါနဲ့။ စမ်းပြီးလည်း မလုပ်ကြနဲ့၊” ဆိုပြီး ကျွန်တော့်သူငယ်ချင်းကို ဆူသည်၊ ငေါက်သည်။ ကျွန်တော့်ကိုလည်း နောက်ရက်တွေ အထိ ဆူလို့ ငေါက်လို့ မပြီးတော့။ အဲ့ဒီ ဆေးလိပ်က ဆေးခြောက်တွေ ထည့်ထားတာတဲ့။ သူငယ်ချင်းကို “ မင်း.. ဒီဆေးလိပ်ကို နာရီစင်မြောက်ဘက်နား ကွမ်းယာဆိုင်က ဝယ်လာတာ မဟုတ်လား” တဲ့။ အဲ့ဒါ သူဝယ်နေကျ ဆိုင်တဲ့။ သူငယ်ချင်းလည်း မငြင်းနိုင်တော့။ ဦးလေးက အတိအကျ ပြောနိုင်နေတာကိုး။ နောက် မလုပ်တော့ပါဘူးဟု ဦးလေးကို ဝန်ခံလိုက်ရသည်။

အလုပ်ရုံ၊ အလုပ်သမားနှင့် စာတွေ့
—————————————

ယခု ဖိနပ်ကုန်ထုတ် သ/မသို့ အလုပ်ဝင်သောအခါ မနက်၆နာရီလောက် အလုပ်ရုံတံခါး ဖွင့်တာနှင့် အလုပ်သမားများက အလုပ်ဝင်ကြသည်။ ည၉နာရီလောက် အလုပ်ရုံတံခါး ပိတ်တဲ့အထိ တကုတ်ကုတ် လုပ်ကြရသူများ ဖြစ်၏။ တနင်္ဂနွေ တစ်ရက်ပဲ နားကြရသည်။ ကရစ်ရာဘာနံ့၊ သားရေနံ့၊ ဓာတ်ဆီကော်နံ့နှင့် သွပ်မိုးအုတ်ကာ ဂိုဒေါင်ဟောင်း အလုပ်ရုံကြီးထဲ အင်္ကျီမကပ်တမ်း အလုပ်လုပ်ကြရသူများ ဖြစ်သည်။ ထို လုပ်ငန်းခွင်သို့ ဝင်တဲ့အချိန်မှာ ကျွန်တော်စာတွေ အတော် ဖတ်ဖြစ်နေပါပြီ။ ကိုယ်ဖတ်ဖူးသည့် စာတွေနှင့် ချိန်ထိုးပြီး ကိုယ့်မျက်စိအောက်က အလုပ်သမားများ၏ ဘဝကို မြှင့်တင်ချင်သည်။ ရပိုင်ခွင့်တွေ ရှိစေချင်သည်။ အသိပညာတွေ တိုးစေချင်သည်။ လူနေမှု အဆင့်အတန်း မြင့်မား စေချင်သည်။ သူတို့ဘဝ လွတ်မြောက်စေ ချင်သည ်ဆိုပါတော့။

ရပိုင်ခွင့်တွေရှိ စေချင်တော့ တနင်္ဂနွေတစ်ရက်ပဲ နားနေရာက မိသားစုထိတွေ့မှု ပိုမိုရရှိပြီး မိသားစုဘဝ သာယာအောင်ဆိုကာ စနေနေ့ပါ အလုပ်ပိတ်ဖို့ နှင့် အလုပ်ချိန်ကို တစ်နေ့၈နာရီပဲ သတ်မှတ်ရမည်ဟု လက်သီး လက်မောင်းတန်းပြီး တစ်လတစ်ကြိမ် ကျင်းပသော လုပ်သားထုနှင့် စည်းဝေးပွဲတွင် လူတတ်ကြီး လုပကာ လုပ်သားထု ဘက်က ရပ်တည်ပြလိုက်သည်။

ထိုအခါ လုပ်သားထုက သြဘာ လက်ခုပ်အစား ဒေါသမျက်လုံးများဖြင့် ကျွန်တော့ကို ဝါးမျိုလုမတတ် ကြည့်ကြတော့ ကျွန်တော်လည်း တက်ထောင်မောင်းနင်းနှင့် ပြောလက်စလေသံက လျော့သွား၏။ ‘မနက်၆နာရီက ညစုပ်စုပ်ထိ လုပ်ရတာတောင် မလောက်မငှရတဲ့ အထဲ တစ်နေ့၈နာရီပဲ လုပ်ရမယ်ဆိုရင် ပါးစပ် ယင်မောင်းရမယ့်ကိန်း၊ ဒီကြားထဲ စနေနေ့ပါ နားရမယ်ဆိုရင် ဗိုက်မှောက်နေရပါ့မယ်ကွယ်၊ ကြည့်လည်း လုပ်ပါဦး’ ဟု ရှေ့ဆုံးက ထိုင်သည့် သဲကြိုးချုပ် အလုပ်သမားကြီးတစ်ဦးက လှမ်းပြောသည်။ ထိုအခါမှ ကျွန်တော်လည်း လက်တွေ့ မြေပြင်ပေါ် ကောင်းကင်က ထိုးကျလာ၏။ ဟုတ်သားပဲ၊ အလုပ်သမားများက ပုတ်ပြတ် လက်ခစားတွေလေ။ သူတို့မှာ တစ်နေ့ ငွေ၁ဝဝလောက်ရမှ မိသားစု စားလောက်မှာကိုး။ မိုးလင်းက မိုးချုပ် လုပ်မှ ဒီ ၁၀၀လောက်က ရမှာကိုး။

လက်တွေ့ဘဝတွေမှာ အဖြေရှာ
———————————

ထို့ပြင် လူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် သောက်ရေအိုး သန့်သန့်တွေ လုံလောက်အောင် ထားမယ်။ ရေလောင်းအိမ်သာ သုံးစေရမယ်။ တူညီဝတ်စုံတွေ ဝတ်စေဖို့ ဝယ်ပေးမယ် စသည်ဖြင့်လည်း မြို့နယ် အလုပ်သမား အစည်းအရုံး ကိုယ်စားလှယ်က အကြံပြုသည်။ ထိုစီမံချက်ကို အကောင်အထည် ဖော်ပြီးသည့်အခါ သောက်ရေအိုး အသစ်များထဲ ရေကို စေစ်ဖြင့် သေချာ စစ်ထည့်ကြပါရဲ့။ ရေမစစ်ခင် သားရေကိုင်ထား၊ ကရစ်ရာဘာ ကိုင်ထား၊ ဆိုးဆေးအနက်တွေ ကိုင်ထားသော လက်တွေနှင့်ပဲ ရေအိုးတွေကို ပွတ်သပ်ဆေးကြတာ။ ရေလောင်းအိမ်သာ အသစ်နောက် အုတ်တံတိုင်းကြား စက္ကူတွေ၊ ဒုတ်ခညောင်းတွေ စုပြုံသွားတာ မျိုးတွေကိုလည်း ဝိုင်းဝန်းပြုပြင်ကြရသည်။ အလုပ်သမားများအတွက် တူညီ ဝတ်စုံကလည်း ရေရှည်မှာ အဆင်မပြေ သူတို့အလုပ်က ချွေးသံရွှဲရွှဲ လုပ်ကြရတော့ အင်္ကျီကိုယ်တုံးလုံး ချွတ်က အဆင်ပြေ နေသားကျနေကြသည်။

အလုပ်ရုံက တနင်္ဂနွေ တစ်ရက်ပဲ ပိတ်သည်။ ထို့ကြောင့် စနေညနေဆိုရင် လုပ်အားခထဲက ကြိုသုံး ထုတ်ပေးရသည်။ ကြိုသုံး ပိုက်ဆံလေးရတာနှင့် လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မြောက်နားက သုသာန်ဘေး အရက်ပုန်းဆိုင်လေးတွေဆီ ရောက်ကုန်ကြပြန်၏။ ထိုဆိုင်များတွင် သန်းခေါင်သန်းလွှဲထိ ရောက်တော့တာ။ ပါသည့် ပိုက်ဆံ ကုန်သူကုန်၊ ပျောက်သူပျောက်၊ လူရွယ်လေးတွေက အရက်ဆိုင်ကတဆင့် ဟိုအိမ် သည်အိမ်ရောက်နှင့် အများစုက ဆန်အိုးဟောင်းလောင်း ဗိုက်ဟောင်းလောင်း ဖြစ်နေသော အိမ်က မိသားစုဆီအထိ ပိုက်ဆံ ပြန်မပါကြပေ။
တနင်္ဂနွေ နားရက်မို့ ကိုယ့်အိမ်မှာ မိသားစုနှင့်လည်း အချိန်ပေးမယ်များ မအောက်မေ့နှင့်။ မနက်စော ကတည်းက

အရက်ဆိုင် ရောက်ပြီး နေ့လယ်နေ့ခင်း အလုပ်ရုံမှာလာ ရေမိုးချိုး ညနေ ဘုံဆိုင်ပြန်ရောက်၊ ဒီလို သံသရာ လည်နေသော နေရာ၊ အသိုင်းအဝန်းနေရာသို့ ကျွန်တော်က ဘွဲ့ရပြီးကာစ ရောက်လာတော့ စာတွေ့နှင့် လက်တွေ့အပေါ် ဘာ့ကြောင့်လဲ ဟူသော သုံးသပ်ဆင်ခြင်နိုင်မှု အားနည်းကာ သူတို့ကို အပြစ်တင်နေမိသည်။ ထို့ကြောင့် အလုပ်ရုံနှင့် ပတ်သက်သော ရင်းနှီးသော အသိုင်းအဝိုင်းက ထို အလုပ်ရုံသို့ အလုပ်ဝင်သည်ဖြစ်စေ၊ ပညာသင် အပ်သည်ဖြစ်စေ “ အဲ့ဒီရောက်ရင်တော့ လုပ်ငန်းကိုင်ငန်း အဆင်ပြေမပြေ၊ ဖိနပ်ချုပ်ပညာတတ်မတတ်တော့ မသိဘူး၊ အရက်သမားတော့ သေချာပေါက် ဖြစ်မှာ မလွဲ” ဟု ပြောစမှတ်တွင်နေ၏။

ရွှေပတ်နှင့် ရမ်
—————–

ထိုစဉ်ကာလ အရက်ဖြူဆိုသည်ကိုပင် ဆိုင်မဖွင့်ခင်ကတည်းက တန်းစီ စောင့်ပြီး ဝယ်ရသည်။ ထို့ကြောင့် လွယ်လွယ်ရတာက “တော” ဟု ခေါ်သော ချက်အရက်များဖြစ်သည်။ ထိုချက်အရက်များကို ပြောကြတာတော့ ဓာတ်မြေသြဇာနဲ့ ချက်တာတဲ့၊ ရာဘာဖိနပ်ပြတ်တွေ စိမ်ပြီး ချက်တာတဲ့။ မန္တလေးမြောက်ပြင် ဗြစ်စက်က ထုတ်တဲ့ ရမ်အရက်ဆိုတာက ရွှေထက်ရှားသည်။ အစိုးရ ကုန်တိုက်က လျှောက်လွှာနှင့် ဝယ်မှရသည်။ လျှောက်လွှာမှာ ဘယ်လို ပုဂ္ဂိုလ်ကို ဧည့်ခံဖို့ ရမ် ၁ ပုလင်း ရောင်းချပါ ဆိုတာကို အောက်ခြေ ရပ်ကွက်ကောင်စီ၊ ရပ်ကွက် ပါတီစိပ် တာဝန်ရှိသူ၊ မြို့နယ်ကောင်စီ၊ မြို့နယ်ပါတီယူနစ် အဆင့်ဆင့် ထောက်ခံစာ ယူပြီး ကုန်တိုက်မန်နေဂျာက ရောင်းချခွင့်ပြုသည်ဟု လက်မှတ်ထိုးမှ ဝယ်လို့ရသည်။ အပြင်ဈေးချိုထဲက ဆိုင်တွေမှာတော့ အမြတ်အများကြီး ပေးရင်တော့ ရပါရဲ့။ ဒါပေမယ့် ရမ် မစစ်၊ အတုတွေက အများစုဖြစ်သည်။ ကုန်တိုက်က ရမ် သည်ပင်ှ တစ်ခါတစ်လေ အတုပါလာတတ်သေး၏။ ကုန်တိုက်ရမ်မှာလည်း ၃ မျိုး ၃စားရှိသေးတာ။ ပုံမှန် ရမ်၊ အဖုံးကို ချိတ်လောင်းထားသော အာမီရမ် နှင့် ဗွီအိုင်ပီအတွက် အဖုံးမှာ ရွှေစက္ကူပတ် ရွှေရမ် တဲ့။

ထိုသို့ ရှားပါး ခက်ခဲသော ကာလတွင် အလုပ်ရုံက ကျွန်တော့ စာပွဲဘေး ဘီရီုထဲမှာ အာမီရမ်ရော၊ ရွှေပတ်ရမ်ရော ဘယ်တော့မှ မပြတ်ပေ။ မပြတ်ဘူးဆိုသည်မှာ ကျွန်တော်တို့ တာဝန်ရှိ လူကြီးတွေ အတွက်မဟုတ်။ အလုပ်ရုံ တည်ရှိရာ မြို့နယ်မှာ ကျွန်တော်တို့ အလုပ်ရုံက ရံပုံငွေ အတောင့်ဆုံးဖြစ်သည်။ ထို့ကြောင့် မြို့နယ်ကောင်စီ ဖြစ်စေ၊ မြို့နယ်ပါတီယူနစ် ဖြစ်စေ၊ မြို့နယ် အလုပ်သမားအစည်းအရုံး ဖြစ်စေ၊ ဗီအိုင်ပီ ဧည့်သည်လာလျှင် ကျွန်တော်တို့က တာဝန်ယူ အကုန်အကျခံ ဧည့်ခံပေးရသည်။ ဧည့်သည်ရယ်၊ အိမ်ခံဌာနက တာဝန်ရှိသူရယ်၊ ဧည့်ခံတာဝန် ယူထားတဲ့ ကျွန်တော်တို့ အလုပ်ရုံက တစ်ယောက်ရယ်က ထိုဧည့်ခံပွဲသို့ တက်ရသည်။ ဧည့်ခံပွဲ ဆိုတာကလည်း ကြီးကြီးကျယ်ကျယ် ရှုပ်ရှုပ်ထွေးထွေး မဟုတ်ပါ။ ညနေမှာ စောစောကပြောသည့် လူအတိုင်း စားပွဲရုံသွားပြီး ညစာကျွေးရခြင်း ဖြစ်သည်။ ညစာ မသုံးဆောင်မီ ပုလင်းဖွင့်ကြတာပါပဲ။ စားသောက်ပြီးလျှင် ထိုစရိတ်ကို ကျွန်တော်တို့က သက်သာရံပုံငွေက ရှင်းပေးရတာပါပဲ။

ဗီအိုင်ပီဧည့်သည်နှင့် ဧည့်ခံစရိတ်
————————————

ထိုတာဝန်ကို အလုပ်ရုံကိုယ်စား ကျွန်တော်က တာဝန်ယူရတာ များသည်။ အလုပ်ရုံက လူကြီးတွေက ရိုးသားကြသည်။ အထက် တာဝန်ရှိသူတွေနှင့် စကားပြောဖို့ ဝန်လေးကြသည်။ စကားမပြောချင်ကြ။ အထူးသဖြင့် ရန်ကုန် ရုံးချုပ်က အရာရှိမျိုး၊ စာရင်းစစ်မျိုး ဆိုလျှင် သူတို့ ကပို မနေတတ်ကြ၊ စကားမပြောတတ်ကြ။ သူတို့ အဆင်ပြေတာ ပါတီက ပုဂ္ဂိုလ်မျိုး၊ အစည်းအရုံးက ပုဂ္ဂိုလ်မျိုး လောက်သာ။ ထို့ကြောင့် ပါတီက အစည်းအရုံးက မဟုတ်လျှင် ကျွန်တော့်ပဲ လွှတ်လိုက်တော့သည်။ ထိုဧည့်ခံ တာဝန်အတွက် ကုန်တိုက်က ရမ်ပုလင်းတွေ ထုတ်ဈေးနှင့် ကျွန်တော်တို့ ဝယ်ခွင့် ရရှိထားခြင်းဖြစ်သည်။ သေတ္တာလိုက် အပြင်ရောင်းစား လောက်အောင်တော့ မရပါ၊ တစ်လ ၂ပုလင်း ၃ပုလင်း လောက်ပေါ့။

ထို့ကြောင့် ဓည့်သည်ရှိလျှင် အလုပ်ရုံက ရမ်တစ်ပုလင်းနှင့် ပိုက်ဆံနှင့် ထည့်ပေးလိုက်တာပါပဲ။ ကျသလောက် ရှင်းပေးပြီး စားပွဲရုံက ပြေစာယူခဲ့၊ ဒါပါပဲ။ ဒီတော့ ကျွန်တော်က တစ်လမှာ ၂ခေါက်လောက် ရုံတော်ကြီးက ကိန်ကြည်စားပွဲရုံ၊ ရှမ်းယဉ်ယဉ် စားသောက်ဆိုင်၊ ပတ်ကားစားပွဲရုံ၊ ရုံတော်ကြီးဟော်တယ်၊ မင်းသားစု ကွမ်းခြံက ရှမ်းမင်းသမီး၊ ၂၈လမ်း သေတ္တာဝင်းပေါက်က ညောင်ပင်ကြီး၊ ဓားတန်းက လာရှိုးလေး စသည့် ဆိုငများဆီ ရောက်ဖြစ်သည်။ ဧည့်ခံရသည်။ ထိုဆိုင်တွေက စာပွဲထိုးတွေ မန်နေဂျာတွေကအစ ဖောက်သည်မို့ တရေးတယူရှိကာ မျက်နှာတန်းမိနေပါပြီ။ ထိုသို့သော ပွဲတွေမှာ ဧည့်သည်ဧည့်ခံသည်နှင့်အတူ ကြိုက်သလောက် သောက်လို့ရသည်။ သို့သော်..။

 

အစဉ်အလာနှင့် ပေးထားသော ဂတိ
—————————————-

တကယ်တော့ ကျွန်တော် ဘွဲ့ရပြီးပြီးချင်း အလုပ်ရုံမှာ အလုပ်ရတော့ ဦးလေး အရက်သမားက ဝမ်းသာလွန်းလို့ မျက်ရည်ကျသည်။ ငါ့တူက လူကြီးဖြစ်ပြီကွတဲ့။ သူသိသလောက် ထိုအလုပ်ကို အကြီးကြီးထင်ပြီး ဂုဏ်ယူတာပေါ့။ ဦးလေးက ပြောရင်း တွေသွားသည်။ အံကြိတ်သည်။ လက်သီးဆုတ်သည်။ ပြီးတော့ “ဒါပေမယ့် မင်း အဲ့ဒီဆိုင် ရောက်ရင် သေချာပေါက် အရက်သမားဖြစ်မှာတော့ ရင်နာတယ်ကွာ” တဲ့။
ထို့ကြောင့် ကျွန်တော် အလုပ်စဝင်သည့်နေ့ ကတည်းက စာပွဲမှာထိုင်ရင်း အရက်သမားဦးလေးကို စိတ်ထဲက ဂတိတစ်ခု ပေးခဲ့သည်။ ထိုအလုပ်ဝင် ကတည်းက အရက်ကို လုံးဝမသောက်ပါ ဟူလို။

စာတွေ့နှင့် လက်တွေ့
—————————-

ကျွန်တော်သည် စာအုပ်တွေဖတ်ပြီး လူမှုတာဝန်များကို ကျေပြွန်ချင်နေသည်။ သို့သော် လက်တွေ့ ကြုံရသည့် လူမှုဘဝများးသည် တစ်ဦးချင်း တစ်ယောက်ချင်းကိစ္စ၊ တစ်သင်းပင်း တစ်အုပ်စုချင်း ကိစ္စမဟုတ်၊ အခြေခံ ရေသောက်မြစ်ပြဿနာ ဆိုသည်ကို ထိုလက်တွေ့ဘဝကပဲ သင်ကြားပေး သွားသည်။ စာအုပ်ဆိုသည်မှာ တရားသေ မဟုတ်။ ပြုမှုလုပ်ဆောင်ချက်၏ ရှေ့ဆောင်လမ်းပြ ဆိုသည်ကို သဘောပေါက်ရပေမည်။ စာပေကြောင့် ဆင်ခြင်ရေး သက်သက် ဝါဒီဖြစ်လျှင်လည်း လူ့ဘဝအတွက် ဆုံးရှုံးသည်။ ဆင်ခြင်မှုကို့ လူမှုလက်တွေ့ဘဝက ရရှိလာတာ အကောင်းဆုံး ဖြစ်သည်။ ဆင်ခြင်သိဆသည်မှာ ထိတွေ့ခံစားရသော အာရုံသိကို အခြေခံ အမှီပြုရပေသည်။

မပျက်မကွက် အင်တိုက်အားတိုက် ချီတက်ကြပါရန်
————————————————————

ထိုစဉ်ကာလ နိုင်ငံတော်နှင့် သက်ဆိုင်သော နေ့ကြီးရက်ကြီးများတွင် လူထုအစည်းအဝေး အခမ်းအနားများ ကျင်းပရာ ထိုအခမ်းအနားများသို့ လူထုက စစ်ကြောင်းပုံစံ ချီတက်ကြရ၏။ တစ်အိမ်တစ်ယောက် မဖြစ်မနေ လိုက်ရမည်ဟူသော အမိန့်အာဏာဖြင့် ခေါ်ဆောင်သလို နောက်ပိုင်းတွင် လိုက်ပါသူများကို သမဝါယမဆိုင်က ရွှေဝါဆပ်ပြာ တစ်တောင့် ဝယ်ယူခွင့်ရမည်။ ကာဘော်လစ်ဆပ်ပြာ တစ်ခဲ ဝယ်ယူခွင့်ရမည်ဟူသော မက်လုံးများဖြင့် စည်းရုံးသည်။ ထိုဆပ်ပြာများက ပြင်ပမှောင်ခိုမှ ဝယ်လျှင် သမဝါယမဆိုင် ထုတ်ဈေးထက် ၃ဆလောက် ကြီးနေတော့ အိမ်တိုင်းစေ့ မဖြစ်မနေ လိုက်ကြသည်။

ကျွန်တော်တို့ အလုပ်ရုံလိုမျိုးကတော့ အလုပ်သမားအစည်းအရုံး လက်အောက်ဆိုတော့ အမာခံ အဖွဲ့အစည်းပေါ့။ ထိုသို့ စစ်ကြောင်းချီတက်ရမည် ဆိုလျှင် တိုင်းအဆင့်က အခမ်းအနားကျင်းပမည့် ကွင်းအတွင်းသို့ သက်ဆိုင်ရာ မြို့နယ်အလိုက် စစ်ကြောင်းများက နံနက်၇နာရီတွင် အသင့်နေရာယူပြီး ဖြစ်ရမည်ဟု တိုင်းအဆင့်က စာထုတ်လိုက်လျှင် မြို့နယ်အဆင့်က သက်ဆိုင်ရာရပ်ကွက် လုပ်သားပြည်သူများ၊ အခြေခံကျောင်းများနှင့် စက်ရုံအလုပ်ရုံ များက နံနက်၅နာရီအရောက် မြို့နယ်ပြည်သူ့ကောင်စီရုံးရှေ့ စုရပ်သို့ လာရောက်ရမည်ဟု ထပ်ဆင့် ထုတ်ပြန်သည်။ ထိူအခါ ရပ်ကွက်များ၊ ကျောင်းများ၊ ရုံးနှင့် စက်ရုံအလုပ်ရုံများက နံနက် ၄နာရီအရောက် ရပ်ကွက်ရုံး၊ ကျောင်းနှင့် စက်ရုံအလုပ်ရုံ ရုံများသို့ လာရောက်ရမည်ဟု ထုတ်ပြန်၏။

သည်လိုပွဲလမ်းကြုံမှသာ
—————————

ထိုသို့သောနေ့များဆိုလျှင် ကျွန်တော်တို့ အလုပ်ရုံ လုပ်သားများ၏ ၃ပုံ ၂ပုံက အိမ်မပြန်ကြတော့။ အလုပ်သိမ်းပြီး ရေမိုးချိုး ဟိုဆိုင်သည်ဆိုင်သွား၊ သန်းခေါင်မတိုင်မီ အလုပ်ရုံပြန်လာကာ စကားဝိုင်းဖွဲ့ကြပြီး ၃နာရီလောက်ရောက်တာနှင့် ဆိုင်းဘုတ်ပြင်ကြ၊ အလံပြင်ကြနှင့် အဆင်သင့် ဖြစ်နေပါပြီ။ ၄နာရီလောက်ဆိုတော့ အလုပ်ရုံက လူကြီးတွေရော လုပ်သားတွေရော စုံပါပြီ။ စုံသည်နှင့် ၄ပြခန့်သာ ဝေးသော မြို့နယ်ပြည်သူ့ကောင်စီရုံးရှေ့ စုရပ်သို့ ဆိုင်းဘုတ်နှင့် အလံများနှင့် ချီတက်ကြတော့သည်။ မြို့နယ် ပြည်သူ့ကောင်စီရုံးက ၂၆ဘီလမ်း ဆိုင်းတန်း ရုပ်ရှင်ရုံပေါက် အနောက်ဘက်တွင်ရှိသည်။

မြို့နယ်ရုံးရှေ့တွင် အစောဆုံးရောက်သည်က ကျွန်တော်တို့ အလုပ်ရုံဖြစ်သည်။ လူကြီးများရော လုပ်သားများပါ တက်တက်ကြွကြွ ရှိလှ၏။ ပျက်ကွက်သူပင်မရှိ။ကျွန်တော်တို့ ရောက်တော့ မြို့နယ်ရုံးတံခါးပင် မဖွင့်သေး။ မကြာမီ ရပ်ကွက်အသီးသီး၊ အခြားရုံးအဖွဲ့များ၊ ကျောင်းများ၊ အလုပ်ရုံစက်ရုံများကလည်း ဆိုင်းဘုတ်တလူလူ အလံတွေ တလွင့်လွင့်နှင့် ရောက်လာကြပြီ။ ရုံးရှေ့ရှိ ဂျစ်ကားပေါ်မှ အသံချဲ့စက်ကလည်း ယခုကျရောက်သော နေ့အလိုက် သက်ဆိုင်သည့် သီချင်းကို ဖွင့်ထား၏။ ဥပမာ ပြည်ထောင်စုနေ့ဆိုလျှင် မာမာအေး၏ ဒို့ပြည်ထောင်စု သီချင်း၊ ပင်ချင်းခက်၍ နွယ်ချင်းယှက်သော် သီချင်း၊ အလုပ်သမားနေ့ဆိုလျှင် မာမာအေး၏ မောင်အလုပ်သမား စသည့် သီချင်းများဖြစ်သည်။ ထိုသို့ နေ့ကြီးရက်ကြီးများမဟုတ်ဘဲ ဆောင်းတွင်း ဒီဇင်ဘာလ တနင်္ဂနွေနေ့များတွင်လည်း လူထုလမ်းလျှောက်ပွဲဟူ၍ ဆင်နွှဲလျှင်လည်း ထိုသို့ ချီတက်ကာ ပါဝင်ရသည်။ ဂျစ်ကားပေါ် အသံချဲ့စက် သီချင်းက “စောစောအိပ်လို့ စောစောထလို့၊ စောစောလမ်းလျှောက်ကြပါစို့” ပေါ့။

 

မြို့သားတွေ မြို့လယ်ကိုပင် မရောက်ဖြစ်သောအခါ
—————————————————–

ထိုသို့ အခါကြီးရက်ကြီး ချီတက်ပွဲများကို အများဆုံး ကျင်းပသည်က ရဲသိပ္ပံကွင်းဖြစ်သည်။ ထို့ကြောင့် မြို့နယ်ရုံးမှ ၂၆ဘီလမ်းအတိုင်း အရှေ့သို့ တက်ရသည်။ နာရီစင်ရောက်သည်နှင့် အချက်ပြမီးပွိုင့်များနှင့် အစိုးရကုန်တိုက် အသစ်ကို မြင်သည်နှင့် ကျွန်တော့်ရဲဘော်တွေ အံ့အားသင့်ကာ မော့ကြည့်ကြ၏။ ရိုးကုမ္ပဏီအတက်ဟု ခေါ်သော ၈၃မှ ၈၂လမ်းတလျှောက် တိုက်တာတွေ၊ ဆိုင်ခန်းတွေ၊ ဘဏ် ၁ အဆောက်အအုံ စသည်ဖြင့် လမ်းတလျှောက် တအံ့တသြ ငေးမောကာ အချင်းချင်းလည်း လက်တို့၍ ပြကြပြောကြနှင့် ရဲသိပ္ပံကွင်းသို့တိုင် သူတို့မှာ ပြောမဆုံးနိုင်ကြပေ။

တကယ်တော့ ကျွန်တော့်ရဲဘော်အများစုမှာ အနောက်ပြင်တွင်သာ နေထိုင်ကြပြီး မနက် လင်းသည်နှင့် မျက်လုံးလေးပွတ်ပြီး အလုပ်ရုံရောက်လာ၊ ညမိုးစုပ်စုပ်ချုပ်မှ အိမ်သို့ ပြန်ဝင်၊ တနင်္လာမှ စနေအထိ ၆ရက်စလုံး ဒီအချိန်စာရင်းအတိုင်း လည်ပတ်ကြသည်။ အလုပ်ပိတ်ရက် တနင်္ဂနွေ ရောက်ပြန်တော့လည်း အခြားသွားစရာမရှိ၊ ထို့ကြောင့် အလုပ်ရုံသို့ ရောက်လာကြကာ သက်သာဆိုင်မှာထိုင်၊ အချင်းချင်းထွေရာလေးပါးပြော၊ အလုပ်ရုံက ရေကန်မှာ ရေမိုးချိုး၊ ညနေစောင်းတာနှင့် သွားနေကျ ဆိုင်လေးတွေဆီရောက်သွားက ညာဉ့်နက်မှ အိမ်ပြန်ကြသည်။ ထိုအတိုင်း တစ်လလည်းမဟုတ်၊ နှစ်ချီကာ နေထိုင်ကြရတော့ ထိုသို့ လူထုချီတက်ပွဲများရှိမှ မြို့လယ်ခေါင် ရောက်ကြရတော့ မြင်သမျှ အံ့သြစရာချည်း ဖြစ်နေကြသည်။

ကော်မီတီမှသည် လုပ်သားထု အစည်းအဝေးသို့
——————————————————

ထို့ကြောင့် ကျွန်တော့် စိတ်ကူးက သူတို့ နားချိန် ပိုရစေချင်သည်။ မိသားစုနှင့် ထိတွေ့မှု များစေချင်သည်။ ပြင်ပ ဗဟုသုတတွေ တိုးစေချင်သည်။ အလုပ်ရုံက စာကြည့်တိုက်ကိုလည်း သူတို့အတွက် အသုံးချနိုင် စေချင်သည်။ သူတို့မှာ အလုပ်ထဲပဲ ခေါင်းနှစ်နေကြရသောအခါ စိတ်အပန်းဖြေစရာ ထွက်ပေါက်မရှိ။ ထို့ကြောင့် ညနေစောင်းတာနှင့် အလွယ်ဆုံ အနီးဆုံးထွက်ပေါက်ဖြစ်သည့် ဘုံဆိုင်များသို့ရောက်ကုန်ကာ ဒီဝဲထဲသို့ နစ်နေကြသည်။ သို့သော် သူတို့ကို နားချိန်ပိုရရေးက အလှမ်းဝေးသည်။ တစ်နေ့ အလုပ်ချိန်၈နာရီမှာ သူတို့စားဝတ်နေရေး ဖူလုံအောင် ပေးနိုင်လို့လား။ စနေနှင့် တနင်္ဂနွေ ၂ရက်နားလို့ သူတို့ ဝင်ငွေ မထိခိုက်အောင် ဆောင်ရွက်နိုင်ပါ့မလား။ သူတို့၏ ပြင်ပ ဗဟုသုတအတွက် ဈေးတွေ ကုန်တိုက်တွေ၊ အပန်းဖြေဥယျာဉ်တွေ၊ ပြဇာတ်ရုံတွေ၊ ရုပ်ရှင်ရုံတွေ အခမဲ့ရှိလို့လား။ သူတို့ ကျန်းမာရေး၊ နေထိုင်ရေးနှင့် သားသမီးများပညာရေးအထိ တာဝန်ယူနိုင်လို့လား။ အမေရိကန်ဇာတ်လိုက်တွေလိုလက်ဖဝါး၂ဖက် လှန်ပြပြီး ပုခုံး ၂ဖက်တွန့်ပြရုံပဲရှိသည်။ No.. No…No..

သည်တော့ ကျွန်တော်အပါအဝင် လူကြီးများ၏ တစ်မိုက်တစ်ထွာဉာဏ်ဖြင့် “စည်းရုံး၊ စည်းကမ်း၊ ကုန်ထုတ်၊ သက်သာ” ဘောင်ထဲက စဉ်းစားကြသည်။ ထို့ကြောင့် သက်သာရံပုံငွေမှ အလုပ်သမား သက်သာချောင်ချိရေးအတွက် ရံပုံငွေ ခွဲဝေသုံးစွဲနိုင်ရေးကို ညှိနှိုင်းကြ စည်းဝေးကြ ဆုံးဖြတ်ကြသည်။ ထိုအစည်းအဝေးမှ ဆုံးဖြတ်ထားသည့် အလုပ်သမား သက်သာ ချောင်ချိရေး ခေါင်းစဉ်များနှင့် ရံပုံငွေကို လုပ်သားထု အစည်းအဝေးတွင် ချပြပြီး လုပ်သားထု၏ သဘောတူညီမှုဖြင့် အတည်ပြု သုံးစွဲမည် ဟူလို။ ဤသို့ဖြင့် အလုပ်ရုံ အမှုဆောင်ကော်မီတီနှင့် အလုပ်သမားအစည်းအရုံး ကော်မီတီ ပူးတွဲ အစည်းအဝေးက သက်သာချောင်ချိရေး ကူညီထောက်ပံ့မှုခေါင်းစဉ်များနှင့် ခွဲဝေမည့် ရံပုံငွေစာရင်းကို ပင်မသက်သာရံပုံငွေ၏ ခွင့်ပြုနိုင်မှု တန်ဖိုးနှင့် အညီ ညှိနှိုင်း စည်းဝေး ဆုံးဖြတ်ပြီးပါပြီ။ လာမည့် လတစ်လ နောက်ဆုံး အပတ် လုပ်သားထု အစည်းအဝေးတွင် ချပြကာ အတည်ပြုကြရတော့မည်။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW