ဇွန် ၃ ၊ ၂၀၂၆
CC (VOM)
မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းထဲက လျှပ်စစ်ရုံးမန်နေဂျာ ၊ကျောင်းဆရာမ အပါအဝင် လူသုံးယောက်ကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၁ ရက်နေ့မှာ အဆိုပါ သုံးယောက်လုံးကို ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးသွားပြီးနောက် မန်နေဂျာနဲ့ ကျောင်းဆရာမ တို့နှစ်ယောက်က အဆက်အသွယ်ပြတ်နေပြီး ကျန်တယောက်ကတော့ အသတ်ခံခဲ့ရတယ်လို့ သိရပါတယ် ။
မကွေးမြို့နယ်လျှပ်စစ်ရုံးမှ မန်နေဂျာဖြစ်သူ ဦးအောင်ကျော်ကျော်ဟာ ဇွန် ၁ ရက်နေ့၊ နေ့လယ်ပိုင်းမှာမကွေးမြို့ကနေ မကြီးကုန်းကျေးရွာကို မကွေး-ကံပြား-မြို့သစ်-နတ်မောက်လမ်းအတိုင်း ကားနဲ့သွားလာစဥ် မကြီးကုန်းကျေးရွာအနီးအရောက်မှာ ဒေသတွင်းလက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
” EPC ရုံးက မန်နေဂျာကို ဖမ်းသွားတာဟုတ်တယ်။ ကားရော လူရောခေါ်သွားတာ။ ခုထိတော့ ပြန်ရောက်တဲ့အသံလည်း မကြားမိသေးဘူး ။ဘာလို့ ဖမ်းလည်း၊ဘယ်အဖွဲ့က ဖမ်းတယ်ဆိုတာလည်းသေချာမသိပါဘူး ။ တာဝန်ရှိတွေတော့ လိုက်နေကြတယ်။ “လို့ လျှပ်စစ်ရုံးနဲ့နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။
အလားတူ ဇွန် ၁ ရက်နေ့ ၊ ည ၆ နာရီလောက်မှာ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာနေ အခြေခံပညာအထက်တန်းကျောင်းခွဲ (ခင်မွန်) မှ ဒုတိယမူလတန်းပြဆရာမ ဒေါ်ခင်နှင်းကိုလည်း နေအိမ်အထိဝင်ရောက်ပြီး ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ် ။
စစ်ကိုင်းမြို့ပေါ် ၊ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ ဦးဆန်းဦးကိုလည်း လက်နက်ကိုင်အဖွဲ့တွေက နေအိမ်အထိလာရောက် ဖမ်းဆီးပြီး ရွှေ ၈ ကျပ်သား ၊ ငွေသား ၁၇ သိန်း ၊ ဖုန်း ငါးလုံးကိုပါ ယူဆောင်သွားပြီး ဦးဆန်းဦးကိုတော့ လမ်းမှာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် မေလအထိ ကာလအတွင်းတုန်းကလည်း အစိုးရဝန်ထမ်းတွေဖြစ်တဲ့ ကျောင်းဆရာမ ၊ အင်ဂျင်နီယာ ၊ အုပ်ချုပ်ရေးမှူး အပါအဝင် စတဲ့ အစိုးရဝန်ထမ်းတွေကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီးခဲ့တာရှိသလို သတ်ဖြတ်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – CJ
