ဇွန် ၂၇ ၊ ၂၀၂၆
CC (VOM)
မလေးရှားနိုင်ငံမှာ တရားမဝင် ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားအပါအဝင်နိုင်ငံခြား သားအလုပ်သမားတွေကို အာဏာပိုင်တွေက ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ မလေးရောက်မြန်မာနိုင်ငံသားတွေဆီက သိရပါတယ် ။
မလေးရှား အာဏာပိုင်တွေက မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေ လုပ်ကိုင်မှုရှိတဲ့ စားသောက်ဆိုင်တွေ ၊ နေအိမ်အခန်းတွေ ၊ စက်ရုံတွေ စတဲ့ နေရာတိုင်းကို ဝင်ရောက်ရှာဖွေစစ်ဆေးပြီး တရားမဝင်အထောက်အထားမဲ့ လုပ်ကိုင်နေသူတွေကို ဆက်တိုက်ဖမ်းဆီးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ဇွန်လအတွင်းမှာတင် ကလေးငယ်တွေအပါအဝင် မြန်မာလုပ်သား ရာနဲ့ချီပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
” အော်ပရာစီဆိုပြီး နေ့တိုင်းကိုဖမ်းနေတာ။ မြန်မာတွေလည်းဖမ်းခံရတာပေါ့ ။ ဖမ်းတာမြင်လိုက်လို့ ထွက်ပြေးလွတ်သွားသူတွေလည်းရှိတယ်။တချို့လည်း စက်ရုံထဲ ဆိုင်ထဲထိ ဝင်လာမှသိတော့ ဖမ်းခံလိုက်ရတယ်။ သူတို့ပြောတာတော ရိုဟင်ဂျာ ( ဘင်္ဂလီ) တွေကို ဖမ်းဖို့ပေါ့။ ဒါပေမယ့် သူတို့စစ်တဲ့အချိန် ကိုယ်အထောက်အထားမဲ့ အို သမားဆိုရင်တော့ ပါမှာပဲ ။ အဖမ်းခံရသူအများစုကတော့ ထိန်းသိမ်းရေးစခန်းမှာ ထားတယ်။ ပြီးရင် မြန်မာပြည်ကို ပြန်ပို့တယ်။ ဒီလထဲမှာတင် ဖမ်းခံရတာ တော်တော်များတယ်။ ရာနဲ့ချီရှိတယ်။ ရွေးကောက်ပွဲကလည်း လုပ်တော့မှာဆိုတော့ အထောက်အထားမဲ့တွေကို ခုထက်ပိုပြီး ဖမ်းမယ့်သဘောရှိတယ်။ ” လို့ အလုပ်သမားအရေးကူညီနေသူက ပြောပါတယ်။
မနေ့က ဇွန် ၂၆ ရက်နေ့ကဆိုရင် ဂျိုးဟိုး၊ စကူဒိုင်းဒေသ ရှိ စားသောက်ဆိုင် တွေနဲ့ လုပ်ငန်းခွင်တွေကို ဝင်ရောက်စစ်ဆေးခဲ့ရာမှာ မြန်မာနိုင်ငံသား ၂၇ ယောက်အပါအဝင် နိုင်ငံခြားသား အလုပ်သမား ၅၀ ယောက်ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဇွန် ၂၅ ရက် နဲ့ ဇွန် ၂၄ ရက်ကလည်း တရားမဝင်နိုင်ငံခြားသားတွေကို အခန်းငှားခြင်း ၊ ခိုလှုံခွင့်ပေးခြင်း ၊ အလုပ်ပေးခြင်းစတဲ့ နေရာတွေကို ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာလုပ်သား အပါအဝင် နိုင်ငံခြားသား ၂၀၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဇွန် ၂၃ ရက်နေ့ ကလည်း ဆလန်ဂေါပြည်နယ် ၊ပေါ့ကလန်းမြို့မှာ မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၇၀ လောက်ဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ ဇွန် ၁၉ ရက်မှာလည်း မြန်မာလုပ်သား ၄၂ ယောက်အဖမ်းခံခဲ့ရပါတယ်။
အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရသူတွေထဲက မြန်မာနိုင်ငံသားတချို့ကိုတော့ မလေးရှားငွေကြေး ရင်းဂစ်နဲ့ ပြန်ထုတ်လို့ရတာကြောင့် ချက်ခြင်းပြန်လွတ်သူ ၊ ငါးရက်အကြာမှာပြန် လွတ်လာသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
” အမနှစ်ယောက် အရင်ရက်က အော်ပရာစီမှာ ပါသွားတာ ။ ဖမ်းခံရတာကိုသိလို့ ချက်ခြင်းလိုက်တာ ရင်းဂစ် ၈၅၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်။ ပြန်လွတ်လာလို့ တော်သေးတယ်။ ကံကောင်းလို့ လွတ်လာတယ်ပြောရမယ်။ တယောက်က အထောက်အထားမရှိဘူး ။ တယောက်ကလည်း လုပ်ထားတုန်းပဲ ။ ပြန်ရွေးရတဲ့ ငွေကတော့ နေရာဒေသအလိုက်တော့ကွာတယ်။ တချို့ဘက်တွေ ရင်းဂစ် ၇၀၀၀ ပေးရတယ်သိရတယ်။ အခုတော့ အကုန်လုံးကြီးလန့်စာစားနေရတယ်။ ” လို့ မလေးရောက်မြန်မာလုပ်သားက ပြောပါတယ်။
လက်ရှိ မလေးရှားနိုင်ငံမှာ တရားမဝင်နိုင်ငံခြားသားလုပ်သားတွေကို ဖမ်းဆီးမှု အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် အထောက်အထားမဲ့ မြန်မာလုပ်သားတွေအားလုံး ဒုက္ခရောက်နေကြောင်း ၊ အဖမ်းခံရမှာစိုးလို့ အလုပ်ကထွက်တာတွေ ၊ အလုပ်နားပြီး ရှောင်နေကြတာ တွေအထိ ပြုလုပ်နေရတယ်လို့ သိရပါတယ် ။
“အခုက အရမ်းကြမ်းတယ်။ လမ်းမှာရဲတွေ့ရင်တောင် ဘယ်ကလဲ ဘာလူမျိုးလဲမေးတယ်။ စက်ရုံတွေထဲလည်း ဝင်ဖမ်းတယ်။ ဖမ်းတဲ့အချိန်မသိရဘူး ။ ဖမ်းပြီးလို့ ဥဩဆွဲမှ သိတာ ။ လမ်းပေါ်စားသောက်ဆိုင်တွေဖမ်းတာတော့ အချုပ်ကားတွေနဲ့ကို လိုက်ဖမ်းတာ ။ မြန်မာတွေလည်း နေ့တိုင်းအဖမ်းခံနေရတယ်။ တချို့ဆိုအလုပ်ကထွက်ကြတယ်။ တချို့လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူးဖြစ်နေတာပေါ့ ။ ” လို့ မလေးရှားရောက် မြန်မာလုပ်သား တယောက်က ပြောပါတယ် ။
မလေးရှား အားဏာပိုင်တွေဟာ ဒေသတွင်း သတင်းပေးချက်တွေအရ တရားမဝင်အထောက်အထားမဲ့ နိုင်ငံခြားသားတွေ ရှိနိုင်မယ့် ၊အလုပ်လုပ်ကိုင်တဲ့ နေရာတွေကို အဓိက ဝင်ရောက်စီးနင်းရှာဖွေစစ်ဆေးပြီး ဖမ်းဆီးနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဖမ်းခံခဲ့ရတဲ့ မြန်မာလုပ်သားတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉ ၊ ၆၃ အရ စုံစမ်းစစ်ဆေးပြီး အရေးယူသွားမှာဖြစ်ကြောင်း ၊ ပြစ်ဒဏ်စေ့ပါက မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခံရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
မလေးရှားမှာ အထောက်အထားမဲ့နဲ့အလုပ်လုပ်ကိုင်လို့ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချခံခဲ့ရတဲ့ မြန်မာတွေထဲကမှ ပြစ်ဒဏ်ကနေ လွတ်လာတဲ့ မြန်မာနိုင်ငံသား ၁၀၀၀ နီးပါးကို ဒီဇွန်လ ၉ ရက်နေ့ကစပြီး ဇွန် ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေကိုတော့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက် မှာရှိတဲ့ ထိန်းသိမ်းရေးစခန်း ၁၅ ခုမှာ ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ သိရပါတယ် ။
မလေးရှားနိုင်ငံဟာ ပြည်ပနိုင်ငံတွေထဲမှာ မြန်မာလုပ်သားတွေ သွားရောက်လုပ်ကိုင်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး ခုနောက်ပိုင်းမှာ တရားမဝင်သွားရောက်လုပ်ကိုင်သူ ပိုများလာတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ
