MT(VOM)
မြန်မာ့သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးဆိုတာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရစ ကတည်းက မြန်မာ-ထိုင်း နယ်စပ်ဟာ တရုတ်ဖြူ (KMT) ကိစ္စတွေ၊ နယ်စပ်လုံခြုံရေး ပြဿနာတွေနဲ့ စတင်ခဲ့ရပါတယ်။ ခေတ်အဆက်ဆက်ကို ကြည့်ရင်လည်း ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက် ကစပြီး စစ်အစိုးရတွေလက်ထက် ကနေ ဒီနေ့အထိ နယ်စပ်ကုန်သွယ်ရေး၊ သယံဇာတထုတ်ယူမှုတွေအထိ အမြဲတမ်း အပြန်အလှန် လိုအပ်ချက်တွေနဲ့ ချိတ်ဆက်နေခဲ့တာပါပဲ။
၁၉၈၈ အရေးတော်ပုံအပြီးမှာတော့ ဒီမိုကရေစီအရေး တောင်းဆိုတဲ့ ကျောင်းသားလူငယ်တွေဟာ တိုင်းရင်းသားနယ်စပ်တွေနဲ့ ထိုင်းဘက်ခြမ်းကို တောခိုခဲ့ကြရပြီး၊ အဲဒီတုန်းက ထိုင်းနိုင်ငံ၊ တခ်ခရိုင်မှာ ဖွင့်လှစ်ခဲ့တဲ့ ကြိုဆိုရေးစခန်းကနေတစ်ဆင့် ဥပဒေဘောင်အတွင်း ပြန်လာဖို့ ညှိနှိုင်းခဲ့ရတဲ့ သမိုင်းမှတ်တိုင်တွေလည်း ရှိခဲ့ဖူးပါတယ်။
ဒီလိုမျိုး နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့တဲ့ ဆက်ဆံရေးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ လုံးဝကို ပုံစံပြောင်းသွားခဲ့ရပါတော့တယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်းစစ်မီး တောက်လောင်လာတဲ့အခါ ထိုင်းနိုင်ငံဟာ အကျပ်အတည်းအမျိုးမျိုးနဲ့ တိုက်ရိုက် ရင်ဆိုင်လာခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ထိုင်းမြေပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ NUCC စတဲ့ တော်လှန်ရေးအင်အားစုတွေဟာ အခက်အခဲတွေကြားကပဲ နိုင်ငံရေး၊ သံတမန်ရေး လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ ဖော်ဆောင်လာခဲ့ကြပါတယ်။ ထိုင်းအစိုးရဘက်ကတော့ လက်တွေ့ကျတဲ့ (Pragmatism) ဝါဒကို ကိုင်စွဲပြီး မြန်မာစစ်ကောင်စီနဲ့ရော နယ်စပ်တည်ငြိမ်ရေး၊ စီးပွားရေးတို့အတွက် ဟန်ချက်ညီညီ ဆက်ဆံဖို့ ကြိုးစားလာခဲ့တာကို တွေ့ရပါတယ်။
၂၀၂၆ ခုနှစ် သြဂုတ်လ ပူးတွဲကြေညာချက် ဟာ လက်တွေ့ဆန်တဲ့ အိမ်နီးချင်း မိတ်ဖက်ဆက်ဆံရေးဆီရွေ့လာတာပါပဲ။ဩဂုတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ de facto သမ္မတ ဦးမင်းအေင်လှိုင် ထိုင်းနိုင်ငံကို သွားရောက်ခဲ့တဲ့ တရားဝင်ခရီးစဉ်အပြီးမှာ ထွက်ပေါ်လာတဲ့ နှစ်နိုင်ငံ ပူးတွဲကြေညာချက်ဟာ လက်ရှိ ထိုင်း-မြန်မာ ဆက်ဆံရေးရဲ့ ပုံစံအစစ်အမှန်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။ ဒီကြေညာချက်ထဲမှာ ပါဝင်တဲ့ အချက်အလက်တွေကို အရင်က သမိုင်းကြောင်းတွေနဲ့ ချိတ်ဆက်ပြီး စေ့စေ့စပ်စပ် ကြည့်ချင်ပါတယ်။
၁၉၈၈ နောက်ပိုင်း နယ်စပ်ကို အခြေပြုတဲ့ လှုပ်ရှားမှုတွေကို ထိုင်းအစိုးရအနေနဲ့ အမြဲသတိထားခဲ့ရသလို၊ အခု ၂၀၂၆ မှာလည်း လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ (Security Dialogue) အသစ်တွေကို ဖော်ဆောင်ပြီး နယ်စပ်တည်ငြိမ်ရေးကို အလေးပေးလာပါတယ်။ အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုနဲ့ မူးယစ်ဆေးဝါးကိစ္စတွေကို မြန်မာ-ထိုင်း နှစ်နိုင်ငံစလုံးက ပူးတွဲနှိမ်နင်းဖို့ သဘောတူခဲ့ကြတာဟာ နယ်စပ်တစ်လျှောက် တရားမဝင်လုပ်ငန်းတွေကို ဖြတ်တောက်ဖို့ ကြိုးပမ်းချက်ပဲ ဖြစ်ပါတယ်။
အရင်ခေတ်တွေက သယံဇာတတွေကိုပဲ အဓိကထားခဲ့ရာကနေ အခုတော့ ဖူနမ်ရွမ်-ထီးခီး-ထားဝယ် စင်္ကြန်၊ ရနောင်းဆိပ်ကမ်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းတွေအထိ ချိတ်ဆက်ဆောင်ရွက်ဖို့ ရည်မှန်းလာပါတယ်။ ဒါဟာ စီးပွားရေး အသက်ရှူပေါက်ကို ချဲ့ထွင်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စွမ်းအင်ဖူလုံရေးအတွက် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှုတွေကိုပါ နှစ်ဖက်သဘောတူခဲ့တာကြောင့် စီးပွားရေးအရ ပိုပြီးတော့ကို နက်ရှိုင်းလာတဲ့ ဆက်ဆံရေးလို့ ဆိုနိုင်ပါတယ်။
နယ်စပ်ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှု တိုက်ဖျက်ရေး (CLEAR Sky Strategy) ကို ဦးစားပေး ဆောင်ရွက်လာတာကတော့ ဒေသတွင်း ပြည်သူလူထုရဲ့ ကျန်းမာရေးနဲ့ လူမှုဘဝအတွက် လက်တွေ့ကျတဲ့ ခြေလှမ်းပါပဲ။ ထို့အတူ အာဆီယံ ယန္တရားတွေမှာ မြန်မာနိုင်ငံ ပြန်လည်ပါဝင်ခွင့်ရဖို့ ထိုင်းနိုင်ငံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ကူညီပေးမယ်လို့ ကတိပေးထားတာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်နဲ့ မြန်မာနိုင်ငံရဲ့ သံတမန်ရေးရာ အခင်းအကျင်းအတွက် အရေးပါတဲ့ အချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။
အဝေးရောက် တော်လှန်ရေးအင်အားစုတွေ (NUG / CRPH / NUCC) အပေါ် ဘယ်လို သက်ရောက်မှု ရှိလာမလဲ ဆိုတာကြည့်ကြရအောင်။ဒီလို နှစ်နိုင်ငံ ပူးတွဲကြေညာချက်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေကြောင့် ထိုင်းမြေပေါ်မှာ အခြေစိုက်လှုပ်ရှားနေကြတဲ့ NUG၊ CRPH နဲ့ NUCC အစရှိတဲ့ အတိုက်အခံ တော်လှန်ရေး အင်အားစုတွေအပေါ် သက်ရောက်မှုတွေကတော့ သေချာပေါက် ရှိလာမှာပါပဲ။
ပထမဆုံး စဉ်းစားရမှာ က နေရာထိုင်ခင်းနဲ့ လှုပ်ရှားမှုပိုင်းဆိုင်ရာ ကျပ်တည်းလာနိုင်ခြင်းပါပဲ။
ထိုင်းအစိုးရအနေနဲ့ de facto မြန်မာအစိုးရ နဲ့ တရားဝင်ယန္တရားတွေဘက်က ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုတိုးမြှင့်လာတဲ့အခါ၊ နယ်စပ်တစ်လျှောက်မှာ ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေ၊ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေနဲ့ ဒုက္ခသည်အရေးတွေအပေါ် ဖိအားတွေ ပိုများလာနိုင်ပါတယ်။ အရင်က ၁၉၈၈ ကျောင်းသားတွေကို တခ်ခရိုင်က ကြိုဆိုရေးစခန်းတွေနဲ့ ညှိနှိုင်းခဲ့ဖူးတဲ့ သမိုင်းကို ပြန်ကြည့်ရင်၊ အခုအခါမှာလည်း တော်လှန်ရေးအင်အားစုတွေအနေနဲ့ ထိုင်းမြေပေါ်မှာ လူသိရှင်ကြား နိုင်ငံရေးလှုပ်ရှားဖို့နဲ့ ရုံးခန်းအခြေစိုက်ဖို့ဆိုတာ ပိုပြီး ခက်ခဲကျပ်တည်းလာမယ့်သဘော ရှိပါတယ်။
သံတမန်ရေးရာ တိုက်ပွဲနဲ့ လက်တွေ့မြေပြင် အခြေအနေ ကိုကြည့်ရအောင်။တစ်ဖက်မှာလည်း “သံတမန်ရေးတိုက်ပွဲမှာ NUG ရှုံးနိမ့်နေပြီလား” ဆိုတဲ့ မေးခွန်းက ထွက်ပေါ်လာတတ်ပါတယ်။ တကယ်တော့ အိမ်နီးချင်းနိုင်ငံတွေဟာ ဘယ်သူအာဏာရနေလဲဆိုတာထက် မြေပြင်မှာ အမှန်တကယ် လက်ရှိအုပ်ချုပ်နေသူ (De Facto Authorities) နဲ့ နယ်စပ်တည်ငြိမ်ရေး၊ စီးပွားရေးအရ ဆက်ဆံရမယ့် သဘာဝရှိပါတယ်။ ထိုင်းနိုင်ငံက ဦးမင်းအောင်လှိုင် အစိုးရ နဲ့ လက်တွဲတာဟာ NUG ရဲ့ သံတမန်ရေး ကျရှုံးတာထက်ကို အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်ကျိုးစီးပွားနဲ့ လက်တွေ့ဝါဒ (Pragmatism) ကို ဦးစားပေးလိုက်တာလို့ပဲ ဆိုရမှာပါ။ ဒါပေမဲ့ မြေပြင်မှာ တော်လှန်ရေးအင်အားစုတွေက နယ်မြေအချို့ကို ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်တဲ့အတွက် နိုင်ငံတကာက လုံးဝ လျစ်လျူရှုလို့တော့ မရသေးပါဘူး။
ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ မြန်မာ့အနာဂတ်ဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ ကွေ့ကောက်မှုတွေနဲ့ အများကြီး သက်ဆိုင်နေဆဲပါပဲ။ ထိုင်းနိုင်ငံအနေနဲ့ တစ်ဖက်မှာ de facto အစိုးရ နဲ့ စီးပွားရေး၊ လုံခြုံရေး၊ နယ်စပ်တည်ငြိမ်ရေးအတွက် လက်တွဲဆောင်ရွက်နေသလို၊ တစ်ဖက်မှာလည်း ပြည်တွင်းပဋိပက္ခရဲ့ နောက်ဆက်တွဲ ဒုက္ခသည်အရေးနဲ့ မီးခိုးမြူပြဿနာတွေကို ဟန်ချက်ညီညီ ဖြေရှင်းနေရပါတယ်။
ဒီလိုအခြေအနေမျိုးမှာ NUG၊ CRPH နဲ့ NUCC တို့ အနေနဲ့လည်း အိမ်နီးချင်းနိုင်ငံတွေရဲ့ ဒီလို လက်တွေ့ကျတဲ့ နိုင်ငံရေးချဉ်းကပ်ပုံတွေကို နားလည်သဘောပေါက်ပြီး၊ မြေပြင်စစ်ရေးနဲ့ အုပ်ချုပ်ရေးအသာစီးရမှု၊ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အခြေခံကာ သံတမန်ရေးရာ ရပ်တည်ချက်တွေကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားမလဲ ဆိုတာ စောင့်ကြည့်ရမယ့်ကိစ္စပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရေမြေဆက်စပ်နေတဲ့ ဒီအိမ်နီးချင်းနှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ မြန်မာ့ဒီမိုကရေစီ အရေးရဲ့ အနာဂတ်ခရီးလမ်းအတွက် အလွန်တရာ အဆုံးအဖြတ်ပေးမယ့် အဓိကသော့ချက်တစ်ခု ဖြစ်နေဆဲလို့ ဆိုချင်ပါတော့တယ်။
