ဆူးငှက်
စာရေးဆရာတဲ့လား လက်မတထောင်ထောင်
———————————————–
၁၉၉၀ခုနှစ် ကျော် ၊ ထိုကာလက ဝတ္ထုတိုရွှေခေတ် အရှိန်ကောင်းဆဲ ကာလ။ ရန်ကုန်အခြေစိုက် လစဉ်ထုတ် မဂ္ဂဇင်းကြီးတွေ အပြိုင်အဆိုင် ထုတ်ဝေကာ မဂ္ဂဇင်းတိုင်းလိုလိုကလည်း မန္တလေးဝတ္ထုတိုတွေ မပါလျှင်ပင် မဂ္ဂဇင်းအင်္ဂါ မမြောက်သကဲ့သို့ အယ်ဒီတာ ဆရာကြီး၊ ဆရာမကြီးများ ကိုယ်တိုင် မန္တလေးသို့ တခုတ်တရ တက်လာကြပြီး ဝတ္ထုတိုသမားတွေဆီ စာမူများ တလေးတစား တောင်းနေချိန် ဖြစ်၏။ ထိုအခါ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ‘ငါကွ စာရေးဆရာ’ ဟုဆိုကာ လက်မ တထောင်ထောင်နှင့်၊ ငါမှ စာမရေးလျှင် မြန်မာစာပေလောကကြီး ပျက်စီးတော့ မယောင်ယောင်၊ ငါ့စာ တစ်ပုဒ်တစ်လေမျှ မပါရင် ထိုထိုဤဤ မဂ္ဂဇင်း စာပေအဆင့်အတန်း မမီသယောင်၊ သွေးနားထင် ရောက်နေချိန် ဖြစ်၏။ ထို့ကြောင့်လည်း ကိုယ်နှင့် ကိုယ့်နီးစပ်ရာ စာပေသမား အချင်းချင်းမှ လွဲ၍ အခြားဘယ်သူ့ကိုမျှ အရာရောက်သူ မဟုတ်ဟု မာနကြီးနေချိန် ဖြစ်၏။ ထို့အတူ မဂ္ဂဇင်းကာတွန်းတွေကလည်း လူငယ်ကာတွန်းဆရာများ၏ အတွေးသစ် အရေးသစ်များဖြင့် စီစစ်ရေး ကျပ်တည်း နှိပ်ကွပ်သော ကာလတွင် မန္တလေးက အော်ပီကျယ် ဇော်မောင် ဟူသော ကာတွန်းဆရာများကို ပရိသတ်က ဘရာဗိုဟု သြဘာပေးကာ နာမည်ကြီး ထင်ရှားနေချိန်..။
ထိုအချိန်တွင် ကျွန်တော့်တို့ လေးစားရသော ကဗျာဆရာတစ်ဦး၏ သမီးမင်္ဂလာဆောင် ဧည့်ခံပွဲရှိသည်။ ကဗျာဆရာ မိတ်ဆွေက ကျွန်တော်တို့ စာပေသမားများအား ဖိတ်ကြား၏။ လူချစ်လူခင်များ၍ သဘောမနော ကောင်းလှသော ကဗျာဆရာကြီး သမီးမင်္ဂလာဆောင်မို့ ကျွန်တော်တို့တစ်တွေ မင်္ဂလာဆောင် ဝင်ကြသည်။ ထုံးစံအတိုင်း အားမနာ လျှာမကျိုး ဧည့်ခံသမျှ လက်ဖက်ရည်တွေ၊ ကိတ်မုန့်တွေ အမျိုးစုံအောင် တဝတပြဲ စားကြသည်။ ထို့နောက် လွယ်အိတ် ကိုယ်စီနှင့် မင်္ဂလာလက်ဖွဲ့ခုံသို့ ဝင်ကာ လက်ဖွဲ့ကြသည်။ စေ့စပ် သေချာ ယဉ်ကျေးသော ထုံးစံအရ ဆိုလျှင် လက်ဖွဲ့ငွေကို စာအိတ်ကလေး တစ်လုံးထဲ ထည့်ကာ စာအိတ်ပေါ်မှ လက်ဖွဲ့သူ မိမိ၏ နာမည်နှင့် နေရပ်ကို ရေးသားလိုက်လျှင် ကိစ္စအားလုံး လျင်မြန် ချောမွေ့စွာ ပြီးစီးသွားပြီး လက်ဖွဲ့ခုံမှ ပြန်ကမ်းသည့် မင်္ဂလာလက်ဆောင် ယပ်တောင်ကလေးကို ယူကာ အချိန်တိုအတွင်း ပြန်ခဲ့ရုံပေါ့။
အခုတော့ အရာရာ မစေ့စပ်သော ကြိုတင်ပြင်ဆင်မှု မရှိသော၊ နမော်နမဲ့ နိုင်လှသော စာရေးဆရာများပီပီ လက်ဖွဲ့ငွေကို သည်အတိုင်း ထိုးပေးပြီး မိမိ၏ နာမည်ကို ပါးစပ်မှ ရွတ်ပြကြသူချည်း ဖြစ်၏။ ကဗျာဆရာ၏ သမီး မင်္ဂလာဆောင်ဆိုတော့ ဘယ်သူက ဦးသိန်းဇော်၊ ဒေါက်တာတင်မောင်ညွန့်၊ ဦးဝင်းနိုင်၊ ဦးကျော်ဆန်းဟု မပြော။ အင်မတန် နာမည်ကြီးသည်ဟု ယူဆသော၊ အင်မတန် လူသိများသည်ဟု ယူဆသော သိုက်ထွန်းသက်၊ ကျော်စွာထက်၊ အော်ပီကျယ်၊ ဆူးငှက် ဟူကလောင်နာမည်များကိုသာ ဂုဏ်ယူ ဝံ့ကြွားစွာ ပြောကြသည် မဟုတ်လော…။ လက်ဖွဲ့ငွေ တစ်ဆယ်တန်လေး ထိုးပေးပြီး ”ဆူးငှက်” ဟု ပြောလေသည်။ လက်ဖွဲ့ခုံ ထိုင်သူက နားမလည်။
”ခင်ဗျာ”
”ဆူးငှက်”
”ကိုနက်”
”မဟုတ်ဘူးခင်ဗျ၊ ဆူးငှက် ဆူးငှက်”
”ဗျာ စုမြတ် ဟုတ်လား”
”ဆူး… ဆူး… ဆူးငွက္ဗ်”
လက်ဖွဲ့ခုံ ထိုင်နေသည့် ကဗျာဆရာ့ ဆွေမျိုး တက္ကသိုလ်ကျောင်းသား အရွယ် လေးငါးဦးစလုံး ”ဆူးငှက်” ဆိုတာမသိ။ ထို့အတူ ”သိုက်ထွန်းသက်” ဆိုတာမသိ။ ”အော်ပီကျယ်”ဆိုတာ မသိ။ ဆိုလိုတာက အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ ဥပဓိရုပ် ကောင်းကောင်း၊ အဝတ်အစား သပ်သပ်ရပ်ရပ်နှင့် ပုဂ္ဂိုလ်က”အော်ပီကျယ်”နာမည်ကို တဖွဖွ ပြောနေသောအခါ ဂြိုဟ်သား တစ်ယောက်ကို အိပ်ချင်မူးတူး အချိန်မှာ တွေ့လိုက်ရသလို ဒီနာမည် မကြားဖူးရုံမက လက်ဖွဲ့စာရင်း စာအုပ်ထဲ ချရေးရမှာကို အားတုံ့အားနာ အံ့အားတသင့် နားဝေတိမ်တောင် အမှားမှား အယွင်းယွင်း ဖြစ်ရတော့သည်။
ကျော်စွာထက် ဆိုသည့် နာမည်ကိုလည်း နားလည်အောင် မနည်းပြောယူရသည်။ ဝင်းစည်သူကိုတော့ သူတို့ကို စာပြဖူးသည့် ကျူရှင်ဆရာမို့ လူကို သိသည်။ သို့သော် ဝင်းစည်သူကို မသိ။ ”ဆရာ ဦးစိန်မောင်ဝင်း လို့ ရေးလိုက်မယ်ဆရာ” ဆိုပြီး ကိစ္စပြတ်စေသည်။ ရဲသျှမ်းကို ဘယ်လို စာလုံးပေါင်းရမှန်း မသိ။ နောက်ဆုံး အနားမှာရှိသော အရီးတောင်း လက်ဖက် စက္ကူလက်သုတ်ပဝါကို ယူပြီး ထိုအပေါ် ရေးပြလိုက်ကြရတော့သည်။ လက်ဖွဲ့ခုံရှိ လူငယ်အားလုံးကား ကျွန်တော်တို့တစ်တွေ လွယ်အိတ်ကြီးတွေ တဖားဖားနှင့် ပြန်ထွက်သွားမှ ထူးဆန်းဖွယ် လူသားများ၏ ဘာသာစကား အကျပ်အတည်းကြားမှ လွတ်မြောက် သွားကြသည့် ပုံစံ စိတ်သက်သာရာ ရကာ ကျန်ရစ်ခဲ့ကြတော့သည်။
ထိုမင်္ဂလာဆောင်က ပြန်ထွက်လာမှ ကျွန်တော်လည်း မိမိကိုယ်မိမိ သုံးသပ်မိတော့၏။ ကဗျာဆရာ၏ ဆွေမျိုး အဝိုင်းအဝန်းကပင် မသိသော ငါပါတကား ဟူ၍။ ဟုတ်တော့လည်း ဟုတ်သည်။ မြန်မာပြည်သူ လူဦးရေ (ထိုစဉ်က) သန်း ၅ဝ နီးပါးတွင် မိမိ၏ စာတစ်ပုဒ်တလေ ပုံနှိပ် ဖော်ပြခံရသည့် မဂ္ဂဇင်းက အုပ်ရေ သုံးထောင်လောက် အလွန်ဆုံး ရှိမှာပေါ့။ ကံအားလျော်စွာ မိမိ၏ စာတစ်ပုဒ်ကို အပျင်းပြေ ဖတ်မိသူက တစ်ထောင်ပင် ပြည့်မှာ မဟုတ်။ မှတ်မှတ်ရရ စွဲလမ်းသူက ဘယ်လောက် ရှိမှာလဲ။ ထိုကဲ့သို့ တွေးမိသောအခါ ‘ငါ’ ဟူသော မာနသည် အဝီစိရောက်အောင် ဇောက်ထိုးမိုးမျှော် ဒလိမ့်ခေါက်ကွေး ကျသွားတော့သည်။
ဆူးငှက် သိလား
—————-
ဤကဲ့သို့ စိတ်ဓာတ် အကျကြီးကျသည်က အကြိမ်ကြိမ်။ တစ်နှစ်ဆီကလည်း မန္တလေးရှိ နာမည်ကျော် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကြီး တစ်ခုက စာပေဟောပြောပွဲ ဖိတ်၏။ သည်လို အဆင့်မြင့် တက္ကသိုလ်ကြီးက ‘ဆူးငှက်’ကို တလေးတစား ဟောပြောပွဲ ဖိတ်သည်ဆိုတော့ ‘ငါ’ ဟူသော မာနက ငယ်ထိပ် ဝင်ဆောင့်တော့သည်။’ ငါ့စာတွေဖတ်၊ ငါ့စာဖတ်ပရိသတ်’ ကြားမှာ ‘ငါဟဲ့…ဆူးငှက်’ဆိုကာ ခေါင်းတမော့မော့၊ မာန်တဝင့်ဝင့် ပြရချေတော့မည် ဟူလို….။
ဤသို့ဖြင့် နေ့လယ်ပိုင်း ဟောပြောပွဲ စတင်သောအခါ စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီဝင် ဆရာမကြီးတစ်ဦးကို တစ်နာရီသာသာ စောင့်နေရသည်၊ ကိစ္စမရှိ။ ဟောပြောပွဲ ကျင်းပသည့် စာသင်ခန်းမထဲသို့ ကျောင်းသူကျောင်းသားတွေ အလျှိုလျှို ဝင်လာတာကို ကြည့်၍ ပီတိဖြစ်နေမိ၏။ ဆရာမကြီး ကမန်းကတန်း ရောက်လာသောအခါ ဟောပြောပွဲ အခမ်းအနား စတင်ပါတော့သည်။ မိမိနှင့်ဟောပြောမည့် ပုဂ္ဂိုလ်များက မိမိထက် သက်ကြီးဝါကြီး ဆရာကြီး သမားကြီးများမို့ မိမိကပဲ ကနဦး ဟောပြောရသည်။ ထုံးစံအတိုင်း စာပေနှင့်ယဉ်ကျေးမှု ဆပ်ကော်မတီက အမှာစကား ပြောရဦးမှာမို့ ကော်မီတီဥက္ကဋ္ဌ ဆရာမကြီးက တာဝန်ယူ ပြောကြားသည်။ နတ်တော်လရာသီမို့ ရှေးအစဉ်အဆက် စာဆိုတော်ကြီးများ ဂုဏ်ပြုသည့် ပွဲဖြစ်ကြောင်း၊ ယခု တက္ကသိုလ်ကြီး အစဉ်အလာအတိုင်း စာရေးဆရာများကို နှစ်စဉ် ဖိတ်ကြား၍ ဟောပြောပွဲများ မပျက်မကွက် ကျင်းပခဲ့ကြောင်း ပြည့်စုံ လုံလောက်စွာ ပြောကြားသွားပါ၏။ သို့သော်…..
ထို သို့သော်က စတင် ဟောပြောရန် ပြင်ဆင် အားတင်းထားသည့် မိမိအဖို့ စိတ်ဓာတ် အကျကြီး ကျကာ ဟောပြောမည့် အကြောင်းအရာကို မမေ့မလျော့ အဆင်ပြေအောင် အတော် အားတင်း လိုက်ရတော့သည်။ ဆရာမကြီး၏ အမှာစကား နိဂုံး၌ ”ယခု ဟောပြောကြမည့် စာရေးဆရာကြီးများအနက် ပထမဦးဆုံး စာရေးဆရာ ‘စူးနစ်’ အဲ … အဲ (စာရွက်ကို သေချာပြန်ဖတ်ပြီး) ”ဆူးနက်” က ဟောပြော ပါလိမ့်မယ်ရှင်” ဟု ကြေညာသွားသောကြောင့် ဖြစ်သည်။ ထို့နောက် ဆရာမကြီးက စင်မြင့်ပေါ် တက်ရန် ထိုင်ရာမှ မတ်တတ်ရပ် ပြင်ဆင်နေသည့် ကျွန်တော့်ထံ အပြေးအလွှား လာပြီး ” ဆရာ ကျွန်မကို ခွင့်ပြုပါဦးနော်၊ ကျွန်မ ကလေးလည်း ကျောင်းကြိုရမှာမို့၊၊ GP ချိန်လည်း ရောက်နေလို့” ဟု တောင်းပန်ကာ ပြန်သွားချေသည် တကား။
ဆူးငှက်၊ ငှက်ဆူး၊ ငှက်ဆိုး
—————————–
တစ်ခါကတော့ မိမိအလုပ်နှင့် သက်ဆိုင်ပါသည်။ အစဉ်အလာကြီးမားလှသော သံဃာဂိုဏ်းကြီးက သာသနာပိုင် ဆရာတော်ကြီး၏ ဂုဏပူဇာ မဂ္ဂဇင်းတစ်အုပ် လူထုတိုက်သို့ လာရောက် အပ်နှံပါသည်။ မန်နေဂျာ မမ ဒေါ်တင်ဝင်းက လုပ်ငန်းနှင့်ပတ်သက်၍ အပ်နှံသည့် ဆရာတော်ကြီးများ စိတ်တိုင်းကျစေရန် အလို့ငှာ ယခု လက်ခံ ရိုက်နှိပ်ပေးမည့် မဂ္ဂဇင်းကို စာရေးဆရာများ ကိုယ်တိုင် ကြီးကြပ် စီစဉ်ပေးမှာဖြစ်ကြောင်း စကားခံကာ မိမိကို စာအုပ်အပ်နှံသည့် ဆရာတော်ကြီး ၂ပါးနှင့် မိတ်ဆက်ပေး၏။ လာရောက် အပ်နှံသည့် ဆရာတော်ကြီး ၂ပါးမှာ တစ်ပါးက စစ်ကိုင်းတောင်ခြေ သုဗောဓာရုံ ကျောင်းတိုက်က သုဗောဓာရုံ ဆရာတော်ကြီး ဖြစ်ပြီး၊ တစ်ပါးက မန္တလေး အနောက်ပြင် မဟာဝိသုဒ္ဓါရုံ တိုက်သစ် သူဌေးကျောင်းက မတ္တရာဆရာတော်ကြီးဖြစ်သည်။ ၂ပါးစလုံးက ဒေါ်ဒေါ်လူထုဒေါ်အမာနှင့် ရင်းနှီးကာ ဆရာဒကာများ ဖြစ်ပါ၏။
ထို့နောက် အလုပ်အပ်နှံပြီး ဆရာတော်ကြီးများ ပြန်ကြွသွားကြသည်။ မဂ္ဂဇင်းကို ကိုင်နေစဉ်အတွင်း ဆရာတော်ကြီးများက မဂ္ဂဇင်းကိစ္စဖြင့် တိုက်သို့ ဖုန်းဆက်တိုင်း မိမိမှာ ခေါင်းနားပန်း ကြီးရတော့၏။ အဘယ့်ကြောင့် ဆိုသော် မိတ်ဆက် အပ်နှံပေးစဉ်က” ဆူးငှက်” ဆိုသော ကလောင်နာမည်ကို ဆရာတော်ကြီး ၂ပါးလုံးက မှတ်မိပုံမပေါ်။ ”ငှက်ဆူး” ရှိပါသလား ဟုချည်း ဖုန်းခေါ်လေတော့၏။ ထိုအသံကြားတိုင်း မိမိနားမှာ’ငှက်ဆူး’ ထက် ‘ ငှက်ဆိုး’ ဟုချည်း ကြားယောင် မိကာ ရင်တုန်ပန်းတုန် ဖြစ်ရခြေသည်။
အမေနှင့် ဆူးငှက်
———————
ပြောလက်စဖြင့် ပြောရဦးမည်။ ထိုကိစ္စကတော့လည်း သေချင်လောက်အောင် စိတ်ဆင်းရဲရသည့် အဖြစ်ပင်။ မိမိပြောခဲ့သည့် အတိုင်းစာပေနှင့်ပတ်သက်၍ ဟောပြောပွဲများတွင် ကိုယ်ရေးရာဇဝင်ရေးတိုင်း ဘယ်နှခုနှစ် ကတည်းက စာစရေးကြောင်း၊ ဝတ္ထုတို အပုဒ်လေးငါးခြောက်ဆယ် ရေးပြီးကြောင်း၊ ဆောင်းပါး ပုဒ်ရေလည်း ရာဂဏန်း ရေးပြီးကြောင်း၊ ဝတ္ထုတိုပေါင်းချုပ် ဘယ်နှအုပ် ထုတ်ပြီးကာ ဝတ္ထုတိုတချို့ကို ဂျပန်မှာပင် ဂျပန်ဘာသာဖြင့် ပုံနှိပ်ပြီးကြောင်း၊ ဘယ်မဂ္ဂဇင်းကြီး၏ ပင်တိုင်ဆောင်းပါးရှင် ဖြစ်ကြောင်း ရေးသား ဂုဏ်ဖော်ရတာ အရသာရှိလှ၏။ ထိုအရသာကို အမြိန့်သား ခံစားနေစဉ်ပင် တစ်နေ့သ၌ အိမ်သို့ နယ်မှစာပေမိတ်ဆွေတစ်ဦး ဆိုက်ကားတစ်စီးဖြင့် ရောက်လာသည်။ မိမိက အိမ်ထဲမှာရှိ၏။ အပြင်မှာက ရသေ့ကျောင်း ခုံရှည်ပေါ် ထိုင်ရင်း ပုတီးစိတ်နေသည့် အမေ့ကို မေးနေပုံရသည်။ ‘လိပ်စာအရတော့ ဒီအိမ်ပဲ’ဟု ဆိုက်ကားဆရာက ဧည့်သည်ကို ပြောသည်။
သို့သော် အမေက ပုတီးစိတ်နေရာက ဒီအိမ်မှာ ဒီနာမည်မရှိဟု ငြင်းနေပုံ ရသည်။ ဒါလို အိမ်လိပ်စာ မေးသည်မျိုးကလည်း မကြာခဏ ကြုံနေကျမို့ မိမိက ဂရုမစိုက်မိ။ ဒီလိုနဲ့ နာမည်မှန် လိပ်စာမှန်ကို သိပါက ညွှန်းလိုက်တာနှင့် အဆင်ပြေ သွားနိုင်သည်။ ဤသို့ မှတ်ထင မိပါ၏။ သို့သော် အမေက ပုတီးစိတ်လက်စမို့ နာမည်မေးနေသော ဧည့်သည်ကို စိတ်တိုတိုနှင့် အော်ဟစ် ပြောလိုက်သံ ကြားမှ မိမိဧည့်သည်ပါလား ဟု ရုတ်ခြည်း သိကာ အပြေးအလွှား ထွက်ပြီး ခရီးဦးကြို ရသည်။ အမေ စိတ်တိုတို ပြန်ဖြေလိုက်တာက-
‘အဲတော်… ‘ကြက်ဆူး’လေ၊ ‘ငှက်ဆူး’လေတော့ မသိဘူး။ ဒီမှာတော့ မရှိဘူး။ တောင်ဘက်အိမ်မှာတော့ တစ်နေ့ကမှ တရုတ်တွေ ပြောင်းလာကြတာ၊ မေးကြည့်လိုက်ဦး” ဟူ၍။ သြော်…မိမိကိုယ်မိမိ စာရေးဆရာကြီးဟု လက်မထောင် နေသော်ငြား ဆူးငှက်ဟူသော ဧရာမစာရေးဆရာကြီးကို အိမ်က မိခင်ကြီးကပင် မသိပါချေတကား။
စာရေးဆရာ ဆိုတာ
————————–
တကယ်တော့ ဒီတိုင်းပြည်မှာက စာရေးဆရာဟူသည်ကို အလုပ်ဟုလည်း မသတ်မှတ်ခဲ့ကြ၊ (သတ်မှတ်လောက် အောင်လည်း လောက်လောက်လားလား ဝင်ငွေမရှိ)။ ဒီမှာ လူ့အဆင့်အတန်းကို ဝင်ငွေ၊ တိုက်၊ ကား စသည့် အဆောင်အယောင်နှင့်ပဲ သတ်မှတ်သည်။ ထိုစဉ်က ရှုမဝ မဂ္ဂဇင်းတွင် ဖတ်ရသည့် ကာတွန်းဆရာ မြေဇာ၏ ကာတွန်း တစ်မျက်နှာဟု ထင်သည်။ ကာတွန်းက စာရေးဆရာ တစ်ယောက် အပြင်က သူ့ စာပေအသိုင်းအဝန်းကြားတွင် သိပ်နာမည်ကြီးတဲ့ ဆရာကြီးပေါ့ဟု ချီးမွှန်းတော့ စာရေးဆရာက ခေါင်းမော့ကာ အောက်ခြေလွတ်သွားသည်။
ထို့နောက် သိပ်တော်တဲ့ ဆရာကြီးလေဟု ချီးမွှမ်းသံ ထပ်ကြားသောအခါ ခြေဖျားသာမက တစ်ကိုယ်လုံးပင် အပေါ် မြောက်တက် သွားသည်။ တကယ့်ရှာမှရှားတဲ့ ပညာရှင်ကြီးလေဟု ချီးကြူးထောပနာပြုကြသံတွေ ကြားပြန်တော့ မိုးနှင့် ခေါင်း တိုက်လုမတတ် မြောက်တက်သွားပြန်၏။ အဆိုပ်ပုဂ္ဂိုလ်ကြီးက အိမ်သို့ဝင်လိုက်သည်နှင့် မိန်းမက အလကား အလုပ်မရှိ အကိုင်မရှိလူ၊ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် လက်ကြောမတင်းတဲ့သူ၊ အလကားလူ၊ အသုံးမကျဆုံးလူ စသည့် ထောပနာ ဂုဏ်ပုဒ်များနှင့် ဆီးကြိုသံ ကြားလိုက်တော့ ကောင်းကင်ပေါ် မြောက်တက်နေရာက အိမ်ပေါက်ဝမှာ ဂျွမ်းစိုက်ပြီး ရုပ်ပျက်ဆင်းပျက် ထိုးကျတော့၏။
ဆူးငှက်
