သြဂုတ် ၂၉-၂၀၂၆
PL(VOM)
မကွေးတိုင်း၊ ပခုက္ကူမြို့အရှေ့ဘက်မှာရှိတဲ့ အမှတ် (၅) အထည်စက်ရုံဝန်ထမ်းတွေအတွက် ထုတ်ယူလာတဲ့ လစာငွေကျပ် သိန်း ၁,၄၁၀ နဲ့ ဝန်ထမ်းတချို့ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က စက်ရုံရှေ့မှာဘဲ တားဆီး ဓါးပြတိုက် ဖမ်းခေါ်သွားတဲ့ ဖြစ်စဉ်တခု ဩဂုတ်လ ၂၈ ရက် မနက်ပိုင်းက ဖြစ်ခဲ့ပါတယ်။
“ဩဂုတ်လ ၂၈ ရက် မနက် ၁၀ နာရီခွဲအချိန်ခန့်က မြန်မာ့စီးပွားရေးဘဏ်ကနေ စက်ရုံဝန်ထမ်းတွေအတွက် လစာငွေထုတ်ပြန်လာချိန် စက်ရုံရှေ့အရောက်မှာ အမည်မသိတဲ့လက်နက်ရှည် ၂ လက် ကိုင်ဆောင်ထားတဲ့လူငယ် ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ယာဉ်ပေါ်ပါဝန်ထမ်းတွေကို ဖမ်းခေါ်သွားတာပါ” လို့လုံခြုံရေးနဲ့နီးစပ်သူက ပြောပါတယ်.
အဆိုပါ မော်တော်ယာဉ်ပေါ်မှာ ယာဉ်မောင်း ဦးပြည့်ဖြိုးမောင် (၄၀ နှစ်) ၊ လက်ထောက်စက်ရုံမှူး ဦးအောင်ထိုက် (၅၄ နှစ်)၊ စာရင်းကိုင် (၂) ဦးအောင်သူ (၄၃ နှစ်) နဲ့ စာရင်းကိုင် (၂) ဒေါ်မြင့်မြင့်သန်း (၅၂ နှစ်) တို့ ပါသွားခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် စက်ရုံရဲ့ အနောက်မြောက်ဘက် မီတာ ၆၃၀ ခန့်အကွာအရောက်မှာ လက်နက်ကိုင် အဖွဲ့ဝင် ၈ ဦးခန့်နဲ့ ထပ်မံတွေ့ဆုံခဲ့ပြီး ယာဉ်ပေါ်ပါ ဝန်ထမ်းတွေနဲ့ မော်တော်ယာဉ်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
လစာငွေကျပ် သိန်း ၁,၄၁၀ ကိုတော့ ယူသွားပြီး စိုတွင်းကျေးရွာ အရှေ့ဘက် ပေါင်လောင်ကန်သွားလမ်းအတိုင်း ထွက်ခွာသွားခဲ့ကြောင်း သိရတယ်လို့ လွတ်လာသူတွေ အပြောအရသိရပါတယ်။
ဩဂုတ်လ၁၅ရက်.နေ့ခင်းကလည်း အမှတ်(၃)ရပ်ကွက် (၁)လမ်း ကုန်စုံဆိုင်ကို အမည်မသိလက်နက်ကိုင်အုပ်စုက ဖုန်းတလုံးနဲ့ ငွေသား၆သိန်းကျော် ဓါးပြတိုက်သွားတယ်လို့ သိရပါတယ်။
မတ်လ ၂၆ ရက် နေ့လယ်ပိုင်းကလည်း မြို့မလမ်းပေါ် မျက်မမြင်ကျောင်းအနီးက စက်သုံးဆီအရောင်းဆိုင်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစုက နေ့ခင်းကြောင်တောင်ဓါးပြတိုက်ပြီး ဖုန်းနဲ့ ငွေတွေယူသွားတယ်လို့သိရပါတယ်။
ပခုက္ကူမြို့အတွင်း လူစည်ကားတဲ့နေရာတွေတောင် နေ့ခင်းကြောင်တောင် ခိုးဆိုးလူယက်ပြီး လက်နက်အားကိုးနဲ့ မကြာခဏရဲရဲတင်းတင်း ကျူးလွန်နေတာကြောင့် ဒေသခံပြည်သူတွေအကြား လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်မှုတွေမြင့်တက်နေပါတယ်။
”အခုက နေ့ခင်းကြောင်တောင်ကြီးကို အိမ်ထဲ၊ ဆိုင်ထဲအထိ ဝင်တိုက်သွားတာဆိုတော့ ဘယ်သူမှ မလုံခြုံတော့သလိုပဲ။ လက်နက်တွေလည်း ပါတယ်ဆိုတော့ ပိုဆိုးတာပေါ့” လို့ ဒေသခံတယောက်က မှတ်ချက်ပြုပါတယ်။
၂၀၂၁ နောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေပေါပြီးနောက် ငွေရှိသူတွေကို ဖမ်းဆီးပြန်ပေးဆွဲတာ သတ်ဖြတ်တာတွေ မကြာခဏဖြစ်လို့ ငွေကြေးချမ်းသာသူတွေဟာ တခြားမြို့ကြီးတွေကို ပြောင်းရွှေ့နေထိုင်လာကြပါတယ်။
