ပခုက္ကူ အမှတ်(၅) အထည်စက်ရုံ ဝန်ထမ်းလစာငွေ သိန်း တ​ထောင်​ကျော် ဓါးပြတိုက်ခံရ

သြဂုတ် ၂၉-၂၀၂၆
PL(VOM)
မကွေးတိုင်း၊ ပခုက္ကူမြို့အ​ရှေ့ဘက်မှာရှိတဲ့ အမှတ် (၅) အထည်စက်ရုံဝန်ထမ်း​တွေအတွက် ထုတ်ယူလာတဲ့ လစာငွေကျပ် သိန်း ၁,၄၁၀ နဲ့ ဝန်ထမ်း​တချို့ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က စက်ရုံ​ရှေ့မှာဘဲ တားဆီး ဓါးပြတိုက် ဖမ်း​ခေါ်သွားတဲ့ ဖြစ်စဉ်တခု ဩဂုတ်လ ၂၈ ရက် မနက်ပိုင်းက ဖြစ်ခဲ့ပါတယ်။
“ဩဂုတ်လ ၂၈ ရက် မနက် ၁၀ နာရီခွဲအချိန်ခန့်က မြန်မာ့စီးပွားရေးဘဏ်က​နေ စက်ရုံဝန်ထမ်း​တွေအတွက် လစာငွေထုတ်ပြန်လာချိန် စက်ရုံရှေ့အရောက်မှာ အမည်မသိတဲ့လက်နက်ရှည် ၂ လက် ကိုင်ဆောင်ထားတဲ့လူငယ် ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ယာဉ်​ပေါ်ပါဝန်ထမ်း​တွေကို ဖမ်းခေါ်သွားတာပါ” လို့လုံခြုံရေးနဲ့နီးစပ်သူက ပြောပါတယ်.
​အဆိုပါ မော်တော်ယာဉ်ပေါ်မှာ ယာဉ်မောင်း ဦးပြည့်ဖြိုးမောင် (၄၀ နှစ်) ၊ လက်ထောက်စက်ရုံမှူး ဦးအောင်ထိုက် (၅၄ နှစ်)၊ စာရင်းကိုင် (၂) ဦးအောင်သူ (၄၃ နှစ်) နဲ့ စာရင်းကိုင် (၂) ဒေါ်မြင့်မြင့်သန်း (၅၂ နှစ်) တို့ ပါသွားခဲ့တယ်လို့သိရပါတယ်။
​အဲဒီ​နောက် စက်ရုံရဲ့ အနောက်မြောက်ဘက် မီတာ ၆၃၀ ခန့်အကွာအရောက်မှာ လက်နက်ကိုင် အဖွဲ့ဝင် ၈ ဦးခန့်နဲ့ ထပ်မံတွေ့ဆုံခဲ့ပြီး ယာဉ်ပေါ်ပါ ဝန်ထမ်း​တွေနဲ့ မော်တော်ယာဉ်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
လစာငွေကျပ် သိန်း ၁,၄၁၀ ကိုတော့ ယူသွားပြီး စိုတွင်းကျေးရွာ အရှေ့ဘက် ပေါင်လောင်ကန်သွားလမ်းအတိုင်း ထွက်ခွာသွားခဲ့ကြောင်း သိရတယ်လို့ လွတ်လာသူ​တွေ အ​ပြောအရသိရပါတယ်။
ဩဂုတ်လ၁၅ရက်‌.​နေ့ခင်းကလည်း အမှတ်(၃)ရပ်ကွက် (၁)လမ်း ကုန်စုံဆိုင်ကို အမည်မသိလက်နက်ကိုင်အုပ်စုက ဖုန်းတလုံးနဲ့ ငွေသား၆သိန်းကျော် ဓါးပြတိုက်သွားတယ်လို့ သိရပါတယ်။
မတ်လ ၂၆ ရက် နေ့လယ်ပိုင်းကလည်း မြို့မလမ်းပေါ် မျက်မမြင်ကျောင်းအနီးက စက်သုံးဆီအရောင်းဆိုင်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစုက နေ့ခင်းကြောင်တောင်ဓါးပြတိုက်ပြီး ဖုန်းနဲ့ ငွေ​တွေယူသွားတယ်လို့သိရပါတယ်။
ပခုက္ကူမြို့အတွင်း လူစည်ကားတဲ့နေရာ​တွေ​တောင် နေ့ခင်းကြောင်တောင် ခိုးဆိုးလူယက်ပြီး လက်နက်အားကိုးနဲ့ မကြာခဏရဲရဲတင်းတင်း ကျူးလွန်‌​နေတာကြောင့် ဒေသခံပြည်သူ​တွေအကြား လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်မှု​တွေမြင့်တက်​နေပါတယ်။
​”အခုက နေ့ခင်းကြောင်တောင်ကြီးကို အိမ်ထဲ၊ ဆိုင်ထဲအထိ ဝင်တိုက်သွားတာဆိုတော့ ဘယ်သူမှ မလုံခြုံတော့သလိုပဲ။ လက်နက်တွေလည်း ပါတယ်ဆိုတော့ ပိုဆိုးတာပေါ့” လို့ ဒေသခံတ​ယောက်က မှတ်ချက်ပြုပါတယ်။
၂၀၂၁ ​နောက်ပိုင်း လက်နက်ကိုင်​အဖွဲ့​​တွေ​ပေါပြီး​နောက် ​ငွေရှိသူတွေကို ဖမ်းဆီးပြန်​ပေးဆွဲတာ သတ်ဖြတ်တာ​တွေ မကြာခဏဖြစ်လို့ ​ငွေ​ကြေးချမ်းသာသူ​တွေဟာ တခြားမြို့ကြီး​တွေကို ​ပြောင်း​ရွှေ့​နေထိုင်လာကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW