ဆူးငှက်
အဆင်ပြေလောက်သတဲ့
————————-
ထင်သည့်အတိုင်းပါပဲ၊ နောက်ရက်ရောက်တော့ ခင်ခင်အောင်က ရုံးမှာ ကိုသန်းဦးကို ရှာသတဲ့၊ အဘက လာခဲ့ပါ၊ အဆင်ပြေအောင် ညှိပေးပါမယ်တဲ့ ဟူလို။ ထို့ကြောင့် ကိုသန်းဦးက ကျွန်တော်နှင့် ဒိတ်ကဖေးမှာ တွေ့သောအခါ “အဆင်ပြေလောက်တယ်ဗျ၊ ခင်ခင်အောင်နဲ့ တွေ့ပြီးပြီ၊ သွားကြရအောင်၊ သေချာရင် တစ်ခါတည်း စရံပေးလိုက်ရအောင်၊ ကိုဆူးလည်း အဲ့ဒီနေရာကို ကြိုက်ရဲ့လား” တဲ့။ ကျွန်တော်က ဦးသြဘာတပည့်၊ အထူးပြောစရာမရှိ။ ကျွန်တော်ကြိုက် သည်။ သစ်ပင်ရှိသည်၊ ရေရှိသည်၊ ငှက်လေးတွေရှိသည်။ ပတ်ဝန်းကျင်ကလည်း အေးချမ်းသည်။ အနောက်မှာ ရေနီမြောင်း၊ အရှေ့မှာ အောင်ပင်လယ်နှင့် ရန်ကင်းတောင်၊ တောင်မှာ ယဉ်ပျံထန်းတော၊ မြောက်မှာ နန်းရှေ့အနှိတ်တော်၊ ကိုင်း.. ဘာလိုသေးလဲ၊ အဲ့သည်နေရာ မြေလေးဖို့ တဲလေးထိုး နေရုံပေါ့၊ ညအတွက်က ၆ဗို့ဘက်ထရီလေး ဝယ်ရုံပေါ့။ ထို့ကြောင့် မနေ့က ရောက်ခဲ့သော နေရာလေးသို့ တစ်ခေါက်တဖန် ရောက်ရပြန်ချေပြီ။
ကျွန်တော်တို့ ခင်ခင်အောင်က ဒေါ်လေးဟုခေါ်သည့် ဒေါ်မြစံအိမ်သို့ ရောက်သွားသည်။ ဒေါ်မြစံရော သူ့သမီး မွန်မွန်စန်းရောရှိသည်။ သားအမိ၂ယောက်စလုံးက သူတို့တောင်ဘက် မြေကွက်နှင့် အဆင်ပြေ စေချင်ကြသည်။ တစ်သက်လုံးနေကြရမည့် အိမ်နီးချင်းအဖြစ် ကျွန်တော်တို့ကို ဖြစ်စေချင်ကြသည်။ မွန်မွန်စန်းက ယခု ကွင်းအမှတ် ၄၉၂ ကို ၁၉၉၃ခုနှစ်ကတည်းက သရက်ကုန်းကွက်သစ်အဖြစ် အမှတ် ၁ မြေတိုင်းအဖွဲ့က မူလမြေပိုင်ရှင်များနှင့် ဝန်ထမ်း အရာထမ်းများကို နေရာချထားသည့် မြေပုံကို ထုတ်ပြသည်။ ထိုမြေပုံတွင် ယခု သူတို့နေရာမှာ သစ်လုပ်ငန်းမှ အရာရှိဖြစ်ကို ချထားပေးသည့် မြေနေရာဖြစ်ပြီး သူတို့တောင်ဘက်က ကျွန်တော်တို့ စိတ်ဝင်စားသည့် အကွက်ကလည်း သစ်လုပ်ငန်းက အရာရှိတစ်ဦး၏ မြေနေရာဖြစ်သည်။ ထိုမြေပုံကို ဖြန့်ကြည့်သောအခါ လမ်းများနှင့် မြေကွက်များကို စံနစ်တကျ ဖွဲ့စည်းထားသော ရပ်ကွက်ဖြစ်ကြောင်း တွေ့ရသည်။
၁၉၉၃ က မြေပုံနှင့် ပိုင်ဆိုင်သူများ
———————————-
မြေကွက်ပိုင်ရှင်အမည်များကို ဖတ်ကြည့်တော့ သစ်တောဌာန၊ စက်မှု ၁ ကြွေထည်မြေထည်၊ စက်မှုတက္ကသိုလ်၊ တိုင်းရင်းဆေး၊ ထောက်လှမ်းရေးတပ်မှူးမှသည် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ထိ ပိုင်ရှင် အမည်များကို တွေ့ရ၏။ မြေပုံ၏ အရှေ့ဘက်အစွန်းတွင် ကျွန်တော်သိသော စာရေးဆရာ တစ်ဦး အမည်နှင့် မြေကွက်ကျယ်ကြီးကိုလည်း တွေ့ရသည်။ ထိုမြေကွက်ကျယ်ကြီးတွင် ပိုင်ရှင်အမည်အဖြစ် စာရေးဆရာ ၏ ဆရာဝန်အမည်ကို ရေးမှတ်ထားသည်။ သူက အရိုးအထူးကု ဆရာဝန် ဖြစ်သည်။ သူ့မြေကွက်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦး၏ မြေကွက်က ကပ်လျက်ဖြစ်ကာ ဧရိယာကလည်း မကွာခြားလှ။ ဒုတိယဗိုလ်ချုပ်ကြီးက ထိုစဉ်က မြောက်ပိုင်းတိုင်း တွင် တာဝန်ယူသူဟု ကျွန်တော် မှတ်မိနေသည်။
ကျွန်တော်တို့ ကြည့်သည့်နေရာကတော့ မြေပုံ၏ အနောက်ဖက် အစွန်ဆုံးမှာပေါ့။ မျက်နှာချင်းဆိုင်မှာက ၁၉၈၀ခုနှစ် ခန့်ကတည်းက တရားဝင်နေထိုင်ခွင့် ရသည့် ခြံကြီးများရှိသည်။ ခြံတွေ အကျယ်အဝန်းကလည်း ဧကချီ၍ ရှိသည်။ အများစုက ခြံအလယ်တွင် ငါးကန်ကြီးများရှိပြီး သရက်ပင်တွေ သပြေပင်တွေ စိုက်သည်။ ခြံတွေကို ထုထရံများဖြင့်သာ ကာရံထားကြပြီး ခြံပြင်တွင်လည်း ရေရှင်ရေကောင်းတွေ သွင်သွင်စီးနေသည့် ချောင်းလေးတွေရှိကာ ကြာပင်လေးများပင် ရှိသည်။ ထိုချောင်းလေးများတွင် ရေကြက်လေးတွေ ရေသောက်ဆင်းနေကြ၏။ မျက်နှာချင်းဆိုင် ခြံကြီးများထဲက ရေကန်ကြီးများတွင် ညနေတိုင်လျှင် ရေဘဲတွေ အုပ်လိုက်ကျကာ အိပ်တန်းတက်ကြသတဲ့။ ထိုမျက်နှာချင်းဆိုင် ခြံဝင်းကြီးတွေမှာ လူနေကြပုံမရ။ သို့သော် တောင်ဘက်နားက ခြံတွေမှာတော့ လူနေ အဆောက်အဦများ တွေ့ရသည်။ မျက်စောင်းထိုး ခြံ၏ တောင်ဘက် တစ်ခြံကျော်မှာတော့ အနောက်ဘက်ရေနီမြောင်းကို မျက်နှာပြုထားသည့် ခြံကြီးတစ်ခြံ ရှိသည်။
မျက်နှာကြီး အသုဘ
———————–
ထိုခြံကြီးထဲမှာတော့ အဆောက်အဦး ခပ်ကောင်းကောင်းတွေ တွေ့ရ၏။ ဖြစ်ချင်တော့ ကျွန်တော်တို့ ထိုရပ်ကွက်လေးသို့ မြေကြည့်သွားသည့်ရက်တွင် ထိုခြံက နာရေးတစ်ခုရှိသည်။ အလံများ၊ တံခွန်များ၊ တိုက်ရုပ် ကားရုပ် မြင်ရုပ်ကြီးများ၊ ကန်တော့ကြသည့် အစဉ်အလာ အသုဘ တီးလုံးသံများ၊ အထက်အောက်အထိ သာမက ခေါင်းပေါင်းများ အထိ အဖြူရောင်ဝတ် နာရေးရှင်များ၊ ၇ရက်၇လီ အတော်ကြီးကျယ်သည့် နာရေး ရှိသည်။ ရေနီမြောင်း ဘက် ဝင်ပေါက်မှာ အသုဘရှု လာကြသည့် ကားတန်းကြီးကို ယာဉ်ထိန်းရဲများကပင် ရှင်းလင်း ပေးနေရသည်။ မေးကြည့်လိုက်တော့ ထိုစဉ်က နာမည်ကျော် လုပ်ငန်းရှင်ကြီးနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ အကြီးအမှူးတစ်ဦး၏ ဆွေမျိုးတစ်ယောက် နာရေးတဲ့။ ထိုပုဂ္ဂိုလ်ကြီးကတော့ အဲ့သည်ခြံထဲမှာပဲ လူမသိအောင် နေသလိုလို၊ ရန်ကုန်မှာပဲ အစိုးရ၏ အစောင့်အရှောက်နှင့် အေးဆေးစွာ နေထိုင်နေသလိုလို၊ အင်းစိန်တောရထဲက လေအေးစက်တပ် တိုက်ခန်းမှာလိုလို။
မည်သို့ ဆိုစေ၊ ထိုနာရေးကတော့ ကြီးကျယ်လှသည်။ ထိုစဉ်က မန္တလေးရှိ သုဿာန်အသီးသီးကို ကြာနီကန်သို့ ပြောင်းရွှေ့ထားသောကြောင့် အသုဘတင် နိဗ္ဗာန်ယာဉ် အခက်အခဲရှိရာ ထိုနာရေးက ကိုယ်ပိုင် ပစ်ကပ်ယာဉ်ကို နိဗ္ဗာန်ယာဉ် အဖြစ် အသုံးပြုပြီး ဘုံကျောင်းသို့ လှူလိုက်သည်ဟုလည်း ကြားသိရ၏။ ထိုမျှသာမက နောက်ထပ်ကြားသိရသည်မှာ ထိုခြံ၏ နောက်ကျောဘက်ရှိ ကျွန်တော်တို့ ကြည့်သော မြေကွက်၏ တောင်ဘက် ပေ ၃၀၀ခန့် အကွာက ဧကကွက်ကြိးတစ်ကွက်ကို ဝယ်ယူကာ ကိုယ်ပိုင် မိသားစု သုဿာန်အဖြစ် အသုံးပြုရန် စီစဉ်သေးသတဲ့။ သက်ဆိုင်ရာက ခွင့်မပြုခဲ့ဟု ကြားသိရသေးသည်။
ကျွန်တော်တို့မှာ မြေကွက်ရောင်းမည့် ဥိးမြမောင်ခေါ် အဘ မရောက်သေးလို့ စောင့်ရင်း မွန်မွန်စန်းတို့ သားအမိနှင့် စကားကောင်းနေကြသည်။ မွန်မွန်စန်းက မြေပုံစာရွက်လိတ်သာမက ၁၉၉၁ခုနှစ်က ထုတ်ပြန်ခဲ့သော စာရွက် တစ်ရွက်ကို လည်း ထုတ်ပြသည်။ စာရွက်လေးက နှစ်ကြာနေလို့ ဝါကျင့်ကျင့်၊ ခေါက်ရိုးလေးတွေပင် ကျိုးပြတ်လုလု။ ထိုစာမှာ မန္တလေးတိုင်း တိုင်းမြေစာရင်းဦးစီးဌာန ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန က ၁၉၉၁ခုနှစ် ဇွန်လ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် စာဖြစ်သည်။ ထိုစာကို ဒုတိယညွှန်ကြားရေးမှူး ဦးအေးမြင့်က လက်မှတ်ထိုးထား၏။ စာအမှတ် ၂၂၁/မအ – ၁ (၂၀/ ၉၀ – ၉၁) ဖြင့် စာပါ အကြောင်းအရာမှာ လယ်ယာမြေကို အသုံးချရန် ဆင့်ဆိုသည့် အမိန့်ဟူသော ခေါင်းစည်းအောက်က ကွင်းအမှတ် ၄၉၂ အား ၁၉၅၃ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃၈(၁) အရ ဥယျာဉ်ခြံမြေအဖြစ် လွှဲပြောင်းလုပ်ကိုင်စေသည့် အမိန့်စာ ဖြစ်သည်။
မင်္ဂလာ ဖြစ်ကြဖို့
——————-
ကျွန်တော်က ထိုစာကိုလည်း ကိုသန်းဦးကိုပြသည်။ ထိုစဉ်မှာပဲ ဦးမြမောင်ရောက်လာသည်။ သူက ထုံးစံအတိုင်း ဝါးဖတ်ဦးထုပ်ဆောင်းပြီး စက်ဘီးစီးလာသည်။ သူက အိမ်ပေါ်သို့ တက်လာပြီး “မင်္ဂလာပါဆရာတို့၊ မင်္ဂလာရှိတော့မှာပါဗျ” ဟု နှုတ်ဆက်သည်။ ကိုသန်းဦးကလည်း နှုတ်သွက်စွာဖြင့် ကျွန်တော်တို့ကလည်း မင်္ဂလာရှိချင်တာပါဗျ၊ ကိုင်း အဘဘက်က ကျွန်တော်တို့ အဆိုပြုတဲ့ဈေးဆိုရင် မင်္ဂလာရှီပြီပေါ့ဗျာ” ဟု ဆိုသည်။ ဦးမြမောင်က “ကိုင်း.. ၂ဦး၂ဖက် အဆင်ပြေအောင်ပေါ့ဗျာ၊ ကွန်တော်က မြေလည်း ဖို့ပေးပါ့မယ်၊ ၅၀ပတ်လည်ကို ၇သိန်းက မလျှော့နိုင်တော့ဘူးဗျာ၊ ဒါဆို ဦးသန်းဦးတို့ ဘက်ကလည်း မင်္ဂလာဖြစ်မှာပါဗျ၊ မြေကိုက ၅သောင်းဖိုး အနည်းဆုံးဖို့ရမှာပါဗျာ” ဟု ပြောသည်။
ကဲ သည်တော့ ကိုသန်းဦးကလည်း ကျွန်တော့်ဘက် လှည့်ကြည့်၍ ခေါင်းညိတ်ပြကာ “ကိုင်း.. ဘာမှ ထပ်မဆစ်တော့ပါဘူး၊ ဒီလိုလုပ်ဗျာ၊ ကျွန်တော်တို့ကလည်း ဆစ်ထားတဲ့ ဈေးထက် ၅သောင်းပိုပေးမယ်၊ ၆သိန်ခွဲပေါ့၊ ဒါဆို မင်္ဂလာဖြစ်ပါပြီ၊ နက်ဖြန် ငွေအကြေချေမယ်ဗျာ၊ ဟုတ်ပြီလား” ဟု ပြန်အပြော ဒေါ်မြစံနှင့် မွန်မွန်စန်းကလည်း “ကိုင်းပါ၊ အဘကလည်း ဒီလိုလူမျိုးတွေ ကိုယ့်အရပ်ထဲ ရောက်လာမှာ မင်္ဂလာပဲဟာ၊ လက်ခံလိုက်ပါ” ဟု ဝင်ပြောကြတော့၏။ ဦးမြမောင်က “ကိုင်းပါလေ၊ အဆင်ပြေပြီပေါ့၊ နက်ဖြန် ကျွန်တော် စာချုပ်ကို အသင့်ပြင်ထားပါ့မယ်။ နက်ဖြန် မင်္ဂလာရှိတဲ့ မနက်ခင်းမှာ မင်္ဂလာရှိကြရုံပါပဲဗျာ” ဟု လက်ခံလိုက်သည်။ နက်ဖြန်ဆိုသည်က ၂၀၀၀ခုနှစ် ဇူလိုင်လ ၉ရက်နေ့လေ။ ၁၃၆၂ ရက် ဝါဆိုလဆန်း ၉ရက်၊ တနင်္ဂနွေနေ့။ ဒါဆို မနက် ၉နာရီ ချိန်းလိုက်ကြတာပေါ့။
ကိုသန်းဦးက ထိုကပြန်လာသည်နှင့် လမ်းရောက်တော့ “ ကိုဆူးရေ.. သေချာအောင် ရုံးက မြေယာဌာန ဝင်မေးရအောင်ဗျာ၊ မြေယာမှာ အသိတွေရှိတယ်။ သူတို့က ဝါရင့်တွေပဲဗျ၊ ပိုသေချာတာပေါ့ဗျာ” ဟု ဆိုပြီး ကျုံးဘေးက စည်ပင်ရုံးသို့ ဝင်ကာ ပင်မရုံးကြီး၏ အနောက်ဘက်ရှိ အဆောက်အဦသစ်အောက်ထပ်က မြေယာဌာနသို့ ဝင်သည်။ ဝင်သည်နှင့် မြေပုံစက္ကူလိတ်ကြီးများနှင့် မြေတိုင်းအဖွဲ့က ဆိုင်ကယ်ကိုယ်စီနှင့် ကွင်းဆင်းကြတော့မည်။
ကိုသန်းဦးမြင်တော့ ဆိုင်ကယ်ပေါ်ကဆင်းပြီး “ကိုယ့်လူ ဘာကိစ္စလဲဗျ၊ ပြော” ဟု ဆိုတော့ အရပ်ရှည်ရှည် အသားညိုညို ခေါင်းတုံးဆံထောက်နှင့် ဆေးပေါ့လိပ်ခဲထားသူက နေရာပြောလိုက်သည်နှင့် ချက်ချင်းပင် ထိုနေရာကို ကွင်းအမှတ် လမ်းအမှတ်များနှင့် အတိအကျပြောသည်။ သူက ချက်ချင်းပင် သူ့ဆိုင်ကယ်ရှေ့က မြေပုံလိတ်ကြီးထဲက တစ်လိတ်ကိုဖွင့်ပြပြီး ဒိုဒိုးဒေါက်ဒေါက်ပြောချလိုက်၏။ ကိုသန်းဦးက ပြန်မေးသည်ကိုပင် သူက လက်ကာပြပြီး အရေးအကြီးဆုံးစကားကိုပဲ လက်၂ချောင်းထောင်ကာ ခပ်ပြတ်ပြတ် ပြောလိုက်တော့သည်။ ရှင်းပါဘိ။
သို့သော် နက်ဖြန် ငွေချေဖို့ ချိန်းခဲ့ပြီလေ။
ဆူးငှက်
