စက်တင်ဘာ ၂၁၊ ၂၀၂၆
GG (VOM)
ခုရက်ပိုင်းအတွင်း နီပေါနိုင်ငံ ကတ္တမန္ဒူမြို့ရှိ Tribhuvan နိုင်ငံတကာလေဆိပ်မှာ မြန်မာနိုင်ငံသားတချို့ကို မူးယစ်ဆေးဝါးသယ်ဆောင်လာမှုနဲ့ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ မြန်မာသံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ အခြား နိုင်ငံတွေက တဆင့် နီပေါနိုင်ငံကို အလည်အပတ်ဖြစ်စေ ၊ ပစ္စည်း သယ်ယူပို့ဆောင်တဲ့ လုပ်ငန်း လုပ်ကိုင်ခြင်းဖြစ်စေ ၊ အလုပ်အကိုင်ရှာဖွေခြင်းဖြစ်စေ စတဲ့ အကြောင်း အမျိုးမျိုးနဲ့ လာရောက်ကြမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ မသမာသူတွေက ရည်ရွယ်ချက်ရှိရှိ လျှို့ဝှက်စွာ ထည့်ပေးလိုက်တဲ့ လူကြုံပစ္စည်းတွေအထဲ တရားမဝင်ပစ္စည်း(ဥပမာ-ဆေးခြောက်များ)ကို သယ်ဆောင် လာရာကနေ ဖမ်းခံရတာလို့ သံရုံးက ဆိုထားပါတယ်။
ဒါကြောင့် အဓိက နီပေါနိုင်ငံကိုလာရောက်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အလားတူဖြစ်စဉ်တွေ ထပ်မံမပေါ်ပေါက်စေရေး သတိပြုဆင်ခြင်ပြီး ခရီးသွားလာကြဖို့ မြန်မာသံရုံးက သတိပေးထားပါတယ်။
ဒီကိစ္စ္စနဲ့ပတ်သက်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တယောက်က ” အများစုက ဖြစ်လိုက်ရင် ထိုင်းကနေ သယ်လာတာများတယ်။ တချို့ကတော့ စီးပွားရေးတခုအနေနဲ့ လုပ်တာရှိသလို တချို့ကျတော့လည်း ပါဆယ်ပစ္စည်း လမ်းကြုံ ယူလာတာကနေ ဖြစ်တယ်လို့သိရတယ်။ ဆေးခြောက်ကို ရောင်းဝယ်လုပ်လို့ မိပြီးဖမ်းခံရသူတွေကတော့ သူနိုင်ငံဥပဒေအတိုင်း ခံယူရတာ ဖြစ်သင့်ပါတယ်။ မသိလိုက်ပဲ ပါဆယ်ယူလာရာကနေ ဖြစ်တာမျိုးဆိုရင် နစ်နာတာပေါ့။ အဲဒီတော့ ပါဆယ်ဘာညာယူမယ်ဆိုရင်လည်း အားမနာပါနဲ့ ။ ဖွင့်ဖောက်ကြည့်ပြီးမှ ယူကြပါ။ ပစ္စည်းသယ်ပို့တဲ့သူတွေလည်း ကိုယ်ပို့မယ့်ပစ္စည်းကို သေချာစစ်ယူဖို့ အရေးကြီးပါတယ်။ ” လို့ မှတ်ချက်ပြုပြောပါတယ်။
ဒီစက်တင်ဘာလအတွင်းမှာတင် နီပေါနိုင်ငံ ၊ ကတ္တမန္ဒူမြို့လေဆိပ်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ငါးယောက်အပါအဝင် နိုင်ငံခြားသားရှစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ နီပေါရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီလို မြန်မာနိုင်ငံသားကို မူးယစ်ဆေးသယ်ဆောင်မှုနဲ့ ဖမ်းဆီးခံရမှု ဆက်တိုက်ဖြစ်လာပြီးနောက်မှာ မြန်မာသံရုံးက သတိပေးစာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
အလားတူ အိန္ဒိယနိုင်ငံ ၊ ထိုင်း ၊ ဘင်္ဂလားဒေ့ရှ် ၊ အင်ဒိုနီးရှားနိုင်ငံ စတဲ့ နိုင်ငံတချို့မှာလည်း မြန်မာနိုင်ငံသားတွေဆီကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာဆိုရင် အင်ဒိုနီးရှား နိုင်ငံမှာ မူးယစ်ဆေးဝါးသယ်ဆောင်မှုနဲ့ မြန်မာနိုင်ငံသား ၁၇ ယောက် ၊ အိန္ဒိယ နဲ့ထိုင်း အပါအဝင် ဘင်္ဂလားဒေ့ရှ်မှာ ၇ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။
