ထားဝယ်ဒေသက ရွာ ၆၀ လောက်မှာ ရေကြီး မြေပြိုတဲ့​နေရာ​တွေ ကူညီကယ်ဆယ်ရေး ထိရောက်​အောင်မလုပ်နိုင်သေး

စက်တင်ဘာ ၂၈ ၊ ၂၀၂၆
GG (VOM)
တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်ထဲက ရွာပေါင်း ၆၀ လောက်မှာ ရေကြီး ၊ မြေပြိုမှုကြောင့် သေဆုံးသူ နဲ့ ပျောက်ဆုံးသူတွေများနေပေမယ့် ဒီနေ့အထိ ကူညီကယ်ဆယ်ရေးပိုင်း ထိထိရောက်ရောက် မလုပ်နိုင်သေးတဲ့အတွက် ဒေသခံတွေ ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။
ထားဝယ်ဒေသမှာ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေက မြေပြို ၊ရေကြီးမှု အဆိုးဆုံးဖြစ်နေပြီး သေဆုံးသူ ၁၀ ယောက်လောက် ၊ ဒဏ်ရာရရှိသူ ၁၀ ယောက်ကျော်နဲ့ ပျောက်ဆုံးသူ ၂၀ လောက် အပြင် နေအိမ်မှာ ပိတ်မိနေသူတွေ ခုထိရှိနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
လောင်းလုံးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာပေါင်း ၂၅ ရွာထက်မနည်း ရေကြီးမှုနဲ့ မြေပြိုမှုဒဏ်ကို ကြုံတွေ့နေရပြီး ရွာထဲမှာ အိမ်တွေမြေပိတာ ၊ နေအိမ်ထဲပိတ်မိနေတာ ၊ သေဆုံးသူ ၊ ပျောက်ဆုံးသူတွေ ရှိပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေပါတယ်
” အခုက ရွာတွေထဲပိတ်မိနေတာတွေလည်း ရှိနေတုန်းပဲ ။ သေဆုံးတာတွေရောပဲ ။ တောကျဲဆိုရင် အလောင်းတလောင်း တွေ့တယ်။ ရှစ်ယောက်ပျောက်နေတုန်းပဲ ။ မရှာနိုင်သေးဘူး။ ကူညီရေးတွေလည်း မရောက်သေးဘူး။ လမ်းတွေက ပျက်၊ တံတားတွေက ကြိုး ၊ တောင်တွေက ဆက်တိုက်ပြိုနေတော့ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတယ်။ တရွာနဲ့တရွာ သွားရဖို့က အရမ်းခက်နေတယ်။ ကူညီရေး မရောက်တော့ ရွာသားတွေလည်း ဒုက္ခရောက်တာပေါ့။ တချို့ဆို ခုထိ ထမင်းမစားရသေးတာအထိရှိတယ်။ ” လို့ လောင်းလုံး ဒေသခံက ပြောပါတယ်။
လက်ရှိမှာက ကျေးရွာအနည်းစုကိုသာ လူမှုကူညီရေးအဖွဲ့တွေ ရောက်ရှိကူညီနိုင်ပြီး ကျန်တဲ့ကျေးရွာအများစုကို သွားဖို့အတွက် လမ်းတံတားတွေ ပျက်စီးသွားခြင်း ၊ တောင်တွေဆက်တိုက်ပြိုပြီး လမ်းပိတ်နေခြင်း စတဲ့အခြေအနေကြောင့် ကူညီရေးအဖွဲ့တွေ လမ်းမှာကြန့်ကြာနေပြီး ကူညီကယ်ဆယ်ရေးအပိုင်း ထိထိရောက်ရောက်မလုပ်နိုင်သေးပါဘူး။
ကူညီကယ်ဆယ်ရေးလုပ်ဖို့အတွက် ကရင်ပြည်နယ်က အသင်းအဖွဲ့တွေ ၊ မြိတ် အပါအဝင်စတဲ့ မြို့နယ်တချို့က လူမှုကူညီရေး အသင်းအဖွဲ့တွေ ထားဝယ်ခရိုင်ကို သွားရောက်မှုရှိနေပြီး ကယ်ဆယ်ရေးလုပ်နိုင်ခြင်းတော့ မရှိသေးပါဘူး။
လက်ရှိမှာ လမ်းပိုင်းက မြေတင်ကား ဒါမှမဟုတ် Vigo ကားတွေသာ သွားလာလို့ ရတဲ့အခြေအနေရှိကြောင်း ကူညီကယ်ဆယ်ရေးသွားနေတဲ့ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က အသိပေးထားပါတယ်။
သရက်ချောင်းမြို့နယ်မှာဆိုရင်လည်း ရွာပေါင်း ၂၅ ရွာဖြစ်တဲ့ ပဲဒက် ၊ ကြာအင်း ၊ ကြ က်စာပြင် ၊သူရဲတောင် ၊ ကင်းရှေ့ ၊ စော်ဖျား ၊ ကထီးဝ၊ညောင်ဇင်၊သင်ကျွန်း၊ ဥတ္တူရွာ ၊ မဲနယ်အိုးရွာ ၊ စော်ဖျားရွာ ၊ ညောင်ဇင် ၊ သင်ကျွန်းရွာ ၊ ဝင်းကဖော် ၊ မယ်ကဲ ၊ သဲချောင်းကြီး ၊ကထီးဝ၊ အင်းပြား၊စော်ဖျား၊ မိုးရွှေကုန်း၊ ရှင်မုတ္ထီး ၊ ရောင်းမော် ၊ ရန်တောင် ၊ တီတွတ်ပြင်ရွာ စတဲ့ရွာတွေမှာ ရေကြီးမှု ဆိုးရွားနေလို့ အရေးပေါ် အကူအညီတွေလိုအပ်နေ ပါတယ်။
” သရက်ချောင်းမြို့နယ်မှာ အကူအညီတွေလိုအပ်နေပါတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေ ပိတ်မိနေတာရှိတယ် ။ တချို့ရွာတွေ ရေထပ်တက်တယ်။ ရေ ၆ ပေကနေ ၈ ပေလောက်အထိ တက်လာနေတယ်။ ရွှေ့ပြောင်းဖို့လိုတဲ့သူတွေရှိတယ်။ ချက်ပြုတ်စားသောက်လို့မရတော့တာတွေရှိတယ်။ ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေပါတယ်။စော်ဖျားရွာမှာ အလောင်းတွေ့တယ်သိရတယ်။ ” လို့ သရက်ချောင်းဒေသခံက ပြောပါတယ်။
အလားတူ ထားဝယ်မြို့နယ်မှာလည်း ရေကြီးတဲ့ရပ်ကွက်တွေ ထပ်တိုးလာနေရာ မြို့ပေါ်က ကရပ်ပြင် ၊ ကညုံ ၊ ရှမ္မလည်ဆွဲ ၊ ကြက်စားပြင် ၊ ဘုမ္မော် ၊ ဆန်းချီရပ်ကွက် စတဲ့ ရပ်ကွက်ရှိ လမ်းတချို့မှာ ရေကြီးနေပြီး ဘုမ္မော်ရပ်ကွက်မှာဆိုရင် တထပ်အိမ်တွေ ရေနစ်နေကြောင်း ကျေးရွာဘက်တွေမှာလည်း ရေကြီးနေပြီး အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
ထားဝယ်ခရိုင်မှာ စက်တင်ဘာ ၂၅ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းခြင်း ၊ လေပြင်းတိုက်ခြင်းကြောင့် ၂၆ ရက်မှာ ချောင်းရေတက်ခြင်း ၊ တောင်ကျရေကြောင့် ရေကြီးခြင်း ၊ တောင်ပြိုခြင်းတွေဖြစ်ပြီး ဒေသခံ သောင်းနဲ့ချီပြီး သဘာဝဘေးသင့်ကာ သေဆုံး ၊ ဒဏ်ရာရ ၊ ပျောက်ဆုံးသူတွေ ရှိနေတာဖြစ်ပါတယ်။
အဲဒီ​ဒေသ​တွေမှာ ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့​တွေရှိ​နေတာမို့ လုံခြုံ​ရေးအရလည်း စိတ်မချရတာ​ကြောင့် ​ကယ်ဆယ်​ရေးသမား​တွေမှာ စိုးရိမ်စိတ်ရှိ​နေတယ်လို့လည်းသိရပါတယ်။
ထားဝယ်မြို့မှာ စက်တင်ဘာ ၂၇ ရက်နေ့က မိုးရွာသွန်းမှုဟာ မိုးရေချိန် ၁၁ ဒသမ ၀၂ လက်မ (၂၈၀ မီလီမီတာ) နဲ့ သမိုင်းတလျှောက် အမြင့်ဆုံးမိုးရေချိန် စံချိန်သစ်အဖြစ် ရွာသွန်းခဲ့ပါတယ်။
ဓာတ်ပုံ – CJ /ဇမ္ဗူသီရိ

Related posts

✕
VOM News

FREE
VIEW