အောက်တိုဘာ ၁၃ ၊ ၂၀၂၆
GG (VOM)
အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်ပြီး ဒီရက်ပိုင်းအတွင်းမှာပင် အပူရှပ်သေဆုံးသူနှစ်ယောက် ၊ လေဖြန်းသူ ၊ မူးလဲသူတွေရှိ ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ အောက်တိုဘာ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီလောက်မှာ ရန်ကုန် ဘုရင့်နောင် ကားပစ္စည်းစျေးဝင်းအတွင်း စျေးလာဝယ်တဲ့ အသက် ၆၀ အရွယ် အမျိုးသားတယောက် အပူရှပ်ပြီး လေဖြန်းလို့ အင်းစိန်ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။
အလားတူ ဒီကနေ့ နေ့လယ် ၂ နာရီကျော်ကလည်း တောင်ငူမြို့နယ် ၊ ကံရိုးရွာ ၊ ကွန်ပြူတာ တက္ကသိုလ် ကျောင်းရှေ့မှာလည်း အသက် ၆၀ အရွယ် အမျိုးသားတယောက် အပူရှပ်ပြီး မူးလဲခဲ့တာကြောင့် တောင်ငူဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။
မြေပြင်ကူညီရေးလုပ်ခဲ့တဲ့ တောင်ငူမြို့ T.E.R.T အသင်းဝင်က ” လောလောဆယ် မိသားစုနဲ့တော့ အဆက်သွယ်မရသေးဘူး။ သတိတော့ မမေ့ပေမယ့် စကားပြောနိုင်တာမျိုးမဟုတ်ဘူး။ ခုထိတော့ဆေးရုံမှာ။ ဆရာဝန်ကတော့ အခြေအနေမကောင်းဘူးပြောတယ်။အပူချိန်ပြင်းပြီး မှောက်ရက်ကြီးလဲနေတာ။ကျွန်တော်တို့ရောက်တော့ သူ့ခန္ဓာကိုယ်က ပူနေတာ ဆေးရုံအထိ အပူမကျဘူး ။ ” လို့ ပြောပါတယ်။
မနေ့က အောက်တိုဘာ ၁၂ ရက်နေ့ ၊ နေ့လယ် ၁၁ နာရီလောက် ကလည်း ရန်ကုန် ၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ အသက် ၆၀ အရွယ်ရှိ အမျိုးသားတယောက် အပူရှပ် မှုးလဲပြီး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
အလားတူ မွန်ပြည်နယ်၊ သထုံမြို့မှာလည်း အောက်တိုဘာလ ၇ ရက် နေ့လယ် ၁၁ နာရီလောက်က အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတယောက် နေပူထဲ ဆိုင်ကယ်စီးနေရင်း အပူရှပ်ပြီး သတိမေ့လဲကျ သေဆုံးမှုရှိခဲ့ပါတယ်။
အပူချိန်မြင့်တက်ချိန်မှာ အပူဒဏ်ကြောင့် ခေါင်းမူးခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းကနေ အသက်အန္တရာယ်ထိခိုက်ခြင်းအထိ ဖြစ်ပွားနိုင်တဲ့အတွက် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲထွက်ခြင်း ၊ ပူပြင်းတဲ့ နေရာတွေမှာ အလုပ်လုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊ ပူပြင်းတဲ့နေရာမှ အလွန်အေးတဲ့အခန်းကို ချက်ချင်းဝင်ရောက်ခြင်း ၊ အရက်သောက်ခြင်းတို့ကို ရှောင်ကြဉ်ရန်လည်း အသိပေးထားပါတယ်။
အယ်လ်နီညိုဖြစ်စဉ်က လက်ရှိမှာ အားအလွန်ကောင်းတဲ့အခြေအနေမှာ ဆက်လက်တည်ရှိနေပြီး လာမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – လူမှုကူညီရေးအသင်း
