သူတို့အိမ် အခန်း (၂၄၅)

ဆူးငှက်
ဂီတအရာ ပါရမီရှင်ကြီး နှစ်ဦး
——————— —–
ကျွန်တော်သည် လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ကို ခေါင်းအုံးနဘေးထားကာ အချိန်ရတိုင်းဖတ်သည်။ ဖတ်ပြီး စဉ်းစား တွေးတောစရာ နေရာရောက်လျှင် စာအုပ်ကိုဘေးချပြီး စဉ်းစားသည်။ စိတ်ကူးယဉ်သည်။ စုံထောက်တစ်ယောက်လို ဆက်စပ်ကာ သဲလွန်စ ရှာသည်။ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်က မြို့မငြိမ်း ကဏ္ဍတွင် ဤစာပိုဒ်ကို အကြိမ်ကြိမ် ဖတ်တိုင်း စဉ်းစားစရာတွေ ရလာခဲ့သည်။
“ ဆရာငြိမ်းသည် ဂီတနှင့်ပတ်သက်၍ အလွန်ကြီးကြီးကျယ်ကျယ် စိတ်ကူးထားသူဖြစ်ပါသည်။ သူ့စိတ်ကူးတွင် ဘာတွေရှိသည်ဆိုခြင်းကို သူနှင့် အလွန်ရင်းနှီး ခင်မင်သူများသာလျှင် အနည်းအပါး ရိပ်မိသည်။
ဆရာငြိမ်းက ဂီတတွင် နယ်နိမိတ်မရှိ၊ လူမျိုးမခွဲခြား၊ ကန့်သတ်မှုဟူ၍ မထားအပ်၊ တေးဂီတမှာ လူသားအားလုံးပိုင် ပစ်္စည်းဖြစ်သည်ဟု ယုံသည်။ တချို့လူများက ယုံကြည်သော ဗမာ့(မြန်မာ့)ဆိုင်းဝိုင်း၊ ဗမာ့(မြန်မာ့) စောင်းကောက်လောက် ဗမာ(မြန်မာ)အဖို့ ကောင်းသည့် ပစ်္စည်းများကမှ ဖော်ထုတ်နိုင် သည် ဟူသည်ကို ဆရာငြိမ်းက မယုံကြည်ပေ။ မယုံသည် သာမက ဆရာငြိမ်းက ဂီတသည် အလွန် လေးနက်သည့် သဘောရှိသည်ဟုလည်း ခံယူသူ ဖြစ်သည်။ စာက မဖွဲ့နိုင်သည့် ရင်ဖြင့် ခံစားရမှုကို ဂီတဖြင့် ဖော်လှစ်နိုင်သည်ဆိုခြင်းကို ဆရာ ငြိမ်းက အကြွင်းမဲ့ လက်ခံထားလေသည်။ ထို့ကြောင့် ဗမာ (မြန်မာ)တွေ နားကသာမကပဲ ရင်ဖြင့်ခံစားနိုင်စေမည့် ဂီတမျိုးကို သူက တီးပြချင်သည်။ တီးနိုင်ရန် လူ ၁၅၀၊ ၂၀၀ ပါသည့် တူရိယာပစ်္စည်းစုံ သံစုံတီးဝိုင်းကြီးများ မြန်မာနိုင်ငံတွင် ဖွဲ့နိုင် ချင်သည်။”
(လူထုဒေါ်အမာ၊ ပြည်သူချစ်သော အနုပညာသည်များမှ – ၁၉၆၄ ခု)
ထို့အတူ ၁၉၇၅ခုနှစ်က ထုတ်ဝေသော မြို့မ ရွှေရတု မဂ္ဂဇင်းကိုလည်း အကြိမ်ကြိမ် ဖတ်မိသည်။ ထိုမဂ္ဂဇင်းကို ဖတ်သောအခါ ဆရာတင်ကြီး၏ ဆောင်းပါးထဲက အောက်ပါစာပိုဒ်ကို ဖတ်တိုင်းလည်း စိတ်ကူးယဉ်ကာ အတိတ်ဆီ မှန်းဆ ပုံရိပ်ဖော်မိသည်ချည်း ဖြစ်သည်။
““ … မြို့မအသင်း စတင်တည်ထောင်ပေါ်ပေါက်စ ပင် ယခုတိုင် မြို့မအသင်းသည် အထက်ပါ ဘုံပျံနေနန်း ဆင်ဖိုနီ ပေါ်ပေါက်ရေးကို စိတ်ကူးယဉ်ခဲ့ကြ၊ စိတ်ကူးယဉ်ဆဲ ဖြစ်ပါတယ်။ ဘုံပျံနေနန်း ဆင်ဖိုနီဝိုင်း အဆင့်မမီနိုင်မည့် ကြားကာလမှာ တူရိယာပစ်္စည်း သုံးလေးမျိုး တီးတာကို ပယ်ပြီး ပစ်္စည်းစုံ၊ သံစုံ (တူရိယာစုံ တယော၊ စန်္ဒရား၊ ဘင်ဂျို၊ ထရမ်ပက်၊ ကလယ်ရီနက်၊ ဆက်ဆိုဖုန်း)တွေကို အလှည့်သင့်သလို ဝိုင်းတီး ဝိုင်းမှုတ်တဲ့ ပုံစံနဲ့တီးရင်း ယခု မြို့မတီးတဲ့ ပုံစံဟာ အဲဒီက စလာတာပါ။ အသံလွှင့်ရုံက မြို့မရဲ့သီချင်းကိုလွင့်၊ ဒါ မြို့မပဲဆိုတာ တစ်ထစ် ချပြောနိုင်တယ်။ တီးပုံချင်းက တခြားတီးဝိုင်းတွေနဲ့ မတူတာကို နားထောင်ပြီး ခွဲလို့ရတယ်။ …. ဒါကြောင့် ကျန်ရှိနေသေးတဲ့ အဆက်ဆက် ရှေးဆရာကြီးများ၊ ပြီးတော့ နောက်မှ ထိပ်တန်းကို ရောက်လာပြီး ရောက်ရှိနေဆဲ ဆရာကြီးများနှင့် လူငယ်များ ပူးပေါင်းကြိုးစားကြလျှင် ဘုံပျံနေနန်း ဆင်ဖိုနီတီးဝိုင်းကြီး ပေါ် ထွန်းလာမည်သာ ဖြစ်ပါသည်။
ကျွန်တော်ပြောသလို ကြိုးစားကြရင် တစ်နေ့မှာ ရန်ကုန် (သို့မဟုတ်) မန်္တလေးမှာ အလွန်ခမ်းနားသိုက်မြိုက် လှသည့် အမျိုးသားဇာတ် ရုံကြီးတစ်ရုံတွင် ရွှေရောင်များဖြင့် အလွန်သားနားခံ့ညားသည့် စင်မြင့်ပေါ်မှာ မြန်မာပိုးချိတ် လုံ ချည်၊ မြန်မာ ပိုးတိုက်ပုံအင်္ကျီနှင့် အုပ်ပေါင်းများ ဆင်တူပေါင်း ထားသည့် မြန်မာအတီးအမှုတ်ဆရာများက ရွှေရောင် တဖိတ် ဖိတ်တောက်နေတဲ့ တူရိယာပစ်္စည်းများဖြင့် မြန်မာလုပ်သား ပြည်သူများ၊ နိုင်ငံခြားဧည့်သည်များကို ဖြေဖျော်တင်ဆက်နေ သည့် ဆင်ဖိုနီတီးဝိုင်းကြီးကို မြင်ယောင်မိပါသည်။ မြင်လို ပါသည်။””
(ဓားတန်း ဦးသန့်၏ ပြောကြားချက်၊ တင်ကြီး-ဘုံပျံနေနန်း ဆောင်းပါး – မြို့မ နှစ် ၅၀ ရွှေရတုစာစောင် ၁၉၇၉ ခု)
တကယ်တော့ အထက်ဖော်ပြပါ ဂီတပါရမီရှင်ကြီး ၂ဦး၏ အရည်အချင်း အမြော်မမြင်များဖြင့် တူရိယာ အသင်းတစ်သင်း ဖွဲ့စည်းခဲ့သည်။ သည်အကြောင်းအရာများကို အခြေခံပြီး အသင်းကို ဖွဲ့စည်းရာတွင် တကယ့်ပညာရှင်များ ဖြစ်သောကြောင့် ရေရှည်အတွက် မျှော်လင့်မှုတွေ ခိုင်မာခဲ့သည်။ သူတို့ ဖြစ်စေချင်သည့် အသင်း၏ ပုံစံက သည်လိုတဲ့လေ။
ရေရှည် တည်တံ့မှုကို ရှေ့ရှု သောကြောင့်
—————————————-
အသင်းကို စတင် တည်ထောင်သောအခါ “နေပြည်တော်”၊ “ရတနာပုံ” စသော နာမည်များ ပေးကြသော်လည်း ကိုဘငြိမ်း(မြို့မငြိမ်း)က “မြို့မ ဗုဒ္ဓဝေယျာဝစ္စ တူရိယာအသင်း” ဟု အမည်ပေးခဲ့သည်။ အသင်း စတင် တည်ထောင် သူများမှာ ခေတ်ပညာတတ် ဝါသနာရှင် လူငယ်လေးများ ဖြစ်သဖြင့် အမြော်အမြင်ရှိစွာ ရေရှည် တည်တံ့မှုကို ရှေ့ရှု သောကြောင့် ၁၉၂၈ ခုနှစ်တွင် “စည်းမျဉ်းဥပဒေ” ရေးဆွဲခဲ့ကြသည်။ အသင်း၏ အဓိက ကျသော ရည်ရွယ်ချက် ကိုလည်း စနစ်တကျ အတည်ပြု ပြဋ္ဌာန်း နိုင်ခဲ့ပြီး တရားဝင် အမည်အဖြစ် “မြို့မတူရိယာအသင်း” ဟု ခေါ်တွင်စေကာ အသင်းတံဆိပ် ကိုလည်း သတ်မှတ်ခဲ့သည်။ အသင်း၏ ရည်ရွယ်ချက်များမှာ
(က) မြန်မာသီချင်းကြီးများဆည်းပူးပြန့်ပွားရေး၊
(ခ) ကမ္ဘာသုံးတူရိယာများလေ့လာသင်ကြားတတ်မြောက်ရေး၊
(ဂ) Music Note အမှတ်အသားပညာဖြင့် ရေးထားသောတူရိယာပညာကိုဆည်းပူးလေ့လာရန်၊
(ဃ) ကမ္ဘာ့ခေတ်မီ တူရိယာတီးဝိုင်းကြီး ဖြစ်မြောက်ရေး၊
(င) ရှေးမြန်မာသီချင်းကြီးများကို ကျွမ်းကျင်သူများနှင့် ညှိနှိုင်း၍ ကမ္ဘာသုံးဖြစ်သော Music Note ပညာဖြင့် ကူးပြောင်းရေးသားလေ့လာရန်၊
(စ) မြန်မာနိုင်ငံတော်အတွင်း တူရိယာအသင်းများက ဆက်သွယ် လာပါလျှင် တတ်အားသမျှ အားပေး ကူညီရန်။ ဟူသည့် အချက်များ ဖြစ်သည်။ ဤ ဥပဒေစည်းမျဉ်းသည် အမြော်အမြင် တစ်ခုနှင့်အတူ သူ့ခေတ် သူ့အခါအလျောက် အင်မတန် စံနစ်ကျခဲ့သည်။
စစ်ကြီးအပြီး “ပြည်တော်ဝင်”နှင့်
————————————
အသင်း၏ ရည်ရွယ်ချက်များကို အကျစ်လျစ်ဆုံး၊ အမှန်ကန်ဆုံး ရေးဆွဲ ထုတ်ပြန်ရာတွင် အနှစ်ချုပ်မှာ မြန်မာဂီတ၏ အနှစ်သာရကို မပစ်ပယ်ဘဲ ကမ္ဘာ့အဆင့်ဂီတ ဖြစ်ရေး ပင် ဖြစ်သည်။ ထိုရည်ရွယ်ချက်ကို အကောင်အထည် ဖော်ရမည့် အလုပ်အမှုဆောင် အဖွဲ့၊ အသင်းသား၊ အသင်း လုပ်ထုံး လုပ်နည်းများကို စည်းမျဉ်း စည်းကမ်း အဖြစ် လိုအပ်သည့်အခါ မူရင်း ရည်ရွယ်ချက်ကို မတိမ်းစောင်းစေဘဲ အများသဘောတူ ဖြည့်စွက် ရေးဆွဲ၍ အမှုဆောင် အဆက်ဆက် လိုက်နာခဲ့ကြသည်။
အဆိုပါ ‘ဥပဒေစည်းမျဉ်း’မှာ အသင်း ရည်ရွယ်ချက်အတိုင်း မမှိတ်မသုန် စုစည်း ညီညွတ်စေခြင်းကို ဖော်ဆောင်ခဲ့ရုံ သာမက အသင်းသား တစ်ဦးချင်းစီ အနေနှင့်ရော၊ အသင်းအနေနှင့်ရော အသင်းကို ခုတုံး လုပ်ပြီး စီးပွားရေးသဘော ပြုမူဆောင်ရွက် ခြင်းမရှိအောင်လည်း ကြပ်မတ်ခဲ့သည်။ ဖော်ပြပါ အချက်များကို မျက်ခြည်မပြတ် ဦးထိပ်ထားပြီး ‘စည်းမျဉ်းဥပဒေ’ပါ လုပ်ထုံးလုပ်နည်းများအတိုင်း နာယကကြီးများ အသင်းသား အမှုဆောင်များ၊ ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်ခဲ့ကြ၍ ဒုတိယကမ္ဘာစစ်ကြီးကြောင့် ထွက်ပြေး တိမ်းရှောင်၊ တစ်ကွဲတစ်ပြား ဖြစ်နေချိန်မှာပင်၊ စစ်ကြီးအပြီး “ပြည်တော်ဝင်”နှင့် ညီညီညွတ်ညွတ် မပျက်မစီး စုစည်း ညီညွတ်ခဲ့ခြင်က သက်သေ သာဓက ဖြစ်သည်။
ထို့နောက်ပိုင်း အသင်းကို ဆက်လက်ထိန်းကွပ် တည့်မတ်စေရန် ၁၉၂၈ခုနှစ်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံကို ကာလ ဒေသနှင့် လျော်ညီစေရန် မူလရည်ရွယ်ချက် မပျောက်ပျက်စေဘဲ ဖြည့်စွက် ပြုပြင် ရေးဆွဲခဲ့သည်မှာ ၁၉၉၆ခုနှစ်အထိ ၄ကြိမ်တိုင်ခဲ့သည်။ သို့သော် …….
နှမြော တသ လွမ်းဆွတ်စိတ်ဖြင့်
—————————-
မြန်မာ့ဂီတ၏ အဖိုးတန် သယံသဇာတများကို ကမ်္ဘာ့ “နား” သို့ ရောက်အောင် ကနဦးလမ်းဖောက်ခဲ့ကြသည့် ပုံရိပ်များနှင့် အတူ “အစဉ်အလာနှင့် တီထွင်မှု” အချိုးညီပေါင်းစပ်ပြီး “ကမ်္ဘာ ကြည့်” ဂီတအဖြစ် ကြိုးပမ်းခဲ့ကြခြင်းအား ပြန်လှန်တွေးကြည့် မိ လေတိုင်း ပီတိသောမနဿဖြစ်ခြင်း အမြုတေများ စုစည်းဖန် များ လာသောအခါ ….။
“မဟာဂီတ ဆည်းပူး၊ ကမ်္ဘာသုံး တူရိယာ သင်ကြား၊ ကမ်္ဘာ့ နှလုံးသားသို့ပို့” ဟူသော အုတ်မြစ်အခြေခံကာ “လက်ခုပ်ဖြင့်ဖြစ်စေ ကိုယ်တိုင်ပါဝင်” ဟူ၍ စုစည်း၊ ခိုင်မာခဲ့၊ ခိုင်မာဆဲဖြစ်သော မန်္တ လေးမြို့မှ သက်တော်ရှည် တူရိယာအသင်းကြီး၏ အတိတ်က ဝိုး တဝါးပုံရိပ်များကို စိတ်ကူးဆက်စပ်ကြည့်မိခြင်း မည်ပါ၏။
ထိုအခါ တကယ်လှုပ်ရှားပါဝင်ခဲ့သော အာဂပုဂ်္ဂိုလ် အနု ပညာရှင်၊ ပါရမီရှင်ကြီးများနှင့်အတူ ထို…ထို ပုဂ်္ဂိုလ်ကြီးများ၏ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ သင်းပင်းစိတ်ဓာတ်၊ မြင်ကွင်းကျယ် ဂီတအမြင်တို့ကို ကိုယ်စားပြုသော စိတ်ကူးဇာတ်ကောင်များဖြင့်သာ ဖွဲ့စည်းခဲ့ကြောင်း ဝန်ခံပါသည်။ တကယ်တော့ မြို့မ၏ ကနဦးအစနှင့် ရည်ရွယ်ချက် အလုပ်အကိုင် ဖြတ်သန်းမှု အတိမ်အနက်ကို စာတွေ့သာ သိရှိခဲ့ရပြီး မျက်တွေ့အနေနှင့်မူ မြို့မငြိမ်း ကွယ်လွန်ပြီးသော အခါ၊ ဓားတန်းဦးသန့်ကလည်း အသက်အရွယ်ကြီးရင့်ချိန် ကမ္မဋ္ဌာန်း ဝိပဿနာ အလုပ်ကိုပဲ ဦးစိုက် ကျင့်ကြံ အားထုတ် နေသောအခါမှသာ ကျွန်တော် က မြို့မတူရိယာအသင်းကို မြင်တွေ့ရခြင်း ဖြစ်သည်။ ထိုအခါ နှမြော တသ လွမ်းဆွတ်စိတ်ဖြင့် တိမ်ယံအိပ်မက် မိုးထက်နရီကို မြို့မ စတင်ထူထောင်ရန် ကြိုးပမ်းသည့် ၁၉၂၀ ကျော်ကာလမှ မြို့မငြိမ်း ကွယ်လွန်ပြီးနောက် ၁၉၆၀ကျော် ကာလအထိပဲ ဇာတ်အိမ်ဖွဲ့ ရေးသားခြင်း ဖြစ်ပါ၏။
လင်းလွန်းခင်စာပေက စာအုပ်ထုတ်တယ်
——————————————-
ပြောခဲ့သလိုပါပဲ၊ “တိမ်ယံအိပ်မက် မိုးထက်နရီ” သည် ဆရာဦးဝင်းငြိမ်း ၏ ရွှေအမြုတေမဂ္ဂဇင်းတွင် အခန်းဆက် ဝတ္ထုရှည်အဖြစ် ၂၀၀၆ခုနှစ် ဇူလိုင်လမှ ၂၀၀၇ခုနှစ် မေလအထိ ၁၁လ ဖော်ပြ ပါရှိခဲ့သည်။ ပရိသတ်က လစဉ်စောင့်ဖတ်ကာ သည်းသည်းလှုပ် အားပေးခဲ့သည့် ဝတ္ထု မဟုတ်သော်ငြား တပ်မက်သော လူနည်းစုက စောင့်ဖတ် အကဲဖြတ်ခဲ့ကြသောကြောင့် “တိမ်ယံအိပ်မက် မိုးထက်နရီ” သည် ၂၀၀၆ခုနှစ် အတွက် ရွှေအမြုတေစာပေဆု (အခန်းဆက် ဝတ္ထုရှည်) ကို ရရှိခဲ့သည်။ ထို့နောက် ထိုအခန်းဆက် ဝတ္ထုရှည် စတင်ပါရှိကတည်းက စိတ်ဝင်စားစွာ စောင့်စားဖတ်ရှုခဲ့ကြသည် စာရေးဆရာ ကြည်ရွန်းနှင့် လင်းလွန်းခင် စာပေ ဦးသိန်းလွင်တို့က လင်းလွန်းခင် စာပေအနေဖြင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် လုံးချင်းဝတ္ထုရှည်အဖြစ် ထုတ်ဝေလိုက်သည်။
ကံလေးက ကိုယ့်ဘက် ယိမ်းလာသောအခါ ထိုစာအုပ်က ၂၀၀၇ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုရှည်) ကို ထပ်မံရရှိခဲ့ပါသည်။ ထိုစဉ်ကာလ ၂၀၀၇ ခုနှစ်မှာ ရသည့် ဆုမို့ “ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား” ဖြစ်ခဲ့ရသည်ကလည်း အမှတ်တရ ဖြစ်သည်။ ကိုင်း.. ဆုရလို့တဲ့ ပြည်ပ မီဒီယာတွေက မေးကြတော့ ကျွန်တော် ဘယ်လို ဖြေရမလဲလေ။
လင်းလွန်းခင်နှင့် ကျွန်တော်
——————————
ရွှေအမြုတေမဂ္ဂဇင်း က ကျွန်တော့် အခန်းဆက်ဝတ္ထုရှည်ကို လုံးချင်းဝတ္ထုရှည် စာအုပ် ထုတ်ဝေသူမှာ ဦးသိန်းလွင်(ကျောက်ပုထိုး) ဖြစ်သည်။ သူက ဂီတကို ဝါသနာပါရုံမက ကိုယ်တိုင်လည်း အဆိုတော် တစ်ဦးဖြစ်သည်။ အဆိုတော်ကြီး မာမာအေး ၏ အဆိုသင်တန်းဆင်း တစ်ဦးဖြစ်ပြီး မြန်မာ့အသံ၏ ဓာတ်ပြားရ အဆိုတော်လည်း ဖြစ်သည်။ ဦးသိန်လွင်က သတ္တုတွင်း အင်ဂျင်နီယာတစ်ဦး ဖြစ်၍ ကောလင်းကျောက်ပုထိုးရွှေစက်ရုံတွင် စက်ရုံမှူး တာဝန်ယူခဲ့သည်။ စက်ရုံတွင် တာဝန်ယူစဉ် စာပေဟောပြောပွဲများလည်း ဦးဆောင် ကျင်းပခဲ့ရာ စာရေးဆရာများဖြစ်သော ကံချွန်၊ နေဝင်းမြင့်၊ ညိုထွန်းလူတို့ကို စာပေဟောပြောပွဲ ဖိတ်ကြားခဲ့သည်။
ဤသည်မှ စ၍ မန္တလေးစာရေးဆရာများနှင့် ရင်းနှီးကျွမ်းဝင် သွားတော့သည်။ နဂိုကတည်းက ဂီတဝါသနာ ပါသူဆိုတော့ မန္တလေးရောက်တာနှင့် မြန်မာမှု ဂီတဝိုင်းများဆီ ကျွန်တော်တို့ကို ခေါ်ယူ ဧည့်ခံပြီး သူက အဖွင့်အဖြစ် စည်တော်ကြီးကို သီဆိုကာ ကျွန်တော်တို့ တတွေက စစ်ကိုင်းတောင်မှာ လူချွန်လူကောင်းတွေ လက်ရည် တပြင်တည်း ပြီး ပြည်တော်ဝင်ကြတော့သည်။ သူက စက်ရုံတာဝန်က အငြိမ်းစားယူပြိးနောက် ဝါသနာပါသည့် စာပေလုပ်ငန်းကို စောက်ချ လုပ်ကိုင်ရန် လင်းလွန်းခင် စာပေကို တည်ထောင်ပြီး ရန်ကုန်မှာပဲ အခြေချတော့၏။ ထိုအခါ သူနှင့်က ဝါသနာတူ အကျင့်တမို့ ဂီတနောက်ခံ ကျွန်တော့် “တိမ်ယံအိပ်မက်” ကို သူ မျက်စေ့ကျပြီး လင်းလွန်းခင်စာပေက ထုတ်ဝေလိုက်သည်လေ။ သည်တွင် ကံလေးက ကိုယ့်ဘက်ပါပြီး “တိမ်ယံအိပ်မက်” က အမျိုးသားစာပေဆု (ဝတ္ထုရှည်) ကို ရရှိလိုက်ခြင်း ဖြစ်သည်။
အမျိုးသားစာပေဆု ရတာ ဘယ်လို ခံစားရလဲ
————————————————–
ကျွန်တော်ကလည်း ကိုရီးယားဇာတ်လမ်းတွဲတွေ၊ တရုတ်ဇာတ်လမ်းတွဲတွေကို ကြည့်လေ့မရှိသည့် အပြင် ည ၇နာရီကျော် ကတည်းက ဓာတ်ခဲ ထရန်စစ်စတာ ရေဒီယိုလေးနှင့် ပြည်ပ အသံလွှင့်ဌာနအသီးသီက မြန်မာ သတင်းတွေကိုပဲ နားထောင် ဖြစ်နေတော့ မြန်မာတီဗွီ အစီအစဉ်တွေ မကြည့်ဖြစ်ပေ။ ထို့ကြောင့် MRTV က ၈နာရီ သတင်းတွင် အမျိုးသားစာပေဆု ကြေညာသွားသည်ကိုလည်း မသိလိုက်ပေ။ နောက်နေ့မနက်မှ တူမဖြစ်သူက လှမ်းပြောသည်။ သို့သော် အသေးစိတ်မသိရသေးပေ။ နောက်နေ့မနက် ကျွန်တော်တာဝန်ယူထားသည့် မီဒီယာရုံးခန်းသို့ အသွား ကျုံးနဘေးရောက်တော့ ကျွန်တော့်ဖုန်းက အသံမြည်လာလို့ လမ်းဘေးရပ်ပြီး ကြည့်လိုက်တော့ ဖုန်းနံပတ် ဂဏန်းတွေက အရှည်ကြီးဖြစ်နေ၏။ (သည်အချိန်မှာ ကြံတိုင်းအောင် ကိုအောင်မင်းထံ အပ်ထားသော ကျွန်တော့် ဖုန်းလေးကို ပြန်ယူထားပြီးပါပြီ)။
လာသည့်ဖုန်းက ပြည်ပရောက် ဧရာဝတီ သတင်းဌာန ကတဲ့။ သူက ဆရာဆူးငှက်ရဲ့ စာအုပ် အမျိုးသားစာပေဆု ချီးမြှင့်ခံရတော့ ခံစားမှုလေး သိပါရစေတဲ့။ ဗုဒ္ဓေါ.. ဟာ… ကျွန်တော်ဖြင့် ပြောမပြ တတ်အောင် ဝမ်းသာလိုက်တာဗျာ၊ ဟိုလေ.. ရင်ခုန်လွန်းလို့ ဘယ်လိုပြောရမှန်းတောင် မသိပါဘူးနော် ဟု ဖြေလိုက်လျှင်လည်း (ထိုကာလက) ဝိုင်း၍ ဆဲကြမှာမလွဲပေ။ သည်လိုမှ မဟုတ်၊ ဟုတ်လား၊ ကျွန်တော်မသိဘူးဗျ၊ သူတို့ပေးတဲ့ အမျိုးသားစာပေဆုကို ကျွန်တော် အယုံအကြည် မရှိပါဘူး။ လက်လည်းမခံပါဘူး၊ ယူဖို့ အစီအစဉ်လည်း မရှိပါဘူးဟု ဆိုပြန်လျှင်လည်း အနောက် ၂၆ဘီလမ်းနှင့် ၆၆လမ်းထောင့် အရောက်မှာပင် ရုံးလည်းမရောက်၊ အိမ်လည်း ပြန်မရောက် နှစ်ပေါင်းလရှည် ဖြစ်ရချေတော့မည်။
ပရိသတ်အကြိုက်နှင့် ထပ်တူကျလို့
————————————-
သည်တော့ ဘယ်လို ပြန်ဖြေရပါ့၊ တဖက်ကလည်း တလေးတစား မေးနေတာလေ။ သည်တော့ “ဒီဝတ္ထုရှည်က ရွှေအမြုတေ မဂ္ဂဇင်းမှာ အခန်းဆက်အဖြစ် ၁၁လတိုင် ဖော်ပြခဲ့တဲ့ ဝတ္ထုရှည်ပါ။ ဖော်ပြစဉ် ကာလကလည်း ပရိသတ်က အားပေးခဲ့ပါတယ်။ ဒီအခန်းဆက် ဝတ္ထုရှည်ကို လုံးချင်းအဖြစ် ထုတ်ဝေတော့လည်း ပရိသတ်က ကြိုက်နှစ်သက်ကြ ပါတယ်။ အခု ဒီစာအုပ်ကို ဆုချီးမြှင့်တော့ ပရိသတ်အကြိုက်နဲ့ ထပ်တူထပ်မျှမို့ ဝမ်းသာပါတယ်” ဟုပဲ တိုတိုတုတ်တုတ် ဖြေလိုက်သည်။ သည်စကားလုံးလေး ဖြေရတာပင် ချွေးပြန်လှသည်။ ဟုတ်သည် စာဖတ် ပရိသတ်ကလည်း ကြိုက်နှစ်သက်သည့် ဝတ္ထုမို့ ဆုရတာက လိပ်ပြာလုံသည်လေ။ သည်အဖြေက ဧရာဝတီသတင်းဌာန ဝက်ဆိုဒ်က ချက်ချင်းတက်သွားပုံ ရသည်။ ရုံရောက်လို့ ကိုယ့်စာပွဲ မထိုင်ရသေး၊ ရန်ကုန်ရုံးချု့ပ်က ကျွန်တော့်ထံ ဖုန်းဆက်ကာ ပြည်ပသတင်ဌာနများနှင့် ဆက်သွယ်ခြင်းကြောင့် ဝမ်နင် အပေးခံရတော့၏။ အမှတ်တရပါပဲလေ။
ကျွန်တော် ပြောခဲ့သလိုပါပဲ။ ကျွန်တော်ဆုရသည့် စာအုပ်အပေါ် လိပ်ပြာလုံရုံမက ကျွန်တော်က ကိုယ့်စာအုပ်အကြောင်း ဘာ နိုင်ငံရေးပယောဂမှ မပါဘဲ ကိုယ်ပြောတာမို့ ဧရာဝတီ သတင်းဌာနက စာအုပ်နှင့် ပတ်သက်ပြီး ကျွန်တော့်ကို မေးမြန်း အင်တာဗျူးသောအခါ အောက်ပါအတိုင်း အပြည့်အစုံ ဖြေလိုက်ပါသည်။
ဆူးငှက်နှင့် အင်တာဗျူး
—————————
မေး။ ။ ဆရာဒီဆုကိုဘာကြောင့် ရတယ်လို့ ထင်ပါသလဲ ။
ဖြေ။ ။ နည်းနည်းဖြေရခက်မယ် ထင်တယ်ဗျ၊ (ရယ်လျှက်) ၊ အဓိကကတော့ ယဉ်ကျေးမှုနဲ့ ပတ်သက်တာပါပဲ၊ အမျိုးသားယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ကိစ္စပါ။ ဝတ္ထုက မန္တလေးမြို့မှာ စစ်ကြီးပြီးတဲ့ နောက်ပိုင်း ရတနာပုံခေတ်တုန်းက ထွန်းကားခဲ့တဲ့ ရိုးရာ ဂီတတွေနဲ့ စစ်ကြီးအပြီးမှာ နိုင်ငံခြားက ဝင်ရောက်လာတဲ့ အနောက် ဂီတတွေပေါ့ဗျာ၊ အနောက်တိုင်းတူရိယာတွေ၊ အဲဒါတွနဲ့ အဲဒါကိုဘယ်လိုပေါင်းစပ်ကြသလဲပေါ့ဗျာ၊ ဆရာ မြို့မငြိမ်းတို့ ဓားတန်းဦးသန့် တို့လို အဲဒီခေတ်က ခေတ်ပညာတတ် လူငယ်တွေကနေတလျှောက်လုံးက မြန်မာ့ မဟာဂီတနဲ့ အရိုးစွဲလာခဲ့ကြတဲ့ အဲဒီသီချင်းတွေ အဲဒီတီးလုံးတွေကိုပဲအဲဒီအချိန်မှာရောက်လာတဲ့ အနောက်တိုင်းတူရိယာ ပစ္စည်းတွေနဲ့ တီထွင် ပြီးတော့ တီးကြမှုတ်ကြပြီးတော့ လူတွေကြားရောက်သွားအောင် သူတို့ အခက်အခဲတွေနဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ အဲဒါကို ဇာတ်အိမ်ဖွဲ့ ရေးထားတာပါ၊ အဲဒါကြောင့်လို့ ထင်ပါတယ်။
မေး။ ။ အခုဆုရတဲ့ ဝတ္ထု အမည်ကိုဘာဖြစ်လို့ တိမ်ယံအိပ်မက် မိုးထက်နရီလို့ ပေးရတာပါလဲ။
ဖြေ။ ။ ဝတ္ထု အမည် တိမ်ယံအိပ်မက် မိုးထက်နရီလို့ ပေးထားတာက လူငယ်တွေမှာ များသောအားဖြင့် စိတ်ကူးစိတ်သန်း ပေါ့၊ အဲဒီအိပ်မက်ဟာ သိပ်ပြီး မြင့်မားတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်မှာ အနောက်နိုင်ငံတွေမှာ ဆင်ဖိုနီ အော်ခက်စ်ထရာ ဝိုင်းကြီးတွေ ပေါ်နေပြီ၊ ထူးထူးခြားခြားကိုပေါ်နေပြီ၊ ပေါ်နေတဲ့ အချိန်မှာ မြန်မာမှာတော့ မရှိသေးဘူး။
အဲဒီတော့ သူတို့ရဲ့ အိမ်မက်ကဒီဗမာမှာရှိထားတဲ့ မဟာဂီတမှာလာတဲ့ အဖိုးတန်တဲ့ တေးသွားတွေကို အဲဒီလို အနောက်တိုင်းတူရိယာပစ္စည်းကြီးတွေနဲ့ ဆင်ဖိုနီ ဝိုင်းကြီးတွေ လုပ်ပြမယ်ဆိုတဲ့ အိပ်မက်ပေါ့၊ အဲဒါ မြင့်မားတာမို့လို့ တိမ်ယံအိပ်မက်လို့ သုံးတာ၊ မိုးထက် နရီဆိုတာကတော့ အဲဒီအိပ်မက်ကိုဘယ်လို အကောင်အထည် ဖော်မလဲပေါ့၊ အကောင် အထည်ဖော်တဲ့ နေရာမှာ နရီဆိုတာ ဘာကိုပြောလဲဆိုတော့ မြန်မာ့ဂီတမှာ စည်းဝါးမှာ သုံးတဲ့ အသုံးပေါ့၊ နရီတို့ ဝါးလတ်တို့ ဝါးပြေးတို့ ၊ နရီဆိုတာအရိုးဆုံးနဲ့ ဖြည်းဖြည်း မှန်မှန်နဲ့ စည်းစနစ် အကျဆုံးပေါ့ဗျာ။ အဲဒီလိုသူတို့ ရဲ့အိပ်မက်ကို အကောင်အထည် ဖော်တဲ့ အခါမှာ အရိုးသားဆုံးနဲ့ စည်းစနစ် အမှန်ဆုံး၊ နောက် ဣန္ဒြေရရ ဒီဟာကို အကောင်အထည် ဖော်သွားကြတယ်၊ အဲဒါပါပဲ။
မေး။ ။ ဆရာ ဒီဝတ္ထုကိုဘာကြောင့် ရေးဖြစ်တာလဲဆိုတာပြောပေးပါဦး။
ဖြေ ။ ။ ဘာကြောင့်ရေးဖြစ်တာလဲ ဆိုတော့ ဒီနေ့အထိယဉ်ကျေးမှုရဲ့ အချိုးအကွေ့တိုင်းအချိုးအကွေ့တိုင်းမှာ ကျနော် တို့ ဘက်မှာ ကိုယ်ခံအားကောင်းတဲ့ ယဉ်ကျေးမှုတွေ အများကြီးရှိခဲ့တယ်ဗျ။ ပျူခေတ် ကတည်းကပေါ့ဗျာ၊ ဒါကို အဓိပ္ပာယ်ရှိစွာ အမြော်အမြင်ကြီးစွာနဲ့ ပေါင်းစပ်နိုင်တယ်ပေါ့ဗျာ၊ ခေတ်ကာလ အချိန်မှာလည်း အဘက်ဘက်က မီဒီယာ အားကောင်း တာရော နည်းစစ် နည်းပညာတွေ အားကောင်းတာရော ၊ ဒီလို အားကောင်းနေတဲ့ အချိန်မှာ ဒီထက်မက ပေါင်းစပ်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိတယ်။
ကျနော်တို့ အဲဒါကိုဒီနေ့ လူငယ်တွေဟာသူတို့နဲ့ အနီးစပ်ဆုံးခေတ် ကမ္ဘာမှာဂျက်ဇ် ထွန်းကားနေတဲ့ အချိန်၊ တဘက်ကလည်းကလပ်စစ် တွေနဲ့ ဆင်ဖိုနီ ဝိုင်းကြီးတွေ တအား ထွန်းကားနေတဲ့ အချိန်၊ ဒီမှာမြန်မာ ဆိုင်းဝိုင်းနဲ့ မြန်မာတူရိယာပစ္စည်းနဲ့ ရှိနေတဲ့ ကာလ၊ သူတို့နဲ့ ခေတ်လူငယ်တွေနဲ့ အနီးစပ်ဆုံး နောက်ကြောင်း ပြန်လိုက်တဲ့အခါမှာ အဲဒီကာလက အနီးစပ်ဆုံးကိုဗျာ။ အဲဒီကာလက ၁၉၂၅ မှ သည် ၁၉၅၀ ကျော် ၁၉၆၀ ဝန်းကျင်ကာလ အတွင်း ကြိုးစားခဲ့ကြတဲ့ ကိစ္စတွေကို ကျနော် ရေးဖြစ်တာပါ၊ အဲဒါကို ကျနော် ဉာဏ်စွမ်းရှိသလောက် မန္တလေးက မြို့မ တူရိယာအသင်းကြီးကို အခြေခံပြီး ဆရာငြိမ်း(မြို့မငြိမ်း)တို့၊ ဆရာသန့်(ဓားတန်းဦးသန့်)တို့ ဘယ်လို လုပ်ခဲ့ကြသလဲ ဆိုတာကို ကျနော် လက်လှမ်းမီသရွေ့ ဝတ္ထုပုံစံမျိုးဖွဲ့ပြီးတော့ အသိပေးတဲ့ သဘောပါပဲ။ ဒီစာအုပ်က မနှစ်က(၂၀၀၇ခု) သြဂုတ်၊ စက်တင်ဘာလောက်က ထွက်တာပါ၊ စာအုပ် မထွက်ခင် ရွှေအမြုတေမဂ္ဂဇင်းမှာ အခန်းဆက် အနေနဲ့ ကျနော် ၁၁ လ ရေးခဲ့ပါတယ်၊ မနှစ်က ရွှေအမြုတေရဲ့ အကြိုက်ဆုံး ဝတ္ထုရှည် ဆုကိုလည်း ပေးခဲ့ဖူးပါတယ်။
မေး။ ။ နောက်ဆုံးတခုမေးပါရစေ၊ အခုဆုရတဲ့ အပေါ်မှာဆရာ့ခံစားမှုကိုပြောပြပေးပါ။
ဖြေ။ ။ ဝမ်းသာပါတယ်ဗျာ ၊ ဘာပဲပြောပြောကျနော့်ကိုတကယ်တမ်းဆူးငှက်အနေနဲ့ ဖြစ်သွားအောင် ပြုစုပျိုးထောင် ပေးခဲ့တာက လူထုဒေါ်အမာကိုဗျ၊ ဒါပေမယ့်ဗျာ မနက်ဖြန်ဆိုရင် ဒေါ်ဒေါ်က ၉၃ နှစ် ပြည့်ပြီ၊ ဒီအချိန်မှာ ဒေါ်ဒေါ် မရှိတော့ဘူး၊ အဲဒီအတွက်ကတော့ စိတ်မကောင်းဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဝတ္ထုကို သူဖတ်ပြီးတော့ သူကိုယ်တိုင် ကျနော့်ကိုခေါ်ပြီးတော့ ဝမ်းသာ စကားပြောဖူးတယ်၊ သူရေးစေချင်တဲ့ အကြောင်းအရာတွေကို၊ အဲဒါပါပဲ။
ဆူးငှက်

Related posts

✕
VOM News

FREE
VIEW