ဒေလီ၊ ဇွန်-၁၃-၂၀၁၉
မျိုးဆက် (VOM)
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဘီဟာပြည်နယ်ရှိ မူဇာဖာပါဒေသမှာ လိုင်ချီးသီးစားသုံးတာနဲ့ ဆက်နွယ်နေတယ်လို့ ယူဆရတဲ့ ဦးနှောက်ယောင်ရောဂါတစ်မျိုးကြောင့် ကလေးငယ် ၅၃ ဦးထက်မနည်းသေဆုံးသွားပြီး ဒါဇင်ပေါင်းများစွာ ဆေးရုံတင်ထားရပါတယ်။
အိန္ဒိယနိုင်ငံမှာ ချမ်ကီဘူခါလို့ ခေါ်ဝေါ်တဲ့ ပြင်းထန်တဲ့ ဦးနှောက်ယောင်ရောဂါဟာ လိုင်ချီးသီးမှာ ပါဝင်တဲ့ အဆိပ်သင့်စေတဲ့ ဓါတ်တစ်မျိုးနဲ့ ဆက်နွယ်ဖြစ်ပွားတဲ့ ဦးနှောက်ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာတွေကတော့ ဖျားနာခြင်း၊ အော့အန်ခြင်း နဲ့ သတိလစ်မေ့မြောခြင်းတို့ဖြစ်ပါတယ်။
မူဇာဖာပါဒေသဟာ အိန္ဒိယရှိ လိုင်ချီးအဓိက စိုက်ပျိုးရာနေရာဖြစ်ပြီး ကလေးငယ်တွေသေဆုံးခဲ့တဲ့ အဲဒီဒေသမှာ အလားတူရောဂါလက္ခဏာများဖြစ်ပွားတာကြောင့် နောက်ထပ် ကလေးငယ် ၄၀ ကျော်ကိုလည်း အထူးကြပ်မတ် ကုသပေးနေရပါတယ်။
၂၀၁၄ ခုနှစ်ကလည်း အဲဒီဒေသအတွင်း ဖျားနာပြီး လူ ၁၅၀ ဦးသေဆုံးပြီးနောက် လိုင်ချီးစားသုံးမှုနဲ့ ဦးနှောက်ယောင်ပြီး သေဆုံးမှုအကြား ဆက်နွယ်မှုတစ်ခုကို လန်စက်လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးသုတေသနအဖွဲ့ က တွေ့ရှိခဲ့ပါတယ်။
လိုင်ချီးသီးမှာ အသီးရဲ့ ရင့်မှည့်တဲ့ အနေအထား၊ စားသုံးတဲ့ ပမာဏနဲ့ ကလေးငယ်တွေရဲ့ အာဟာရဆိုင်ရာ အခြေအနေပေါ်မူတည်ပြီး ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ် စနစ်ကိုနှောက်ယှက်နိုင်တဲ့ ပုံမှန်မဟုတ်တဲ့ အမိုင်နိုအက်ဆစ်တွေ ပါဝင်နေတယ်လို့ဆိုပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်တွေနဲ့ ဆေးရုံတက်နေကြတဲ့ ကလေးငယ်တွေဟာ ကြွေကျနေတဲ့ လိုင်ချီးသီးတွေကို စားသုံးပြီး ညအချိန်မှာ အစာမစားဘဲ အိပ်ခဲ့ကြသူတွေဖြစ်တယ်လို့ ဘာဟာပြည်နယ် ၀န်ကြီးချုပ် နီတစ်ရှ်ကူးမားက ပြောပါတယ်။ ၂၀၁၀ ခုနှစ်ကလည်း အဲဒီဒေသမှာ သံသယဖြစ်ဖွယ် ဦးနှောက်ယောင်ရောဂါ ကြောင့် ကလေးငယ်၃၉၈ ဦးသေဆုံးခဲ့ဖူးပါတယ်။
Ref : RT
Photo : Global Look Press
#voiceofmyanmar #လိုင်ချီးသီး #အိန္ဒိယ