တရားခံလွှဲပြောင်းရေးဥပဒေ အပြီးဖျက်သိမ်းဖို့ ဟောင်ကောင်ရဲဌာနချုပ်ကို ၀ိုင်းထားပြီး ဆန္ဒပြနေကြ

ဟောင်ကောင်၊ ဇွန်-၂၁-၂၀၁၉

မျိုးဆက် (VOM)

 

ဟောင်ကောင်ရှိ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ဟောင်ကောင်ရဲဌာနချုပ်ကို ၀ိုင်းထားပြီး အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေး ဥပဒေကို ဖျက်သိမ်းဖို့ တောင်းဆိုနေကြပါတယ်။

 

ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူတွေကို ငြိမ်းချမ်းစွာထွက်ခွာဖို့ တိုက်တွန်းနေပြီး ဆန္ဒပြသူတွေရဲ့ လုပ်ရပ်ဟာ အရေးပေါ်ဌာနတွေရဲ့ လုပ်ငန်းဆောင်တာတွေကို အပြင်းအထန်ထိခိုက်စေတယ်လို့ ဆိုပါတယ်။

 

မကြာသေးမီ သီတင်းပတ်အတွင်းက အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေး ဥပဒေအပေါ် သန်းပေါင်းများစွာသော ဟောင်ကောင်ပြည်သူတွေ ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင် အကြမ်းဖက်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

 

အဲဒီဥပဒေကြမ်းအရ သံသယရှိသူတရားခံကို တရုတ်ပြည်မကြီးကို လွှဲပြောင်းတာကို ခွင့်ပြုထားပြီး ဆန္ဒပြမှုတွေကြောင့် ဥပဒေကြမ်းအပေါ်ဆွေးနွေးအတည်ပြုခြင်းကို ဆိုင်းငံ့ထားပါတယ်။ ဒီဥပဒေဟာ ဟောင်ကောင်ရဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးအပေါ် ထိခိုက်လာမယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

 

ဒီနေ့ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုကတော့ ဥပဒေကြမ်းကို အပြီးတိုင်ဖျက်သိမ်းဖို့ တောင်းဆိုထားတဲ့ ဟောင်ကောင်တက္ကသိုလ်တွေက ကျောင်းသားတွေပါဝင်တဲ့အဖွဲ့က သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို ဟောင်ကောင်အစိုးရက လျစ်လျူရှုပြီးနောက်တစ်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

သောကြာနေ့မနက်အစောပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ ဟောင်ကောင်အစိုးရရုံးစိုက်ရာ ဥပဒေပြု အဆောက်အအုံပြင်ပမှာ စုဝေးခဲ့ကြပြီးနောက် ရဲတပ်ဖွဲ့ဌာနချုပ်ကို ၀ိုင်းရံဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

 

Ref :BBC

Photo :AFP

 

#voiceofmyanmar # တရားခံလွှဲပြောင်းရေးဥပဒေအပြီးဖျက်သိမ်းဖို့ဟောင်ကောင်ရဲဌာနချုပ်ကိုဆန္ဒပြနေကြ   # ဟောင်ကောင် #

Related posts

✕
VOM News

FREE
VIEW