ဆောမြို့နယ်က ကျောက်မီးသွေးတွင်း ပေါက်ကွဲပြိုကျ

ဆောမြို့နယ်က ကျောက်မီးသွေးတွင်း ပေါက်ကွဲပြိုကျ လို့ လူ ၄ယောက်သေပြီး တွင်းထဲက ၄ယောက်လည်း အခြေအနေမကောင်းဘူး လို့ သိရပါတယ်။

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ်က ကျောက်မြောင်းရွာနဲ့ တမိုင်ကျော်အကွာလောက်က ထွန်းရာဇာ ကုမ္ပဏီကျောက်မီးသွေးလုပ်ငန်းခွင်မှာ မီသိန်းဓါတ်ငွေ့ယိုစိမ့်ပြီး အောက်စီဂျင်နဲ့ဓါတ်ပြုပြီးတော့ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ဒီလိုပေါက်ကွဲမှုဖြစ်ပြီး မြေပြိုကျလို့ လက်ရှိမှာ အလောင်း ၄လောင်းရပြီး အထဲမှာ ပိတ်မိတဲ့ ကျန်တဲ့သူ ၄ယောက်ကိုလည်း ကယ်ဖို့ခက်နေပါတယ်။

ကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေအပြောအရ မနေ့က ၃လောင်းရပြီး ဒီနေ့ ၁လောင် ထပ်ထုတ်လို့ရကြောင်းနဲ့ ကျန်သူ ၄ယောက်လည်း အခြေအနေမကောင်းနိုင်ဘူးလို့ပြောပါတယ်။

ဆောမြို့မရဲစခန်းကတော့ ကျောက်မီးသွေးတွင်း မန်နေဂျာကို လတ်တလောမှာ ပေါ့ဆမှုနဲ့အမှုဖွင့်ထားတယ်လို့ပြောပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ မနေ့မနက်ပိုင်းက အလုပ်သမား ၁၂ယောက်အလုပ်လုပ်နေတုန်း ပေါက်ကွဲပြိုကျလို့ ၄ ဦးက အသက်ဘေးလွတ်ပြီး ၄လောင်းထုတ်လို့ရပေမယ့် ကျန်တဲ့တွင်းထဲပိတ်မိနေတဲ့ ၄ယောက်ရဲ့ကံကြမ္မာကတော့ တွင်းပိတ်နေတာအပြင် ကယ်ဆယ်ရေးပစ္စည်းတွေ အားနည်းနေတာကြောင့် မရေရာပဲဖြစ်နေပါသေးတယ်။

လွန်ခဲ့တဲ့ သြဂုတ်လဆန်းကလည်း စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာမှာ ကျောက်မီးသွေးတွင်းပေါက်ကွဲခဲ့လို့ တရုတ်နိုင်ငံသားတယောက်အပါအဝင် ငါးယောက်သေဆုံးခဲ့ပြီး လေးယောက်ဒဏ်ရာရခဲ့ပါသေးတယ်။

ဓါတ်ပုံ — ဦးကျော်မြင့် (ဆော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)

Related posts

Leave a Comment

VOM News

FREE
VIEW