ကျောက်ဂူဆရာတော် ယာဉ်မတော်မဆမှုကြောင့် ပျံလွန်တော်မူ

မုံရွာ အောက်တိုဘာ ၁၈ ၊ ၂၀၁၈

ဗျဂ္ဃ

ကျောက်ဂူတောရဆရာတော်၊ ရေကြည်စမ်းရေထွက်တောရဆရာတော်လို့ လူသိများပြီး ရဟန္တာလို့ သမုတ်ကာ ယောဒေသတခုလုံးသာမ ရှမ်းပြည်နယ်၊ ပင်လောင်းဒေသ၊ ကလေး၊ တမူး၊ ဖောင်းပြင်၊ မုံရွာ၊ မန္တလေး၊ ပခုက္ကူ စတဲ့နေရာဒေသအစုံကပါ ယုံကြည်ကိုးကွယ်တဲ့ ဆရာတော် ကမ္မဌာနစရိယ ဘဒ္ဒန္တ ဣန္ဒာစရိယ အရှင်သူမြတ်ဟာ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ဓမ္မဒူတခရီးစဉ်တခုက အပြန် အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၀ ကျော်မှာ ယာဉ်မတော်တဆဖြစ်ကာ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။

ယာဉ်မတော်တဆမှုကြောင့် ဆရာတော်မှာ နား၊ နှာခေါင်း သွေးထွက်ဒဏ်ရာ၊ ဝမ်းဗိုက်ညိုမဲဒဏ်ရာတွေရရှိခဲ့သလို ဆရာတော်နဲ့အတူ ကားပေါ်မှာပါလာတဲ့ ဒါယကာ ဦးဆန်းကို ဆိုသူမှာလည်း ဦးခေါင်း၊ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာတွေနဲ့ အခင်းဖြစ်ပွားရာနေရာမှာလည်း သေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ရဲ့သတင်းတွေအရ သိရပါတယ်။

ဆရာတော်က လက်ရှိမှာ သက်တော် ၆၇ နှစ် ရှိနေပြီဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၃၁၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်နေ့၊ နံနက် ၁ နာရီအချိန်မှာ ခမည်းတော် ဦးဖိုးကျော်၊ မယ်တော်ကြီး ဒေါ်ချစ်ယဉ်တို့က မီးရှုးဖွားမြင်ခဲ့ပါတယ်။

လက်ရှိမှာ ပဋိပတ္တိသာသနာ၊ ပဋိဝေဓ သာသနာကို ပြည်တွင်းတင်သာမက ပြည်ပတွေအထိ လှည့်လည်သွားရောက်ကာ နယ်လှည့်ထမ်းဆောင်နေတဲ့ ဆရာတော်လည်းဖြစ်ပါတယ်။ မကြာခင်မှာ ဆရာတော်ရဲ့ သက်တော် ၆၇ နှစ်ပြည့် ဝိဇာတ မင်္ဂလာအထူး တရားစခန်းပွဲကိုလည်း ကလေးမြို့၊ စက်မှုဇုန်ရှိ ကျောက်ဂူကျောင်းခွဲမှာ စည်စည်ကားကားပြုလုပ်ဖို့ ပြင်ဆင်နေချိန်လည်းဖြစ်ပါတယ်။

ဆရာတော်က ကန် ၅ ရွာရေထွက်တောရ၊ ရှမ်းပြည်နယ်၊ ပင်လောင်းရှိ ကျောက်ဂူတောရ၊ ကလေးမြို့ ကျောက်ဂူတောရတွေမှာ တလှည့်စီ လှည့်လည်သီတင်းသုံးနေတာဖြစ်ပြီး စံကျောင်းတော်ကိုတော့ ကန် ၅ ရွာရေထွက်တောရမှာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကတည်းက ပြင်ဆင်ထားရှိပြီးဖြစ်ပါတယ်။

လက်ရှိမှာလည်း ဒေသခံ တပည့်ဒါယကာ၊ ဒါယိကာမတွေက ဆရာတော်ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ပြန်လည်ပင့်ဆောင်နိုင်ဖို့ စီစဉ်နေသလို ကန် ၅ ရွာရေထွက်တောရမှာလည်း ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်နေပါတယ်။ ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ဘယ်တော့ သင်္ဂြိုလ်မယ်ဆိုတာတော့ မသိရသေးပါဘူး။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW